Thursday, February 28, 2008

နေဘုန်းလတ်နှင့် တစ်လအကွာ (အထူးပို့စ် ၂)

ဖမ်းဆီးခံထားရသည်မှာ တစ်လတိတိကြာခဲ့ပြီဖြစ်သော နေဘုန်းလတ်အတွက် ရင်းနှီးသူများမှ ပေးပို့သော ခံစားချက်များ၊ ဆုတောင်းများကို တင်ဆက်ပေးလိုက်ပါသည်။ ဆက်လက်ပေးပို့လျက်ရှိသော စာများကို ဤပို့စ်တွင် ဖြည့်စွက်ဖေါ်ပြပေးသွားပါမည်။ ပေးပို့လိုသူများအနေဖြင့် comment ရေးသား၍ဖြစ်စေ၊ admin.free.npl@gmail.com သို့ဖြစ်စေ ပေးပို့နိုင်ပါသည်။
............................................................................

ကျနော့် အသက် 23 ရှိ ပြီ ကျနော့် ဘ၀ သက်တမ်း တလျှောက် လုံး ကျနော် နဲ့ တူတူ နေလာတဲ့ အကို။ကျနော့် အကို ဟာတသက်လုံးဘာမှမဟုတ်တာ မလုပ် ခဲ့ ပါဘူး ဘယ်သူ.ကို မှ ဒုက္ခ မပေးခဲ့ ပါဘူးဗျာ ခုတော.ဗျာ ဘယ်လိုလူတွေ ကများ သူ. ကို ဒုက္ခ ပေးနေကြတာလဲဗျာ................
ကိုသူ(နေဘုန်းလတ်၏ ညီ)

“သံလွင်အိပ်မက်တွေကို တို့တတွေဆက်မက်ကြမယ်... ဒဏ်ရာတွေဟာ ငါတို့ အတွက် အားမာန်တွေ ဖြစ်စေရမယ်...ဒါပေမယ့် နာကြည်းမှုတွေတော့မဟုတ်ဘူး..အားလုံးကို ခွင့်လွှတ်သည်းခံစိတ်တွေနဲ့ မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး ခရီးတွေဆက်ချီတက်မယ်...လွတ်သင့်တဲ့အချိန်တစ်ချိန်မှာ မင်းပြန်ရောက်လာဖို့ ငါတို့ မျှော်လင့်နေတယ်..”
သံလွင်အိပ်မက်

နေဘုန်းလတ်ရေ...ငါတို့ဟာ ဘယ်အရာကိုပဲ ဖြစ်ဖြစ် အတူတူတွဲပြီးလုပ်ခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်းတွေ မဟုတ်လား။ အခုလောလောဆယ်လည်း မင်းနဲ့ တူတူမရှိနေနိုင်ပေမယ့် ငါ့စိတ်ထဲမှာတော့ မင်းကို အမြဲရှိနေပါတယ်။ တောင့်ထားသူငယ်ချင်း . . .တောင့်ထား..... အဲဒီနေရိပ်တွေ လာမယ့်တစ်နေ့ကို.....
ဇင်ကိုလတ်

ဘာမှ မကြာလိုက်ဘူးထင်ရပေမယ့် ငါတို့ မင်းဘလော့ဂ်ပို့စ်အသစ်တွေ မဖတ်ရတာ တစ်လကြာခဲ့ပြီ။ မင်းအတွက် လုပ်ပေးနိုင်မယ်ထင်တာတွေကို လုပ်ပေးနိုင်တဲ့အတိုင်းအတာအထိ ဘယ်လိုအတားအဆီးတွေ့တွေ့ နောက်မဆုတ်တမ်းလုပ်ပေးသွားမယ်။ မင်းနဲ့ ငါတို့ ပြန်ဆုံတဲ့အခါ .. ငါတို့ရဲ့ မျိုးဆက်သစ်တွေ ဒီလို အိပ်မက်ဆိုးတွေ နောက်ဘယ်တော့မှ မကြုံတွေ့ရအောင် ငါတို့ အတူကြိုးစားကြမယ် သူငယ်ချင်း..။ မကြာခင်ကာလမှာပဲ မင်းရဲ့ အတွေ့အကြုံသစ်တွေကို ဘလော့ဂ်ပို့စ်တွေ အဖြစ် အသွင်ပြောင်းနိုင်မယ့်နေ့ ရောက်မယ်လို့ ငါယုံကြည်ထားလိုက်မယ်။
ညီညီ(သံလွင်)

ထမင်းစားလို့ မင်းမသိတဲ့ဟင်း မစားဘူးတဲ့ဟင်းဆိုရင် နမ်းကြည့်တယ်.. နောက်ပြီး “ငါ့အဘိုးက အဲလိုနမ်းကြည့်ရင် ခွေးတွေကပဲ မစားခင် နမ်းကြည့်တာလို့ “ ရယ်မောပြီး မင်းပြောခဲ့တယ်..
အခုရော ထောင်ထဲမှာ ထောင်ထမင်းထောင်ထမင်းကို မင်းဘယ်လိုစားနေမလဲ..
လောကဓံရိုက်နှက်ချက်တွေကို မင်းကျော်ဖြတ်နိုင်ပါစေလို့..
ငယ်လေး

အပြစ်ရှိတဲ့လူတိုင်း အရေးယူမခံရသလို အရေးယူခံရတဲ့လူတိုင်းကလည်း အပြစ်မရှိနိုင်ပါဘူး။ အပြစ်ကင်းလို့ အရေးယူခံထားရတာ ... ကိုနေဘုန်းလတ် ... အစ်ကိုပဲရှိမယ်ထင်တယ်။ အစ်ကို နှစ်သက်တဲ့ မိသားစုထမင်းဝိုင်း၊ အစ်ကို တောင့်တတဲ့ ဘလော့ဂါစကားဝိုင်းနဲ့ ကျွန်တော်တို့ ပျော်ရွှင်ခဲ့တဲ့ ရက်ပိုင်းတွေ မကြာခင် ပြန်လည်ရရှိနိုင်ပါစေလို့ အလေးအနက်ဆုတောင်းတယ်။
မောင်ပွတ်

နေဘုန်းလတ်ရေ မင်းဘလော့ကမ္ဘာကနေ ဝေးနေရတာ ဒီနေ့ဆို ၁ လပြည့်ပြီပေါ့။ ငါတို့ မင်းကိုမမေ့ဘူး။ ငါတို့ မကျေနပ်ဘူး။ မတရားမှုတွေ မကြာခင်ကွယ်ပျောက်တဲ့ နေ့သစ်ကို ရောက်ကိုရောက်လာရမှာပါ။ မင်းရဲ့လွတ်လပ်မှုသာမက ငါတို့လိုလားတဲ့ အားလုံးရဲ့ လွတ်လပ်မှုတွေဆီကို တို့တွေ မမေ့မလျော့ ခရီးဆက်နေကြဆဲပါ။
ပန်ဒိုရာ

ခင်ဗျား ဟောဒီ တစ်လကို ဘယ်လိုခက်ခဲကြမ်းတမ်းစွာ ကျော်ဖြတ်ခဲ့ရတယ်ဆိုတာ ကိုယ်ချင်းစာပါတယ်.။ ခင်ဗျားအကြောင်း စဉ်းစားတိုင်း အဲ့ဒီ စနစ်ဆိုး ဆိုတဲ့ကောင်ကြီးကို ပဲ ထိုင်ထိုင်ဆဲနေမိတယ်။ အမှန်တရားတွေက မြေသြဇာမကောင်းတဲ့ နယ်မြေမှာ ယက်ကန်ယက်ကန် နဲ့ ရှင်သန်နေရတယ်။ ခင်ဗျား ထိုးဖောက်ထွက်လာမယ်ဆိုတာ ကိုတော့ ယုံကြည်တယ်..။ အဲ့ဒီ နေ့ကို စောင့်နေမယ်..။
တက်စလာ

lone wa sate ma kg bu!
i'm still angry on the f*cking government
ကိုစိုးထက်

well he is one of the pioneer of the burmese blogger community
and he also did alot for the unity of burmese blogger community
so all the bloggers should pay tribute to him
and honor him
kerryht

နေဘုန်းလတ် နင်ဖမ်းခံရတာ ဘာလိုလိုနဲ့  တစ်လပြည့်တော့မယ်။ ငါတို့ လို အပြင်မှာနေနေရတဲ့ သူတွေအတွက်ကတော့ တစ်လဆိုတာ ဘာမှမကြာရှည်လိုက်တဲ့ အချိန်ပေမဲ့  နင့်လို ဒီအာဏာရှင်စစ်ဘီလူးတွေရဲ့  ငရဲတိုက်မှာနေနေရတဲ့ သူအတွက်ကတော့ တစ်လဟာ တစ်ကမ္ဘာလောက်ကြာရှည်မယ်ဆိုတာ နင်လာမပြောပေမဲ့  ငါတို့ သိနေပါတယ် သူငယ်ချင်း...နင်တစ်ယောက်အမြန်ဆုံးဒီငရဲခန်းကလွတ်မြောက်နိုင်ပါစေလို့  ငါဆုတောင်းနေပါတယ်..
မနေနေ(လမ်းပြကြယ်)

Nay Phone Lat, we are proud of having u. Be strong. we are never give up.Let's fight to get freedom for Burma....
မခိုင်

နေဘုန်းလတ်ဟာ ပန်းပျိုးတဲ့လက်လား။ အဆိပ်ခွက်လားတဲ့။
အမေရေ အမေသားဟာ ဥယျာဉ်မှူးပါ်။ အမေ့သားလို လူငယ်များ ရာထောင်သောင်းမက ပေါ်ပေါက်ဦးမှာပါ။ အမေလိုဂုဏ်ယူတတ်တဲ့အမေမျိုးတွေဟာ ကျနော်တို့သားတွေ အတွက် အကြီးအမားဆုံးသောအားပါ။ အမေရင်ကဖြစ်တဲ့သား အမေရင်ကို အမြန်ဆုံးပြန် ရောက်ပါစေသား။
အောင်ကျော်မိုး(ခေတ္တ-လန်ဒန်)

Nay Phone Latt.. We are sorry for you but you are in the history now. Show the whole world.. how strong you are and what you are made of. We will keep fighting until the real freedom comes to our people of Burma. as a parent of a little boy, we pray for all of you to reunite with your family soon.
Ko Nay Lin & Ma Moe (USA)

ကိုကျော်ရေ...အမှန်တရားတွေ ခေါင်းငုံ့နေရတဲ့ လက်ရှိကာလမှာ ကြုံလာသမျှကို ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးရုံကလွဲပြီး တခြားမရှိတော့ပါဘူး။ အကိုရေးခဲ့ဖူးတဲ့ အင်္ဂလိပ်ကဗျာလေးထဲကလို ဘောလုံးကွင်းထဲက ရည်မှန်းချက်တူတဲ့ သူငယ်ချင်းတွေအားလုံးက အကို့ကို မျှော်နေကြပါတယ်။ အကို အမြန်ဆုံး ပြန်လည် လွတ်မြောက်ခွင့် ရပါစေ။
ဆုဝေ

နေဘုန်းလတ်ရေ
ခင်ဗျားကို တကယ် ချစ်တတ်သူတွေ များပါစေကွာ။
မျက်လုံး

နေဘုန်းလတ်နဲ့ တစ်လအကွာတဲ့လား.. ဟင့်အင်းးး.. တစ်ရက်မှ မကွာပါဘူးလေ.. ငါတို့ သူငယ်ချင်းတွေရဲ့ စိတ်ထဲ နင် အမြဲ မကွဲမကွာ ရှိနေပါတယ် သူငယ်ချင်း.. လူမှန် နေရာမှန် အမြန်ရောက်ပါစေ.. ပြည်သူပေးတဲ့ နာမည်၊ နေရာကိုပဲ လူတွေက အဓိက သတ်မှတ်တာပါကွာ.. ဒေါ်စံရှားတင် ပြောသလိုပေါ့.. ပြည်သူပေးတဲ့အကယ်ဒမီ သန်းပေါင်းများစွာ ရပြီးမှတော့ အရုပ်ကို မမက်ဘူးတဲ့..
ခွန်မြလှိုင်

နေဘုန်းလတ် ဖမ်းဆီးခံရခြင်း တစ်လပြည့် အထူးပို့စ် (၁)

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသော နေဘုန်းလတ်အတွက် ပေးပို့သော ကဗျာများကို စုပေါင်း တင်ဆက်ပေးလိုက်ပါသည်။

နေဘုန်းလတ်ကို တွေ့ရင် (၂)

ကျွန်တော်ရင်ကို တိုက်ခတ်သွားတဲ့နွေလေ…တစ်စ ဟာ
အစ်ကိုနေဘုန်းလတ်ဖြစ်နေလိမ့်မယ်လို့… မတွေးမိခဲ့ဘူးအစ်ကို
ဒြပ်မဲ့ကမ္ဘာ ကဗျာစုထဲ မှာ အစ်ကို့ နှလုံးသားနဲ့ထုဆစ်ခဲ့တဲ့
အမေ… ဆိုတဲ့ကဗျာလေး … အဝေးရောက်သားတွေအတွက်
မျက်ရည်စို့ခဲ့ကြတဲ့… မိခင်ကိုယ်စားပေါ့… အစ်ကို နှလုံးသားက
တပါးသူတွေအတွက် အကြိမ်ကြိမ်ငိုခဲ့ရပြီးပြီ…. အစ်ကိုက အနုပညာသမားပါ…
အမှန်တရားကို မြတ်နိုးတယ် မျှတမှုတွေကိုရင်ဘတ်နဲ့ပျိုးတယ်….
အခုတော့…
၂၀၀၈ ရဲ့ ကံဆိုးတဲ့ ဖေဖော်ဝါရီလထဲမှာ အစ်ကိုနဲ့ ကျွန်တော်တို့
မွေးရပ်မြေမှာ နေတွေခြစ်ခြစ်တောက်ပူတယ်အစ်ကို မိုးတွေက အချိန်အခါမဟုတ်ရွာတယ်
မရေမရာနဲ့ ပိတောက်တစ်ချို့တောင်ပွင့်လိုက်သေးတယ်…
ရာသီမသိပန်းနဲ့ညှိဆိုရင်တော့လွဲမှာပဲအစ်ကို…
ဖောက်လွဲဖောက်ပြန် ရာသီတွေကြားမှာ မြေကြမ်းတဲ့ကျွန်တော်တို့မွေးရပ်မြေကို
ရင်ဘတ်နဲ့ ထပ်စိုက်ပျိုးကြတာပေါ့…
မျော်လင့်ချက်တွေနဲ့ နေ့ရက်တွေတည်ဆောက်လို့ အစ်ကိုပြန်လာမယ့်နေ့ကို
သူငယ်ချင်း အားလုံးနဲ့ အစ်ကို မိသားစုကစောင့်နေကြတယ်…
အစ်ကို အမြန်ဆုံးလွတ်မြောက်ပါစေ….။

မိုးလှိုင်ည

.........................................................................................................

မျှော်လင့်.....မျက်ရည်

ခွဲခွာ ခြင်း ရဲ့ သမိုင်းအစ
ဇန်န၀ါရီ ရဲ့ ရက်တရက်မှာ
ဖြစ်ထွန်းခဲ့တယ်
တရက်လား နှုစ်ရက်လား
တလလား နှစ်လလား
လား..ပေါင်း များစွာ ရဲ့အဖြေကို
ဘယ်သူ ခွန်းတုံ့ ပြန်မှာလဲ

ပေးဆပ်ခြင်းတွေ
နစ်နာမှုတွေ
ငိုကြွေးမှုတွေ
တမ်းတမှုတွေရဲ့
အပေါ်မှာ ဘယ်သူတာဝန်ယူမှာလဲ

ဖေဖေါ်ဝါရီရဲ့အဆုံး
နောက်တလရဲ့ အစဟာ
သားလေးရဲ့ အပြန်လမ်းဖြစ်လေမလား
မှန်ကန်မှုအတွက် သားရွေးချယ်မှုတွေဟာ
မှားယွင်းသွားခဲ့လေသလား

အမေအမြင်မှာတော့
သားလေးဟာ အဖြူ
အဖြူ မှအနက်သို့ပြောင်းလဲဖြစ်တည်မှုကို
ဘယ်သူတွေ သတ်မှတ်ခဲ့တာလဲ

ကားတစီး ထိုးအစိုက်
မေ့ သားလေးများ ဖြစ်နေမလား
မျှော်ရည်မှန်းတဲ့ ငိုကြွေးမှုတွေ
မိခင်တစ်ယောက် ရဲ့ မျက်ရည်တွေ
စာနာတတ်ခဲ့ရင်

နောက်တနေ့ ရဲ့ နံနက်ခင်းအလင်းဦးမှာ
သားလေးကို မေမေရင်ခွင်အရောက်
ပို့ဆောင်ပေးပါလား ကံကြမ္မာရယ်……..

ဒေါ်လေးသွယ်( နေဘုန်းလတ်၏အဒေါ် )

.........................................................................................................

ကဗျာဆရာတစ်ယောက်အကြောင်း

တခါတုန်းက …
တိုင်းပြည်ကို အရမ်းချစ်တဲ့
လူငယ်တွေကို တိုးတက်စေချင်တဲ့
မိသားစုကို အချစ်ကြီးတဲ့
မိတ်ဆွေတွေကို ခုံမင်တဲ့
ပရိသတ်ကို လေးစားတဲ့
ကဗျာဆရာတစ်ယောက်
ရှိခဲ့တယ်။

သူ့ရဲ့နှလုံးသားကို ရင်း၍
အနုပညာပန်းတွေကို
ပွင့်လန်းစေခဲ့တယ်။

တနေ့မှာတော့..
ရင်ဘတ်ထဲက လွတ်ကျလိုက်တဲ့
အနုပညာတွေ ပေါင်းစုပြီး
မြို့တော်ကြီးတစ်ခုကို..
သူ..တည်ထောင်ခဲ့တယ်။
အဲဒီ့မြို့တော်နာမည်က…
`ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်´တဲ့..။

အရှိန်နဲ့ တိုက်ပွဲဝင်နေတဲ့
ဧရာဝတီထဲသို့..
ကဗျာဆရာတစ်ယောက်.
မြစ်ငယ်၊ချောင်းငယ်အသွင်နဲ့
ဝင်ရောက်စီးမျောခဲ့တယ်..။

ဒီလိုနဲ့ပဲ..
ဇန်န၀ါရီရဲ့ နေ့လည်တစ်ခုမှာတော့..
ငရဲသားတွေက ကဗျာဆရာကို
အမှောင်တစ်နေရာဆီသို့
ခေါ်ဆောင်သွားခဲ့တယ်..။

ဒီနေ့ဆိုရင်..
သူတို့ ခေါ်ဆောင် သွားတာ
တစ်လတောင် ပြည့်ရောပေါ့..။
သူ့မြို့တော်ကြီးလည်း စောင့်ရှောက်သူမဲ့ခဲ့တာ
တစ်လပြည့်ပြီပေါ့..။
သူလည်း အမှောင်ထဲမှာ ရှင်သန်နေရတာ
တစ်လပြည့်ရောပေါ့..။

မျှော်နေပါတယ်..။
သူ့ရဲ့မြို့တော်ကြီးရော..
သူ.. ချစ်တဲ့မိသားစုကရော..
သူ..တွယ်တာရတဲ့သူငယ်ချင်းတွေကရော..
သူ့ကို လေးစားတဲ့ ပရိသတ်တွေကရော..
သူ… ပြန်လာမယ့်တနေ့နေ့ကို..
မျှော်လင့်နေပါတယ်..။

ယုံလည်းယုံကြည်နေတယ်..
`အမှန်တရားက နိုင်ကိုနိုင်ရမယ်´
`ကိုကျော်လည်း လွတ်မြောက်လာရမယ်´ လို့လေ။

မေပျို

နေဘုန်းလတ် ကဗျာများ (၁)

နေဘုန်းလတ် လက်ရေးဖြင့် ရေးသားထားသော ကဗျာများကို မိသားစုနှင့် နီးစပ်သူတစ်ဦးမှ ပေးပို့ထားပါသဖြင့် မူရင်းအတိုင်း ဖေါ်ပြပေးသွားပါမည်။

Tuesday, February 26, 2008

နေဘုန်းလတ်အတွက် အဒေါ်ဖြစ်သူထံမှ ပေးစာ

နေဘုန်းလတ်အတွက် အဒေါ်ဖြစ်သူ (မိခင်၏ညီမ) မှ ပေးပို့သောစာကို ဖေါ်ပြလိုက်ပါသည်။

ကိုကျော်ရေ
…..ဒီနေ့ဆို မိသားစုနဲ့ဝေးနေရတာ တစ်လနီးခဲ့ပြီနော်

တနေ့မှမမေ့ဘူး ကိုကျော်…မိသားစုပိတ်ရက်ဆို ... တခုခုလုပ်စားလေ့ရှိတယ်နော် ……အဲလိုရက်တွေ ဆို ဖေဖေနဲ့မေမေကလည်း လူစုံလာမှ ကြိုက်တာ …လူမစုံရင် ဖုံးဆက်ခေါ်တတ်တယ်နော် ..အဲဒီအချိန်တုံးက မင်း..တနေရာရာ ရောက်နေရင်တောင် ဖုံးဆက်ခေါ်ရင် ..အပြေးပြန်လာတတ်တယ်နော်

ခုများတော့………..


ကိုကျော်ရေ……..မင်းနဲ့တွေ့တိုင်း ပြောဖြစ်တာက စာပေအကြောင်းတွေများတယ်နောက်

အင်တာနက်အကြောင်း ချက်တင်အကြောင်း နောက် ဘောလုံးပွဲအကြောင်း တွေပေါ့။မင်း

နဲ့ဒို့ ကအကြိုက်ချင်းတူတယ် လေနော် ။မင်းကလီဗာပူးကြိုက်သလို ဒို့ကလည်း လီဗာပူးကို

အသည်းစွဲလေ အဲဒီအသင်းကို ဘာကြောင့်ကြိုက်သလဲဆိုရင် …မိုက်ကယ်အိုဝင်ကို ကြိုက်တာအပြင် သူတို့ရဲ့ဆောင်ပုဒ်လေးကို ကြိုက်လို့ လို့ပြောဘူးတဲ့ မင်းအသံလေးကိုကြားယောင်မိတယ်..အင်း ခုမှသတိရတယ် ဘောလုံးပွဲအကြောင်းတ၀က် တပျက်ရေးထားတဲ့ မင်းရဲ့ ဆောင်းပါးလေးကိုပေါ့ အဲဒီဆောင်းပါးရဲ့ခေါင်းစဉ်ကလေးကတော့….

ကျွန်တော်နှင့်ဘောလုံး တဲ့ ကိုကျော့် ရဲ့စာတွေ စာဖတ်သူတွေနဲ့ ဝေးနေချိန်မှာ အလွမ်းလေးများပြေစေနိုင်ဖို့ ဖော်ပြပေးလိုက်တယ်နော်


အခု ဒီစာကိုရေးနေတဲ့အချိန်မှာ အချိန်က နံနက် ၂ နာရီထိုးခါနီးနေပြီ …။ ဘာလုပ်နေတာလဲဆိုတော့ ၂နာရီ ၁၅မှာလာမယ့် ချန်ပီယံလိဂ်ဘောပွဲ၊ တိတိကျကျပြောရရင် ကျွန်တော်ကြိုက်တဲ့ လီဗာပူးအသင်းရဲ့ သေရေးရှင်ရေးပွဲလာမှာမို့လို့ မအိပ်ပဲစောင့်နေတာလို့ ဖြေရမှာပဲ …။ သေသေချာချာ စဉ်းစားကြည့်ရင် ဘောလုံးပွဲကြည့်ချင်ကြည့်၊ ဒါမှမဟုတ် ဖဲထိုင်ရိုက်ရင်ရိုက် ဒီအလုပ်နှစ်ခုအတွက် ဆိုရင်တော့ မိုးလင်းတဲ့အထိ မအိပ်ပဲ နေမိတာအခါခါလို့ပြောရမယ် …။ အခြား အရာတွေအတွက် ဆိုရင်တော့ ထားလိုက်ပါ … အိပ်ရေးဝအောင်ပဲအိပ်လိုက်တော့မယ်ဆိုတဲ့သူဟာ ကျွန်တော်ပါ။ လူဆိုတာက ကိုယ့်ဝါသနာနဲ့ ကိုယ်လေ …။ ငယ်ငယ်လေးတုန်းက ဘာရယ်ညာရယ် မဟုတ်ဘူး အနီရောင်ဝတ်တဲ့ အသင်းဆိုကြိုက်လိုက်တာပါပဲ (ကျွန်တော်တို့ မြန်မာအသင်းက အနီရောင်ဝတ်တယ်လေ) နိုင်ငံခြားကလပ်အသင်းတွေမှာဆိုရင်တော့ … လီဗာပူးနဲ့ မန်ယူပေါ့ …။ ဒါပေမယ့် နာမည်တွေကိုကြည့်ပြန်တော့ Liverpool , Manchester United … အဲဒီ့မှာမှ လီဗာပူးရဲ့ အဓိပ္ပါယ်လေးကိုပါ သဘောကျပြီး ကျွန်တော် လီဗာပူးပရိသတ်ဖြစ်သွားတာပဲ …။ နောက်တစ်ခုက မိုက်ကယ်အိုဝင် … ငယ်ကလည်းငယ်၊ ဖြောင့်ကလည်းဖြောင့်၊ ဂိုးသွင်းတာကလည်း တော်မှတော်၊ ဒီကောင်ကပါ လီဗာပူးမှာ ကစားနေတော့ ကျွန်တော်ပိုပြီး ခရေဇီဖြစ်သွားတယ်၊ လီဗာပူး အသင်းကို …။ နောက်ပိုင်း you will never walk alone … ဆိုတဲ့ လီဗာပူးအသင်းဆောင်ပုဒ်လေးရဲ့ အနှစ်သာရကို နားလည်တတ်လာတဲ့ အခါမှတော့ လီဗာပူးအသင်းကို ကြိုက်တဲ့စိတ်တွေပိုတိုးလာခဲ့တယ်။ ဘောလုံးကစားခြင်းဆိုတာ စည်းလုံးညီညွတ်ခြင်းရဲ့ အင်အားကို သရုပ်ဖော်ထင်ဟပ်ပြနေတဲ့ ကစားနည်းတစ်ခုပဲလေ


မင်းရေးတဲ့စာလေးကိုဖတ်ပြီးအတွေးလေးတွေပွားမိတယ် သိလား မင်းက စာရေးရင် အကြောင်းအရာတခုကနေ ဆင့်ပွားဖြန့်ကျက်တွေးလေ့ရှိတယ်လေ အဲဒီအတွေးလေးတွေကတဆင့် ဆောင်းပါးလေးတွေ ဖြစ်သွားရော …ခုလည်းမင်းသာ ဒီဆောင်းပါးလေးကို ဆက်ရေးနိုင်မယ်ဆိုရင် ဘာတွေများ ဆက်ရေးမလဲလို့ စိတ်ဝင်စားမိတယ် ဒို့အတွက် သာမန်အကြောင်းအရာလေးတွေဟာ မင်းအတွက် ရေးစရာ ကုန်ကြမ်းတွေ ဖြစ်ဖြစ်သွားတယ်နော်……

ခုများတော့………………………….


ကိုကျော်ရေ…..စနေ့နေ့ညတိုင်း အရမ်းသတိရတယ် မင်းနဲ့တူတူဘောလုံးပွဲကြည့်တိုင်း မင်းနဲ့ ဒို့အကြိုက်

အသင်းဘက်ကဂိုးသွားရင်……


`` ဂိုး တာပဲ ..ဟေ့..´´ လို့


အားပါးတရအော်လေ့ရှိတဲ့ မင်းအသံကို နားထဲကမထွက်ဘူး သိလား၊ နောက် ကိုယ့်အကြိုက်အသင်း ရှုံးခဲ့ရင်တောင် တဘက်အသင်းကို အပြစ်မပြောပဲ ရှုံ့မဲ့မဲ့ မျက်နှာလေးနဲ့ မချိပြုံးလေးပြုံးပြတတ်တဲ့.. မင်းကို အရမ်းလွမ်းတယ်ကွာ……..လူတွေကို အမြဲအကောင်းမြင်တတ်တဲ့ လွတ်လပ်ပေါ့ပါးစွာ ရီမောတတ်တဲ့ မင်းနေရာလွတ်ကလေးကို မိသားစုအားလုံး သတိရတိုင်းမျက်ရည်ဝဲရတယ်ကွာ မင်းသာသိရင် အရင်လိုပဲ ပြုံးပြနိုင်မှာလားဟင်

ခုများတော့………………..


ကိုကျော်ရေ………………အချိန်တိုင်းလေ တိုက်ဆိုင်တာတွေပဲတွေ့တွေ့ သတိရစရာတွေပဲမြင်မြင် မင်းကို သတိရနေတယ် သိလား မင်းကအစားအသောက်လည်း အကောင်းကြိုက်တယ်နော် ထမင်းဆိုလည်း ပျော့ပျော့ပြောင်းပြောင်းလေးမှ ဟင်းဆိုလည်း ပုဇွန်ထုပ်ကြီး ဆီပြန်မှ ကြိုက်တတ်တဲ့ ကလေးရယ် … နောက် မင်းကအနံအသက်တွေကို သိပ်ဂရုစိုက်တာနော် …ဟင်းကအနံ့နဲနဲတမျိုးဖြစ်ရင် နှာခေါင်းတရှုံရှုံနဲ့ ဖြစ်လေ့ရှိတဲ့ သူတစ်ယောက်

ခုများတော့…………….


``မိဘမဲ့ကလေးတွေကို ဘာလှူအုံးမလဲ ´´ လို့ဆော်သြတတ်တဲ့ သူတစ်ယောက် ဘုန်းကြီးကျောင်းတွေမှာ ..ပညာဒါနအနေနဲ့ အချိန်ပိုင်းဆရာလုပ်ပေးတတ်တဲ့ လူတစ်ယောက် ငွေကြေးချို့တဲ့သူတွေ ကို အချိန်ပိုင်းစာလိုက်သင်ပေးရင်း ပျော်မွှေ့သူတစ်ယောက်။ လူငယ်တွေကို စာအရမ်းဖတ်စေချင်လို့ စာအုပ်ဆိုင်လေးကို အရှုံးခံဖွင့်ဘူးတဲ့ သူတစ်ယောက်။ `ကျွန်တော်တတ်နိုင်ရင် စေတနာ့ဆေးရုံလေး တခုလောက်ဖွင့်ပြီး လူနာတွေကို အလကား ကုပေးချင်လိုက်တာ´လို့ ပြောဘူးသူတစ်ယောက်……………

ခုများတော့…………………….


ကျမတို့ရဲ့ ……..ပျောက်ဆုံးသွားတဲ့ မိသားစုကွက်လပ်ကလေးကို ဘယ်တော့များမှ ပြန်ဖြည့်နိုင်မလဲဆိုတဲ့ မရေရာတဲ့ အတွေးတွေနဲ့ မသေချာတဲ့ အနာဂတ်တွေအတွက် မျှော်လင့်စောင့်စားရင်း………


ကိုကျော်ရဲ့ ဒေါ်လေး

Saturday, February 23, 2008

တနေ့နေ့

အင်အားပြင်းထန်လွန်းတဲ့ ဒီရေလှိုင်းတွေ
တိတ်တိတ်ကလေးနဲ့ ကမ်းပါးကို ရိုက်လိုက်တဲ့အခါ..။

ပါးလျပြီး မြိနေတဲ့ သံမဏိ ဓါးတစ်ခုနဲ့
အသံတိတ် ခွဲချလိုက်တဲ့အခါ...။

အမျိုးကိုချစ်ရင် ဒုက္ခရောက်တတ်တဲ့ စနစ်ဆိုးက
အလင်းမြစ်တစ်ခု
မောဟိုက်စွာ စီးဆင်းရသလိုမျိုး..။

ည. သူ့ အမြင်အာရုံဟာ မာကျောနေတဲ့
ကျောက်သားများ ထဲကနေ နက်ရှိုင်းစွာ ထိုးဖောက်နေတုန်း..
သူ့ နားထဲမှာတော့
သံလွင်တလှည့ှ်ဧရာဝတီတလှည့် စီးနေလိမ့်မယ်..။

စိတ်ဓါတ်ကို အကျဉ်းချဘို့
ဘယ်လိုချုပ်နှောင်မှုမျိုး ရှိခဲ့ဘူးလို့လည်း..။

သူတို့ရဲ့ လက်ရိုင်းတွေကြောင့် စုတ်ပြတ်မသွားစေပဲ
ပုံပန်းတကျ ကျစ်လစ်မာကျော စေဖို့ ပြုပြင် ယူခဲ့ပါလိမ့်မယ်..
ပြီးတော့. သူ ဘယ်တော့မှ လွတ်ချမှာမဟုတ်တဲ့ မြို့တော်ကြီး
အပေါ်ကနေ ဖီးနစ်ငှက်တကောင်လို ပျံဝဲလာပါလိမ့်မယ်..။

( နေဘုန်းလတ်အတွက် တက်စလာမှ ပေးပို့ပါသည် )

Wednesday, February 20, 2008

တိုက်တွန်းလိုပါသည်

နေဘုန်းလတ် လွတ်မြောက်ရေးအတွက်
ဆန္ဒပြုထောက်ခံသူများအနေဖြင့် အောက်ပါပုံကို
Gtalk ကဲ့သို့ Chat နှင့် Messenger များတွင်
Custom Image အဖြစ်အသုံးပြုပေးပါရန်
လေးစားစွာ တိုက်တွန်းလိုက်ပါသည်။


Tuesday, February 19, 2008

သား နေဘုန်းလတ် အတွက် အမေ့စာ

နေဘုန်းလတ်မိခင်၏ ပေးစာကို ပြင်ဆင်ဖြည့်စွက်ခြင်းမရှိ ဖေါ်ပြလိုက်ပါသည်။

29.1.08 နေ့လည်မှ စ၍ အမေတို့ မိသားစုတစ်ခုလုံး၏ ရင်ထဲသို့ အပူမီးတစ်ခု ၀င်ရောက်ခဲ့သည်မှာ ယနေ့ဆိုလျှင် ရက်ပေါင်း ( ၂၀ ) တိုင်ခဲ့ပါပြီ။

အတိတ်က ၀ဋ်ကြွေးရှိခဲ့သည် ဟုဆိုလျှင် သားရဲ့ အဖိုး၊ သားရဲ့ အမေ၊ အခုသား လက်ထက်အထိ အဆက်ဆက်ပေးဆပ်ခဲ့ ရပြီးဖြစ်၍ ဒီဝဋ်ကြွေးသည် သားလက်ထက်မှာ အဆုံးသတ်ပါစေဟု အမေ ဆုတောင်းမိပါတယ်။ အမေ့ရဲ့ မြေးမြစ်များ လက်ထက်တွင် ဒီလိုအဖြစ်ဆိုးမျိုး မကြုံဆုံပါရစေနှင့်ဟုသာ အခါခါဆုတောင်းမိပါတယ်။

တကယ်တော့ ရဲစခန်း၊ အကျဉ်းထောင် ဆိုတာတွေဟာ ရာဇ၀တ် ပြစ်မှုကျူးလွန်သူများအတွက်ဟု အားလုံးသိထားခဲ့ကြပါတယ်။ ခုအခါမှာတော့ ဆရာဝန်၊ ရှေ့နေ၊ စာနယ်ဇင်းသမား၊ ကဗျာဆရာ၊ စာရေးဆရာ၊ ကျောင်းသား အစရှိသည့် ပညာတတ်အများ နားခိုရာ နေရာ ဖြစ်နေပါတော့သည်။ တိုင်းပြည်အတွက် တန်ဖိုးရှိပြီး အကျိုးပြု လုပ်ငန်းများ လုပ်ပေးနိုင်သည့် လူများစွာ၏ တန်ဖိုးရှိ အချိန်များကို ပေးဆပ်နေရခြင်းကို အမေ နှမြောနေမိပါသည်။

သားရဲ့ တန်ဖိုးရှိ အချိန်တွေကို အလဟဿ မဖြစ်ပါစေနဲ့။ အိမ်မှာနေရင် မီးလာတာနဲ့ ကွန်ပျူတာရှေ့က မထတတ်တဲ့ အမေ့သားက အခုအချိန်မှာ ရင်ထဲမှာဘဲစာစီနေရပြီပေါ့။ သားရဲ့ ဘလော့ဂ် တနှစ်ပြည့်တဲ့နေ့မှာ သားသူငယ်ချင်းတွေက သားအတွက် ပို့စ်တွေ တင်ပေးကြပါတယ်။ သားအတွက် ၀ိုင်းဝန်းလုပ်ဆောင်ပေးတဲ့ သားရဲ့ သူငယ်ချင်း အားလုံးကိုလည်း အမေ ကျေးဇူးတင်ပါတယ်။

လွန်ခဲ့တဲ့ ၁၀နှစ် အမေဖြစ်ခဲ့တဲ့ အချိန်က ` တစ်ယောက်ကစ တစ်ရာဖြစ်မှာ စိုးလို့´ လို့ သူတို့ ပြောခဲ့ကြတယ်။ အခု သားအလှည့်ကျတော့ ` တစ်ယောက်ကစ တစ်ကမ္ဘာ ´ ဖြစ်နေတဲ့ အတွက် အမေ ကျေနပ်ရမှာပေါ့ သားရယ်။ သားတစ်ယောက် အရာရာကို ကြံ့ကြံ့ခံနိုင်ပါစေ။ ဒူးမထောက် ခေါင်းမငုံ့တဲ့ သားလို့ အမေ ယုံကြည်ပါတယ်။

သားကို မွေးတာ လမစေ့ဘဲ မွေးတော့ ၄၅ ရက်လုံးလုံး သား မငိုတတ်ခဲ့ဘူး။ နေမကောင်းလို့ ဆေးရုံတင်ရတော့ ဆေးထိုးလိုက်မှဘဲ သားနာကျင်ပြီး ငိုကြွေးတတ်ခဲ့တယ်။ အဲဒီတုန်းက ဆေးထိုးလို့ နာကျင်လို့ ငိုခဲ့တာ။ အခုတော့ ဆေးထိုးသလို အဖြစ်ဆိုးတွေကြောင့် သားရင်ထဲမှာ နာကျင်သွားမှာ နာကျည်းသွားမှာ စိုးတယ်။ မေတ္တာတရားနဲ့သာ အရာရာကို အနိုင်ယူပါ သားရယ်။

တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့ အမေ့သားဟာ အကျိုးပြု စာပေတွေသာ ရေးသားခဲ့တဲ့ အတွက် သားစာကို ဖတ်ရသူတိုင်း နေဘုန်းလတ်သည် တိုင်းပြည်အတွက် ပန်းပျိုးသည့် လက်လား၊ အဆိပ်ခွက်လားဆိုတာကို ခွဲခြား သိမြင်နိုင်ပါတယ်။ ဒါကြောင့် သားရောက်တဲ့ နေရာတိုင်းမှာ လူသားချင်း စာနာတတ်တဲ့ သူတော်ကောင်းတွေနဲ့သာ တွေ့ဆုံရပါစေလို့ ဆုတောင်းရင်း …………
အမေ

နေဘုန်းလတ်ကို ထောင်ဝင်စာ တွေ့ခွင့်ရပြီ

ရေးသူ - သန်းထိုက်ဦး

ချင်းမိုင်။ ။ ဘလော့ဂ်ဂါ နေဘုန်းလတ်ကို မိသားစုဝင်များက ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ယမန်နေ့က ပထမဆုံးအကြိမ်အဖြစ် ထောင်ဝင်စာ တွေ့ခွင့်ရပြီ ဖြစ်သည်။

ကိုနေဘုန်းလတ် နေထိုင်ရာ သင်္ကန်းကျွန်းမြို့နယ် ရဲစခန်းက မိသားစုထံ အင်းစိန်ထောင်တွင် ရောက်ရှိသွားကြောင်း အကြောင်းကြားသဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် မိခင် ဒေါ်ခင်သန်းနှင့် အကိုဖြစ်သူက ပထမဆုံးအကြိမ် ထောင်ဝင်စာ တွေ့နိုင်ခြင်း ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူက မဇ္ဈိမကို ပြောသည်။

“၉ နာရီခွဲလောက်မှာ အဲဒီနေရာကို ပစ္စည်းတွေနဲ့ သွားရာကနေပြီးတော့ ဝန်ထမ်းတဦးက ပြောပါတယ်။ တွေ့ခွင့် ရ၊ မရ ဆိုတာ ကျနော်တို့ မသိရသေးပါဘူးတဲ့ ဆိုပြီးတော့ပေါ့နော်။ နောက်ပိုင်းကျ သူတို့က တွေ့ခွင့်ရသွားပြီ ဆိုပြီးတော့ သူတို့ကနေ ဖုန်းဆက်ပြီးတော့ ပေးတွေ့ပါတယ်။ တွေ့ရတော့လည်း ၁၅ မိနစ်လောက်ပဲ တွေ့ရတယ်။ ကျန်းမာရေးကတော့ ကောင်းပါတယ်ပေါ့နော်။ ဘာမှ သိပ်မစိုးရိမ်ရပါဘူး” ဟု သူက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကိုနေဘုန်းလတ်သည် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး၊ သူ့ကို အာဏာပိုင်များက ရက်ပိုင်းမျှ ပြည်ထဲရေး ဝန်ကြီးဌာနတွင် ထိန်းသိမ်းပြီး နောက်ပိုင်း အင်းစိန်ထောင် တိုက်အမှတ် ၁၊ အခန်း ၁ ၌ အခြားတဦးနှင့်အတူ ချုပ်နှောင်ထားသည်။

သူ့ကို ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂ (ခ) ဖြင့် အရေးယူဖွယ် ရှိကြောင်းနှင့် ပြစ်ဒဏ်အားဖြင့် ထောင်ဒဏ် ၆ လ သို့မဟုတ် ဒဏ်ငွေ ကျပ် တသိန်း သို့မဟုတ် ထောင်ဒဏ်နှင့် ငွေဒဏ် တပေါင်းတည်း ကျခံရနိုင်သည့် ပုဒ်မဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူက ပြောသည်။

(အထက်ပါသတင်းကို မဇ္ဈိမသတင်းငှာနတွင် ဖော်ပြထားသော အင်တာနက်လိပ်စာ http://www.mizzimaburmese.com/content/view/621/1/ မှ တဆင့် ရယူပါသည်)

Monday, February 18, 2008

နေဘုန်းလတ် ကိုယ်တိုင်ရေးသော ကဗျာတစ်ပုဒ်

ငါတို့ ပြန်တွေ့ကြမယ် သူငယ်ချင်း

သူငယ်ချင်းရေ… နင်ရေးတဲ့ ကဗျာလေးက နင့်အတွက် ပြန်ဖြစ်သွားမယ်လို့ မရည်ရွယ် မမျှော်မှန်း ခဲ့ကြဘူး။ ဒါပေမယ့် ငါတို့ပြန်တွေ့ကြမယ် သူငယ်ချင်း။ ပြန်တွေ့ဖြစ်အောင် တွေ့ကြမယ်။


ကောင်းကင်ပြာကို
တိမ်ညစ်တို့ အုပ်စိုး
ပြီးတော့ ..
အက်ဆစ်မိုးတို့ ရွာချ
ဘ၀တွေ နစ်မွန်း သွားကြတယ်။

ကျေးငှက်တွေက အတောင်ပံတွေကို တမ်းတ
ပန်းပွင့်တွေက ရနံ့တွေကို သတိရ
စမ်းချောင်းတွေက စီးဆင်းခွင့်တွေကို မျှော်လင့်ကြရင်း
စိတ်ကူးတွေကို မြိုသိပ်
တိတ်တဆိတ် ခရီးဆက်ကြတယ်။

တနေ့နေ့ပေါ့…
တိမ်ညစ်တို့ ဖရိုဖရဲ
မိုးစက်တွေ စဲမယ့် တစ်နေ့
ငြိမ်းချမ်းခြင်းရဲ့ ရှေ့မှာ
ငါတို့ ပြန်တွေ့ကြမယ်။ ။

နေဘုန်းလတ်

(ကဗျာကို ခွန်မြလှိုင် http://khunmyahlaing.myanmarbloggers.org/2008/02/blog-post_7513.html ထံမှ ကူးယူဖေါ်ပြသည်)

Sunday, February 17, 2008

ကျွန်တော်တို့ လွှတ်မချနိုင်တဲ့ မြို့တော်သို့ အ၀င်

သူငယ်ချင်းနေဘုန်းလတ် .. မင်း အဖမ်းခံလိုက်ရတယ်ဆိုတာ ကြားကြားချင်း စိတ်ထဲ အတော်လေး မကောင်းဖြစ်သွားတယ်။ မဟုတ်ပါစေနဲ့လို့လဲ ဆုတောင်းနေမိတယ်။ မင်း စင်္ကာပူကို အလည်ခဏလာပြီး ပြန်သွားတာတောင် မကြာသေးဘူး မဟုတ်လား။ ညနေရောက်တော့ အဲဒီသတင်းက သေချာသွားပြီတဲ့။ ငါကဗျာတစ်ပုဒ်ရေးဖြစ်တယ်။ အမှတ်မထင် လွှတ်ကျသွားတဲ့ကဗျာတဲ့။ မင်းစင်္ကာပူ ခဏလာရဦးမယ်လို့ ငါ့ကို ဂျီတော့မှာ ပြောတော့ ငါ့မင်္ဂလာဆောင်အတွက် အလှဓာတ်ပုံသွားရိုက်မယ့်နေ့ အမီ လာခဲ့လို့ ငါမှာ လိုက်သေးတယ်။ ဒါနဲ့ ငါ့ မင်္ဂလာဆောင် မတိုင်ခင် တစ်လလောက် အလိုမှာ မင်း ရောက်လာပြီး အလှဓာတ်ပုံတွေ သွားရိုက်တော့ မင်းရယ် ဇင်ကိုလတ်ရယ်က ဓာတ်ပုံဆရာတွေ .. ဗီဒီယိုကင်မရာသမားကတော့ မောင်ပွတ်ပေါ့လေ။ အားလုံးပျော်ပျော်ပါးပါး .. စကြနောက်ကြ ဓာတ်ပုံတွေရိုက်ကြနဲ့ နေ့လည်ကတည်းက သွားလိုက်တာ ည ၃ နာရီထိုးခါနီးမှ ငါတို့ အိမ်ပြန်ရောက်ကြတယ်။ လေယာဉ်လက်မှတ်က တစ်လလက်မှတ်ဆိုတော့ ငါ့ မင်္ဂဆောင်ကို တက်ရောက်အားပေးဖို့ မင်း အချိန်မမီဘူးဖြစ်နေတာနဲ့ ဖြစ်နိုင်ရင် ပြန်မယ့်ရက် နောက်ရွှေ့လိုက်ဖို့ ငါပြောသေးတယ်။ ဒါပေမယ့် တိုက်ဆိုင်စွာပဲ မင်းရဲ့ကိစ္စတစ်ခုကြောင့် ပြန်မယ့်ရက်ကို နောက်ရွှေ့လိုက်ရတယ်။ ငါ့ မင်္ဂလာဆောင်နေ့က ကင်မရာကိုယ်စီလွယ်ပြီး မင်းတို့တတွေ မှတ်တမ်းတင်ပေးခဲ့တာ ငါ ပြန်မြင်နေတုန်းပဲ။ ငါ ဟန်နီးမွန်းက ပြန်လာပြီး နောက်တစ်ရက်မှာ မင်း ရန်ကုန်ပြန်တယ်။ ငါလည်း ခရီးပန်းနေပြီး ညဥ့်အတော်နက်မှ ပြန်ရောက်လို့ နောက်တစ်နေ့ မနက်အစောကြီး မင်းပြန်တော့ လေဆိပ်ကို လိုက်မပို့ မိလိုက်ဘူး။ ငါနိုးတော့ ငါ့မိုဘိုင်းဖုန်းထဲမှာ မင်းပို့ထားတဲ့ sms က Goodbye Friend တဲ့။ မင်း ငါ့ကို သတိတရ နှုတ်ဆက်သွားခဲ့တယ်။

သူငယ်ချင်းနေဘုန်းလတ် .. မင်းတို့ ဇင်ကိုလတ်တို့ သူငယ်ချင်းတစ်စုရယ် ငါရယ် မန္တလေး၊ မေမြို့ဘက်ကို ခရီးအတူထွက်ခဲ့ကြတာ ငါ အမှတ်ရတုန်းပဲ။ ငါတို့ အားလုံး ရထားကြီး စီးလို့ပေါ့။ ငါ့မိဘတွေနဲ့ သွားတိုင်း အထူးတန်းက စီးခဲ့ရပေမယ့် အဲဒီ ခရီးစဉ်မှာတော့ တတ်နိုင်သူရော မတတ်နိုင်သူရော အဆင်ပြေအောင် အားလုံး ရိုးရိုးတန်းက သွားကြဖို့ သဘောတူခဲ့ကြတယ်။ ရိုးရိုးတန်းကနေ ဘယ်လိုမျိုးသွားရပါ့မလဲလို့ ထင့်နေတဲ့ ငါ့အတွေးတွေဟာ ရထားပေါ်ရောက်ပြီး သိပ်မကြာခင်မှာပဲ ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားခဲ့တယ်။ ငါတို့တတွေ ကိုယ်သန်ရာသန်ရာ ငြင်းခုံကြ၊ စကားဝိုင်းဖွဲ့ကြနဲ့ ရထားတစ်တွဲလုံး ငါတို့ အဖွဲ့ရဲ့ အသံတွေနဲ့ပဲ ညံနေခဲ့မယ် ထင်ပါရဲ့။ ရထားလူစီးတွဲက လူသွားလမ်းမှာ ပုဆိုးအဟောင်းလေးတွေ ခင်းပြီး ငါတို့တွေ အပျော်တမ်းဖဲကစားခဲ့ကြတာလည်း မှတ်မိသေးတယ်။ မေမြို့တက်တော့လည်း လမ်းတစ်လျှောက်လုံး ငြင်းခုန်သွားလိုက်တာ ကားပေါ်က လူတွေ အတော်နားငြီးခဲ့မယ် ထင်တယ်။ ခုခေတ် ဆယ်ကျော်သက်လူငယ်လေးတွေ ကားပေါ်မှာ ရထားပေါ်မှာ အဲဒီလို ဆူညံငြင်းခုန်နေတာ မြင်တိုင်း ငယ်ငယ်က ငါတို့တွေ ငြင်းကြခုန်ကြ စကားနိုင်လုခဲ့ကြတာတွေကို ပြန်ပြောင်းသတိရမိတယ်။ ပြီးတော့ အဲဒီတုန်းက ငါ ဂစ်တာ မတီးတတ်သေးဘူး။ မင်းကတော့ အဲဒီကတည်းက ဂစ်တာ အတော်လေး တီးဖြစ်နေပြီ။ အဲဒီကတည်းက ဖွဲ့ဆိုချင်တဲ့ သံစဉ်ချိုတွေကို ရင်ဘတ်ထဲ ကိုက်မျိုထားတဲ့ ကြိုးပြတ်နေတဲ့ ဂစ်တာတစ်လက်ဟာ မင်းဖြစ်ခဲ့သလား။

သူငယ်ချင်းနေဘုန်းလတ် .. မင်းစင်္ကာပူမှာ ရှိနေခဲ့တဲ့ ကာလတစ်ခုက တိုက်ဂါးဖလား ဘောလုံးပွဲရဲ့ ဆီမီးဖိုင်နယ်ကို ငါတို့ အတူသွားကြည့်ခဲ့ကြတာ မင်း မှတ်မိသေးလား။ ငါတို့ တစ်ဖွဲ့လုံး မြန်မာဆိုတဲ့ ခေါင်းစီးတွေစည်း မျက်နှာမှာ နှုတ်ခန်းနီတွေ ခြစ်ပြီး ကမ္ဘာမကြေအတူအော်ဆိုရင်း မြန်မာအသင်းကို မိုးရေတွေ ကြားထဲ အတူအားပေးခဲ့ကြတယ်။ စင်္ကာပူနဲ့ကန်တဲ့ အဲဒီပွဲမှာ မြန်မာအသင်းရှုံးသွားတော့ မင်းတို့ငါတို့ အားလုံး မကျေမနပ်နဲ့ ဒေါတွေပွနေခဲ့ကြတယ်။ အဲဒီတုန်းကတော့ စစ်ရှုံးလို့ သုံ့ပန်းမဖြစ်ချင်ဘဲ ဖြစ်သွားရတဲ့ မကျေမချမ်းဖြစ်နေတဲ့ တိုက်ပွဲဝင်တွေ အတိုင်းပဲ။ မင်းတို့ ငါတို့တွေဟာ ရှုံးရှုံးနိုင်နိုင် မြန်မာဘောလုံး အသင်းကို ချစ်တယ်။ အခြေအနေမလှလို့ မြန်မာပြည်နိမ့်ကျနေခဲ့ရပေမယ့် ရေခြားမြေခြားမှာ မြန်မာနိုင်ပြီဆိုပြီး ဂုဏ်ယူစွာနဲ့ ပြိုင်တူ ဟစ်ကြွေးချင်ခဲ့ကြတယ်။ ဘောလုံးဝါသနာထုံတဲ့မင်းဟာ ငါတို့ ပုဂံအလည်သွားကြတော့ ညစာစားနေတုန်း တီဗီကနေ တိုက်ရိုက်အသံလွှင့်တဲ့ မြန်မာအသင်းကန်တဲ့ပွဲကို ကြည့်ဖို့ ထမင်းကို အမြန်စားပြီး တီဗီရှေ့မှာ ငေးမော အားပေးနေခဲ့တာ ငါ သတိရသေးတယ်။ အင်္ဂလိပ်ပရီးမီးယားလိဂ်က ကြိုးကြာနီ လစ်ဗာပူးအသင်းကို အားပေးတဲ့ မင်းအတွက် ကြိုးကြာနီတို့ရဲ့ ဆောင်ပုဒ်အတိုင်း .. "You'll never walk alone" လို့ ငါ ရေရွတ်လိုက်မိတယ် သူငယ်ချင်း .. ။

သူငယ်ချင်းနေဘုန်းလတ် .. မင်းဘလော့ဂ် စရေးဖြစ်ပုံလေး မှတ်မိသေးလား။ ငါ ဘလော့ဂ်ပြန်ပြီး အရေးစိတ်လာတဲ့ ကာလတစ်ခုမှာ အသစ်တင်တိုင်း မင်းကို ပြဖြစ်ခဲ့တယ်။ မင်းကိုလည်း ဘလော့ဂ်ရေးဖို့ တိုက်တွန်းအားပေးခဲ့တယ်။ လိုအပ်တဲ့ နည်းပညာပိုင်း အကူအညီ ငါလုပ်ပေးမယ်လို့ လိုလိုလားလား ပြောဖြစ်ခဲ့တယ်။ မင်း ဘလော့ဂ်မရေးခင်ကတည်းက မင်းက စံပယ်ဖြူမဂ္ဂဇင်းမှာ လူငယ်တွေဖတ်ဖို့ ရည်ရွယ်ပြီး ပင်တိုင်ဆောင်းပါးတွေ ရေးနေတဲ့ စာရေးဆရာတစ်ယောက် ဖြစ်နေပြီ။ မင်း ဘလော့ဂ်ရေးမယ်ဆိုရင်လည်း လူငယ်တွေအတွက် အကျိုးဖြစ်စေတဲ့ စာတွေ ရေးဖြစ်မှာပဲလို့ ငါယုံကြည်ပြီးသားပါ။ တစ်ယောက်တည်း ရေးရမှာ ပျင်းတယ်ဆိုပြီး မင်းနဲ့ ညီအစ်ကိုလို ခင်တဲ့ ဇင်ကိုလတ်ကိုပါ အဖော်ညှိပြီး မင်းတို့ နှစ်ယောက်လုံး
မရှေးမနှောင်းမှာပဲ ဘလော့ဂ်တွေ စပြီး ရေးဖြစ်ကြတယ်။ မင်းဘလော့ဂ်ရဲ့ နာမည်က ကဗျာဆန်ဆန်.. “ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်” တဲ့။ တစ်နှစ်တာ ကာလအတွင်းမှာပဲ မင်းရဲ့ လွတ်ကျခဲ့တဲ့မြို့တော်ကို မင်း အင်တာနက်ပေါ် ရောက်အောင် အောင်မြင်စွာ ဆွဲတင်နိုင်ခဲ့တယ်။ မင်းရဲ့ ကိုယ်ပိုင်မြို့တော်ကို မင်းရဲ့ စိတ်ကူးစိတ်သန်း မင်းရဲ့ အနုပညာနဲ့ တခမ်းတနားဆောက်ပြခဲ့တယ်။ အလင်းနဲ့ရေးတဲ့ပန်းချီဆိုတဲ့ ဓာတ်ပုံဘလော့ဂ်လေးတစ်ခုကိုလည်း မင်းဖန်တီးနိုင်ခဲ့တယ်။

သူငယ်ချင်းနေဘုန်းလတ် .. ငါ့ဘလော့ဂ်မှာ မင်းရဲ့ မွေးနေ့ပို့စ်ဆိုပြီး အမှတ်တရ တင်တော့ လွတ်ကျခဲ့တဲ့မြို့တော်မှ မြို့စားကြီးနေဘုန်းလတ်အတွက် ဆိုပြီး နောက်ပြောင်ခေါ်ခဲ့တာကနေ မြို့စားကြီးဆိုပြီး နာမည်တွင်သွားခဲ့တာ မင်း မှတ်မိပါ့ဦးမလား။ ဘလော့စာအုပ်အတွက် ၀ိုင်းဝန်းလုပ်ကိုင်ကြရင်း အစစ အနစ်နာခံတာဝန်ယူတတ်တဲ့ ဦးဆောင်တတ်တဲ့ မင်းရဲ့ အရည်အချင်းကို ငါ ဘယ်လိုမှ အသိအမှတ် မပြုဘဲ မနေနိုင်ခဲ့ဘူး။ ရန်ကုန်မှာ ဘလော့ဂ်ဂါတွေ အချင်းချင်း ရင်းနှီးခင်မင်မှုရှိအောင် တွေ့ဆုံပွဲတွေ လုပ်ခဲ့ရာမှာလည်း မင်း အဓိကဆောင်ရွက်ပေးခဲ့တယ်။ ဘလော့ဂ်နေ့ အထိမ်းအမှတ် Seminar ကို ရန်ကုန် MICT Park မှာ လုပ်ခဲ့တော့လည်း မင်း အစအဆုံး တာဝန်ယူလုပ်ပေးခဲ့တယ်။ MRTV4 နဲ့ အင်တာဗျူးလုပ်ဖြစ်ခဲ့တဲ့ ကိစ္စမှာလည်း မင်းပဲ ရှေ့ထွက်ခဲ့တယ်။ မင်း တာဝန်ယူထားတဲ့ ကိစ္စတွေကို ပြီးစလွယ် ဖြစ်သလို မလုပ်တတ်တာ၊ ပြီးမြောက်အောင် အသေအချာလုပ်ပေးတတ်တာတွေကြောင့်လည်း မင်းတာဝန်ယူမယ်ဆိုတာနဲ့ ငါအပါအ၀င် မင်းနဲ့ ရင်းနှီးခင်မင်တဲ့ အခြား ဘလော့ဂ်ဂါတွေ အားလုံးက စိတ်ချပြီးသားပဲလေ။

သူငယ်ချင်းနေဘုန်းလတ် .. ငါတို့ ငယ်ငယ် အထက်တန်းကျောင်းသားဘ၀က ကဗျာစာအုပ်တွေ စုထုတ်ကြကတည်းက ဇင်ကိုလတ်နဲ့ ငယ်ပေါင်းလိုဖြစ်နေတဲ့မင်းနဲ့ ငါ လူချင်းမရင်းနှီးပေမယ့် အနုပညာချင်း ရင်းနှီးခဲ့ကြတယ်။ မင်းရဲ့ကလောင်နာမည်က နွေလေ တဲ့။ ငါတို့ ဒြပ်မဲ့ကမ္ဘာ (၁) (၂) ဆိုပြီး ကဗျာစာအုပ်တွေ အတူ ထုတ်ဖြစ်ကြတယ်။ အဲဒီ ကဗျာစာအုပ်လေးတွေ ငါ ခုထိ သိမ်းထားတုန်းပဲ။ မင်းရေးဖူးတဲ့ ကဗျာတစ်ပုဒ်ထဲကလို မင်းပြန်လာမယ့်နေ့ကို မင်းအမေသာမက မင်းရဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ စာဖတ်ပရိသတ်တွေက မင်းကို ဘယ်တော့မှ လွှတ်မချဘဲ စောင့်နေကြမယ်ဆိုတာ အသေအချာပဲ သူငယ်ချင်း...။ ။

........
ဒီလိုနဲ့ပဲ
နှစ်လတွေဟောင်း ရာသီပြောင်းလေတော့
ယုံကြည်မှုတစ်ခုအတွက် သားခရီးထွက်ခဲ့ရပြီ အမေ
ရိုင်းစိုင်းတဲ့ မုန်တိုင်း တိုက်ခတ်ကြမ်းပုံက
အန်တုသူမှန်သမျှ ဖဲ့ခြွေခံရသတဲ့လေ
အဝေးတစ်နေရာက ကြယ်စင်တွေ ကြွေကျခဲ့တာ
အမေ မသိလိုက်လေတော့
အခုအချိန်ဆို မျှော်လင့်ချက်တွေနဲ့ နေ့ရက်တွေတည်ဆောက်
သားပြန်လာမယ့်နေ့ကို အမေစောင့်နေမှာပဲနော်။ ။

(နွေလေ၏ “အမေ” ကဗျာမှ )

(စာကို ညီညီ(သံလွင်) http://nyinyithanlwin.blogspot.com/2008/02/blog-post_16.html ထံမှ ကူးယူဖော်ပြသည်။)

Friday, February 15, 2008

ကူညီတတ်သော နေမျိုးကျော် (ခ) နေဘုန်းလတ် အတွက် အဖေ့ပေးစာ

နေဘုန်းလတ်အတွက် ဖခင်ဖြစ်သူကိုယ်တိုင်ရေးသား ပေးပို့သောစာကို ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

သားတစ်ယောက်အချူပ်အနှောင်ခံရပြီဆိုကတည်းက အဖေတစ်ရောက်အနေဖြင့် ခံစားရပါသည်။ အဖေ့အတွက် သိရသလောက် နေမျိုးကျော်ဟာအများအကျိုးအတွက်ကို အမြဲကူညီဆောင်ရွက် ပေးနေသူ တစ်ဦးပါ။ ပရဟိတဘုန်းကြီးကျောင်းတွေမှာသူ့သူငယ်ချင်းအပေါင်းအသင်းတွေနဲ. ပေါင်းပြီး လိုအပ်တာတွေ လှူဒါန်းခဲ့တာတွေ၊သွေးလှူရှင်တွေစုစည်းပြီးလိုအပ်တဲ့အခါ သွေလှူဒါန်းတာတွေ၊ ငွေကြေးမတတ်နိုင်သူတွေကို ပညာဒါနပေးလှူခဲ့တာတွေ ကောင်းတာတွေချည်း လုပ်နေသူပါ။ သူ့ကို ဘယ်သူကအကူအညီ တောင်းတောင်း ခေါင်းခါပြီး မငြင်းဘူးခဲ့သူပါ။ အဲဒီလိုအကူအညီပေးတတ်တဲ့သား နေမျိုးကျော် ဟာ ဘ၀နဲ့ရင်းပြီး ခံစားနေ ရပါပြီ်။ ဗုဒ္ဒဘာသာလူမျိုးတစ်ယောက်အနေနဲ. ၀်ကြွေးရှိ ခဲ့လို့ ခံရတာပဲလို့ ဖြေသာပေမဲ့ အဖေတစ်ယောက် အဖို့ အများအကျိုးဆောင်ရွက်ပြီး မကောင်းတာဘာမှမလုပ်ခဲ့တဲ့ သားအတွက် ခံစားချက်က ပြင်းထန်လှ ပါတယ်။

မွေးပြီး ၁ နှစ်နဲ့ ၆ လ လောက်ကတည်းက အဖေနဲ့ အတူ အိပ် အတူစား ၊ ညဘက်မအိပ်တတ် ကလေးဘ၀ကတည်းက အဖေနဲ့ အတူညဘက်ကစားပြီး ၊ ညအချိန်တွေကို ကျော်လွှားခဲ့တဲ့ ဖအေ နဲ့ သား ဘ၀ပါ။ ဘယ်သူမွေးတာလဲ မေးတာတောင် အဖေမွေးတာလို့ သိတတ်တဲ့ အချိန်ထိ ဖြေနေ သေးတဲ့သားပါ၊ အဲဒီလို သား ဟာဘာမှန်းမသိတဲ့ ကိစ္စလေးတစ်ခုနဲ့ ကံကြမ္မာရဲ့သားကောင်ဖြစ်ခဲ့ရပြီး အကျဉ်းအကျပ်ထဲ ရောက် ခဲ့ရတာပါသားရယ်....။

အဖေဘယ်လိုဖြေရမလဲသားရယ် ......... ၊ စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်၊ အိပ်လည်းဒီစိတ်နဲ့ ဖြေစရာ မရှိခဲ့ပါဘူး၊ အဖေ ထမင်းစားချိန်ဆိုရင် သားတစ်ယောက် ပန်းကန်ခွက်ယောက် မပြည့် မစုံနဲ့ ထမင်းစားနေရတာတွေ အဖေအိပ်တော့လည်း အဖေ့မှာမွေှ့ယာ ခြင်ထောင်အပြည့် သားမှာ သံမံတလင်းကို မွှေ့ယာထားပြီး ခြုံစရာစောင်မရှိ အေးမြတဲ့အချမ်းဒါဏ်ကိုခံစားပြီး အိပ်နေ ရတဲ့အဖြစ်၊ စားတိုင်းအိပ်တိုင်း တွေးမြင်နေရတဲ့ အဖေ့မှာ ဘယ်လိုအိပ်လို ဘယ်လိုစားနိုင်မှာလဲ အချိန်နဲ့အမျှ သွားမှုလာမှု နေထိုင်မှု ဒုက္ခအ စုစုကို ခံစားနေရတာကို အဖေအချိန်နဲ့အမျှ ခံစားနေရတာပါ အကျဉ်းအကြပ်ထဲမှာ သားဘယ်လိုခံစား နေရမလဲလို့ သားမရှိတဲ့နေ့ကတည်းက အဖေတွေးပြီး ခံစားနေရတာပါ။ ဒါတွေဟာ ချစ်ခြင်းရဲ့ဒုက္ခတွေ ဘဲပေါ့။ သားကိုအဖေကချစ်တာကို။

ခေတ်စနစ်ရဲ့ ဆိုးဝါးတဲ့ထဲမှာ မှန်တာပြော ဟုတ်တာလုပ်တဲ့သူတွေ အကျဉ်းကျခံနေရတာ ရင်နာစရာပါ။ ဒီခေတ်ဒီစနစ်ကြီး ဘယ်တော့ပြီးဆုံးသွားမှာလဲ။ အမြန်ဆုံး ပြီးဆုံးချင်ပါပြီသားရယ်။ သားနဲ့ပါတ်သတ်ပြီး သားရေးတဲ့စာတွေကို အဖေဖတ်သလို အများလည်းဖတ်စေချင်ပါတယ်။ နေဘုန်းလတ်ဆိုတဲ့ ကလောင်အမည် နဲ့ သားရေးခဲ့တဲ့စာတွေဟာ အင်တာနက် ကွန်ပျူတာသုံးတဲ့သူတွေ ဗဟုသုတ တိုးတက်စေဖို့ အတွေးအမြင် ကျယ်စေဘို့ ရေးခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးစာတွေ ဆိုတာ အဖေနားလည်ပါတယ်။ အဲဒီလိုတိုင်းပြည်အပေါ် စေတနာထားတဲ့ သူမျိုးကို အငြိုးတကြီး မတွေ့ရ မမြင်ရ အကျဉ်းခံထားထားတာကိုတော့ အဖေဘယ်လိုမှနား လည်လို့မရဘူး။ တစ်ချိန်ချိန်မှာ တိုင်းပြည်အပေါ် စေတနာထားလုပ်တတ်တဲ့သူတွေ တိုင်းပြည်သာယာဖို့အနစ် နာခံတတ်တဲ့သူတွေ ကိုယ်ကျိုးစွန့်ပြီး အများကောင်းစားဖို့ စိတ်စေတနာရှိကြတဲ့သူတွေ ပေါများလာပြီး တိုင်း ပြည်ကြီးပြုပြင် ပြောင်းလဲလာပါစေဟု ဆုတောင်းရင်း သားအတွက် ရင်နှင့်အမျှ ခံစားနေရတဲ့ အဖေ ဒီစာကို ရပ်နားလိုက်ပါရစေ...။


သားကိုချစ်တဲ့

အဖေ

Thursday, February 14, 2008

နေဘုန်းလတ်ကိုတွေ့ရင်

နေဘုန်းလတ်ကိုတွေ့ရင်

ကျွန်တော်တို့ကို ပြန်ပေးပါ …

အစ်ကို

ခင်ဗျားအခုဘယ်ရောက်နေလဲ…။

လူ့အဖွဲ့အစည်းကိုချစ်တဲ့

စာရေးဆရာ ကဗျာဆရာတစ်ယောက်

လူ့အဖွဲ့အစည်းကို ပစ်ပြေးမယ်ဆိုတာ

ကျွန်တော် မယုံဘူးအစ်ကို…။

ခင်ဗျားရဲ့စိတ်ထားတွေ

ခင်ဗျားရဲ့ ဖြောင့်မတ်မှုတွေ

ခင်ဗျားနဲ့ကျွန်တော်တို့အတူ

ကလေးတွေကို ကူညီဖူးတယ်…

တိုင်းပြည်ရဲ့အနာဂတ်တောက်ပလာဖို့

ခင်ဗျား ကိုယ်အားဥာဏ်အားတွေနဲ့

အပြင်းအထန်ကြိုးစားခဲ့တယ်

ခင်ဗျားပင်ပန်းလွန်းလို့ လဲပြိုမတတ်အချိန်မှာတောင်

ခင်ဗျားက အပြုံးမပျက်ဘူး…

ကျွန်တော်ယုံတယ် ခင်ဗျားရေးခဲ့တဲ့စာ

ခင်ဗျားထားခဲ့တဲ့စေတနာတွေ

ဘယ်တော့မှတန်ဖိုးလျော့မသွားဘူး…

ခင်ဗျားရဲ့ကလောင်တစ်ချောင်းကို

ဘယ်တော့မှမလွတ်ချဘူးဆိုတာ

ကျွန်တော်သိတယ်…။

“ငါက စာပဲအေးအေးဆေးဆေးရေးချင်တာပါ”

အမှန်တရားအတွက် အင်အားတွေ

လိုအပ်လာတဲ့အခါ

ခင်ဗျားခပ်အေးအေးမနေနိုင်တော့ဘူး

တကယ်တော့

ခင်ဗျားဟာ ကောင်းကင်ဘုံတံခါးဝကလူ

အခု

အမှန်တရားအတွက် ကျွန်တော်တို့ချစ်တဲ့

ကလေးငယ်တွေအတွက်

တိုင်းပြည်ရဲ့အနာဂတ်အတွက်

မလွှဲသာမရှောင်သာ ငရဲသားတွေနဲ့

ဆက်ဆံနေရပြီလား…။

ဂျီတော့ခ်က ခင်ဗျားအမည်ဘေးမှာ

offline မက်ဆေ့ခ်ျကို မြင်ရတာနဲ့

ကျွန်တော်တို့ အပြင်းအထန်ကြေကွဲနေရတယ်

ကျွန်တော်တို့နှလုံးသားတွေမှာ

ခင်ဗျားလွတ်ကျလို့မဖြစ်သေးဘူး…။

(ကဗျာကို မိုးလှိုင်ည http://moehlaingnya.blogspot.com/2008/02/blog-post.html ထံမှ ကူးယူဖေါ်ပြပါသည်)

ကမ္ဘာတလွှား နေဘုန်းလတ် သတင်းများ

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသော ဘလော့ဂါ နေဘုန်းလတ်အကြောင်းကို ကမ္ဘာအရပ်ရပ်မှ ဘလော့ဂါများကလည်း သက်ဆိုင်ရာ ဘာသာများဖြင့် တင်ဆက်ရေးသားထားသည်ကို အောက်ပါလင့်ခ်များတွင် ဖတ်ရှုနိုင်ပါသည်။

အမေရိကန်
http://blogs.takepart.com/2008/01/31/burmese-blogger-arrested-by-myanmar-junta/

အီတလီ
http://yayoblog.altervista.org/index.php?entry=entry080131-221033

အီတလီ (အင်္ဂလိပ်ဘာသာဖြင့်)
http://dinosweblog.wordpress.com/2008/01/31/nay-phone-latt-about-censorship/

တရုတ်
http://chinagfw.blogspot.com/2008/01/blogger-arrested-as-regime-steps-up.html

ဂျာမနီ
http://senfundkren.wordpress.com/2008/01/31/burma-ist-nicht-die-welt-aber-26/

ဒတ်ခ်ျ (နယ်သာလန်)
http://aboutblank.nl/archive/2008-01-31/Myanmar_begint_opnieuw_met_jac

စပိန်
http://birmania-libre.blogspot.com/2008/01/ahora-contra-los-bloggers.html
http://hyperpotamus.wordpress.com/2008/01/31/burmese-bloggers-in-hiding/

ဆွီဒစ်
http://burmacfr.blogspot.com/2008/01/bloggare-fngslad.html

ၾသစေၾတးလ်
http://norightturn.blogspot.com/2008/02/no-freedom-of-speech-in-burma.html


အင္ဒိုနီးရွား
http://ksatriapasundan.wordpress.com/2008/02/06/malu-atuh-ama-blogger-arab-myanmar/

အပြစ်မဲ့ ဘလော့ဂါ စာရေးဆရာ တစ်ဦး ညစ်တွန်းတွန်းပြီး ဖမ်းခံခဲ့ရတာ ရက်သတ္တ ၂ပတ် မြောက်တဲ့နေ့ အမှတ်တရ

အိပ်မက်တံခါးဝမှာ ရင်နာခဲ့ရတဲ့ ရက်စွဲတွေ

ပထမ ၅ရက်လုံးလုံး နင် မအိပ်ခဲ့ရဘူး ထင်ရဲ့
ငုတ်တုတ်တမျိုး မတ်တပ်တဖုံ
အိပ်မက်တံခါးဝကနေ
ငါစောင့်နေခဲ့တယ်.. နင်မပေါ်လာခဲ့ဘူး

၆ရက်မြောက်တဲ့ည..
နင်သတိပဲ လစ်နေခဲ့ပြီလား
‘သည်လိုမှမဟုတ်
စိုက်ခနဲ စိုက်ခနဲ ငိုက်လဲကျ နေခဲ့ပြီလား
ငါ့ အိပ်မက်ထဲ နင်ပြေးလွှားလို့


၇ရက်မြောက်ခဲ့ပြီ သူငယ်ချင်း
ဆို့နင့် မွန်းကြပ်နေတဲ့ ရင်အစုံနဲ့ တမ်းတ
နင်လဲ ခါးသီးမှု တစုံတခုနဲ့ တွေ့နေပြီ ထင်ရဲ့
အဲသည်ညက နင်အိပ်ပျော်ခဲ့ပုံ မရဘူး
ငါလဲ အိပ်မပျော်ခဲ့ဘူး

ဂရက်မြောက်တဲ့ည
အိပ်ရမှာ တောင် ကြောက်လာခဲ့ရ
နင်ဘာတွေ ဖြစ်နေခဲ့ပြီလဲ
အိပ်မက်ထဲမှာ ယောက်ယက်ခတ်ပြီး
ပေါ်လိုက်ပျောက်လိုက်နဲ့ ... နင်
သတိလစ်နေတာလား
စိုက်ခနဲ ငိုက်လဲ ကျ နေတာလား

၉ ရက်နဲ့ ဆယ်ရက်မြောက်တဲ့ည
ငါ မအိပ်ရဲတော့ဘူး
ငါ မအိပ်ပါရစေနဲ့တော့ သူငယ်ချင်း

ဒီနေ့ ၁၄ရက်မြောက်
ရက်သတ္တ ၂ပတ်လုံး
ဟိုအဆောင်က ဒီအဆောင်ပြောင်း
နင့်အကြောင်းကို စုံစမ်း မရအောင်
နည်းအမျိုးမျိုးနဲ့ အဆက်ဖြတ်
တကယ်တမ်းတော့
စိတ်ချင်းဆက်တာ ဘယ်သူတားနိုင်လဲ

ငါဖျားနေပြီ သူငယ်ချင်း
ဆောင်းတွင်းမှာ အနွေးထည်ရရဲ့လား
နင်ရော ဖျားနေခဲ့ပြီလား

အိပ်မက်တံခါးဝမှာ ရင်နာခဲ့ရတဲ့ ရက်စွဲတွေ
အမြန် ကုန်ဆုံးလို့
နင် ဘေးကင်းစွာနဲ့ ပြန်လာမယ့်ရက်
ငါတို့ သူငယ်ချင်းတွေ မျှော်လျက်ပါ..

တရားတဲ့ ဥပဒေ ထွန်းကားပါစေ
တရားတဲ့ ဥပဒေက လူကောင်းတွေကို ကာကွယ် နိုင်ပါစေ..

(ကဗျာကို ခွန်မြလှိုင် http://khunmyahlaing.myanmarbloggers.org/2008/02/blog-post_11.html မှ ကူးယူဖေါ်ပြပါသည်)

အနုပညာဝါသနာပါသူ ပြည်တွင်းဘလော့ဂါတစ်ဦး (သို့ ) နေဘုန်းလတ်။


ဘလော့ဘာလို့ ရေးရလည်း ဆိုတာ ဘလော့ရေးဖြစ်တဲ့သူတိုင်း မေးကြည့်ရင် ကျွန်တော်တို့ ရင်တွင်းက ခံစားချက်တွေ၊ ကျွန်တော် မြင်ရတဲ့ အကြောင်းအရာတွေ၊ ကျွန်တော်တို့  ကြားရတာတွေ၊ ကျွန်တော်တို့  တွေ့ ကြုံရတဲ့ အဆိုးအကောင်းတွေ၊ ကျွန်တော်တို့  ဆင်ခြင်သုံးသပ်မိတဲ့ အမှန်အမှားတွေ၊ ကျွန်တော်တို့  တွေးခေါ်မိတဲ့ အကြံဥာဏ်တွေကို ပွင့်ပွင်လင်းလင်း လွတ်လွတ်လပ်လပ် အနှောင်အဖွဲ့ ကင်းကင်းနဲ့  ဖေါ်ထုတ်ပြချင်တာဘဲဖြစ်တယ်။ ဒီလိုဖေါ်ထုတ်တာ ကိုယ့်အကျိုးအတွက် ရှေ့ တန်း မတင်ကြဖူး။ အများသူငါတွေကို မျှဝေအသိပေးချင်တဲ့ ဆန္ဒဘဲဖြစ်တယ်။



ဒီလိုရဲရဲဝန့် ဝန့် ဖေါ်ထုတ်ပြတဲ့အတွက် အမှန်ကိုလက်မခံနိုင်တဲ့သူတွေ အမှားကိုဝန်မခံရဲတဲ့သူတွေကတော့ ကျွန်တော်တို့ ကို လိုက်ပြီးတော့ အနှောင့်အယှက်ပေးနေမှာဘဲ၊ တိုက်ခိုက်ပြီး အန္တရာယ်ပေးနေမှာဘဲ။ ဘယ်လိုနှောင့်ယှက် နှောင့်ယှက်၊ ဘယ်လိုအန္တရာယ်ပေးပေး ပြောရဲ ဆိုရဲ ရေးရဲရမှာ ကျွန်တော်တို့ ရဲ့  သတ္တိသွေးဘဲ။ ကိုယ်ရဲ့ အသွေးအသားခန္ဓာကိုယ်ထဲကနေထွက်လာတဲ့ စာတစ်လုံးကို ထောင်ဒဏ်တစ်သက်နဲ့ လဲဆိုလည်း လဲပစ်ရဲတယ်။ အသက်ပေးဆိုလည်း ပေးရဲတယ်။ ဘလော့ဆိုတဲ့ အမှန်တရားကိုဖေါ်ထုတ်တဲ့နေရာလေးမှာ ကျွန်တော်တို့ ရဲ့  လက်တွေကတော့ တွန့် ဆုတ်သွားမှာ မဟုတ်ဖူး။

မိမိ၏ လွတ်လပ်သော အတွေးအခေါ် အမြင်အား အေးချမ်းစွာရေးသားဖေါ်ပြနေသော ဘလော့ဂါတစ်ဦးအား ရာဇ၀တ်မှုကျူးလွန်သည့် ပြစ်မှုဆိုင်ရာ လူသတ်ရာဇ၀တ်သားသဖွယ် အတင်းအဓမ္မ၀င်ရောက်ဖမ်းဆီးခြင်းမှာ အကျီးတန်လှပြီး ဥပဒေအား ကျော်လွန်ကာ ရမ်းကားစွာဖြင့် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။

ဒီအတွက် ကိုနေဘုန်းလတ်ကို နအဖအာဏာရှင်က ဖမ်းလိုက်တာဟာ ကျွန်တော်တို့ အားလုံးကို ပေါ်ပေါ်တင်တင် စိန်ခေါ်လိုက်တာဘဲ။ မြန်မာဘလော့ရေးတဲ့သူတွေသာမက တကမ္ဘာလုံးမှာ ရှိတဲ့ ဘလော့သမားတွေကို စော်ကားလိုက်တာဘဲ။ ဒီ့အတွက် ဘလော့ရေးနေသူတွေအားလုံးဟာ စာရေးသားဖေါ်ပြနေရုံသာမကဖူး ကိုယ်ရဲ့ လွတ်လပ်ခွင့်ကို မတရားစွာပိတ်ပင်တားဆီးနေတဲ့ အနှောင့်အယှက်ပြုသူကို လက်တွေ့ ပိုင်းအရပါ တုန့် ပြန်သွားရမှာဖြစ်တယ်။

ကိုနေဘုန်းလတ် ဘလော့အကြောင်းကို နအဖတို့ ရဲ့ တရားဝင်ထုတ် The Myanmar Times အွန်လိုင်ဝက်ဆိုဒ် (http://www.mmtimes.com/no381/n020.htm ) မှာကိုက ကောင်းမွန်စွာ ဖေါ်ပြထားခဲ့ပြီးသားပါ။
















အခုကြတော့ ကိုနေဘုန်းလတ်ကို အတင်းအဓမ္မ၀င်ရောက်ဖမ်းဆီးခြင်းဟာ ဥပဒေကိုမလေးစားဘဲ တော်ကြာတစ်မျိုး ခုတစ်မျိုးလုပ်တတ်တဲ့ နအဖရဲ့  လုပ်နေကြ အရှက်မဲ့လုပ်ရပ်ကို ထပ်မံဖေါ်ပြတာဘဲဖြစ်ပါတယ်။

ပြီးတော့ ကိုနေဘုန်းလတ်က သူရဲ့ အကြောင်းကို သူပိုင်ဆိုင်တဲ့ ဘလော့မှာ ဒီလို ပွင့်ပွင့်လင်းလင်းရေးထားတာပါ။

- ကျွန်တော်ဟာ အနုပညာကိုခုံမင်ရူးသွပ်တဲ့ လူငယ်တစ်ယောက်ပါ။ နေဘုန်းလတ်ဆိုတဲ့ နာမည်နဲ့ ကဗျာတွေ၊ စာတွေရေးတယ်။ မဂ္ဂဇင်းစာမျက်နှာ အချို့မှာ ကျွန်တော်ရေးထားတဲ့ စာတွေကိုတွေ့ နိုင်သလို ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော် ... လေးမှာလဲ ကျွန်တော့် ရဲ့ အနုပညာတွေကိုခင်းဖြန့် ချပြ ထားပါတယ်။ အနုပညာနဲ့ ပတ်သက်လာရင် ရုပ်ရှင်မင်းသားအလုပ် ကလွဲလို့ ကျန်တာ အကုန်လုပ်ချင်နေတဲ့ သူဆိုတော့ အရင်ကဆို သူများကင်မရာတွေ ခဏငှားငှားပြီး ဟိုဟိုဒီဒီသွားတဲ့အခါ ဓါတ်ပုံတွေ လျှောက်ရိုက်ဖြစ်ပါတယ်။ ဓါတ်ပုံရိုက်ခြင်းဟာလဲ ကျွန်တော်လွတ်ကျခဲ့တဲ့ နောက်ထပ်မြို့တော်တစ်ခုလို့ ပြောလို့ရပါတယ်။ အခုတော့ ပိုက်ဆံလေးနဲနဲပါးပါးစုမိလို့ ကိုယ်ပိုင်ကင်မရာလေးတစ်လုံး ၀ယ်ပြီး ဓါတ်ပုံတွေကို အရင်ကထက်ပိုပြီး ရိုက်ဖြစ်တော့မှာဖြစ်လို့ ဘလော့ဂ်အသစ်လေး တစ်ခုကို စလုပ်ဖြစ်ပါတယ်။ အလင်းနဲ့ ရေးတဲ့ ပန်းချီ မှာ ကျွန်တော် ကင်မရာလေးရဲ့ အကူအညီကိုယူပြီး အလင်းတွေနဲ့ ရေးခြစ်ထားတဲ့ ပန်းချီကားချပ်လေးတွေကို တွေ့ မြင်ခံစား နိုင်ပါတယ်။ ကျွန်တော်ထပ်ပြောပါမယ် … ကျွန်တော်ဟာ အနုပညာကို ခုံမင်ရူးသွပ်တဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။

ဒါဆိုရင် ကိုနေလုန်းလတ်ဟာ အနုပညာကိုမြတ်နိုးပြီး၊ ဓါတ်ပုံပညာကို လေ့လာနေတဲ့ သာမန် အနုပညာရှင်လူငယ်တစ်ဦးသာဖြစ်ပါတယ်။ ဒီ့အပြင် ဂီတကိုလည်း ချစ်မြတ်နိုးသူ ဖြစ်ပါတယ်။ (http://www.blogger.com/profile/10303509969005854278)။

နအဖအနေနဲ့  ကိုနေဘုန်းလတ်ကို အပြစ်မဲ့စွာနဲ့  အနိုင်ကျင့်ဖမ်းဆီးထားတာပါ။ ဒီတော့ လူကိုသာဖမ်းထားလို့ ရမယ်။ သူ့ ရဲ့ ရဲဝန် ၀န့့် ပြတ်သားတဲ့ စိတ်ဓါတ်အတွေးအခေါ်ကိုတော့ ချိုးဖျက်ပစ်လို့ မရပါဘူး။ အဖက်ဖက်ကနေ အတင်းချုပ်ချယ်မှုတွေလုပ်လွန်းတဲ့ စစ်အာဏာရှင်လက်အောက်မှာနေထိုင်ရင်း သတ္တိပြောင်မြောက်စွာနဲ့  မိမိရဲ့  မှန်ကန်တဲ့အတွေးအခေါ်ကို အများပြည်သူအတွက် ထုတ်ဖေါ်ရေးသားရဲတဲ့  ကိုနေဘုန်းလတ်ရဲ့  ဆောင်ရွက်မှုကို လေးစားချီးကျူးလိုက်ပါတယ်။

ကိုနေဘုန်းလတ်တစ်ယောက် အနုပညာကို ၀ါသနာပါတဲ့သူငယ်တစ်ဦးဖြစ်လို့  အန္တရာယ်အပေါင်းမှ လွတ်မြောက်ပြီး မိမိ စိတ်ပါဝင်စားရာအလုပ်များကို အနှောင့်အယှက်ကင်းးကင်းနဲ့  လုပ်ဆောင်နိုင်ပါစေလို့  ဆုတောင်းအပ်ပါတယ်။

ကျွန်တော်တို့ ရဲ့ နှလုံးသားတွေထဲမှာ ကိုနေဘုန်းလတ်အပါအ၀င် ပြည်သူ့ ဘလော့ဂါတိုင်း တစ်ဦးချင်းစီတိုင်း အစဉ်အမြဲ ခိုအောင်းတန်ဖိုးထားနေမှာ ဖြစ်တယ်။

ထို့ အတူ ဘလော့များရဲ့  စုစည်းညီညွတ်မှုနဲ့  အများအကျိုးပြုဖေါ်ပြရေးသားချက်တွေဟာလည်း မည်သို့ သော အတားအဆီး အနှောင့်အယှက်ရှိပလေ့စေ၊ ဆထက်တိုးပြီး ထာဝရရှင်သန်တည်မြဲနေမယ်ဆိုတာ ခိုင်ခိုင်မာမာ ပြောကြားလိုက်ပါတယ်။

(နစ်နေမန်း)

(စာကို နစ်နေမန်း http://niknayman.blogspot.com/2008/02/blog-post_07.html မှ ကူးယူ ဖေါ်ပြပါသည်)

နေဘုန်းလတ်အတွက် ဘလော့ဂါများ စုပေါင်းစာရေးသား

ဗထူး။ ဖေဖော်ဝါရီ ၆၊ ၂၀၀၈

မကြာသေးမီက စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံလိုက်ရသည့် ဘလော့ဂ်ရေးသားသူ ကိုနေဘုန်းလတ်၏ “ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်” အမည်ရှိဘလော့ဂ် တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် နိုင်ငံတကာမှ ဘလော့ဂ်ရေးသားသူများက ကိုနေဘုန်းလတ်သို့ စာတစောင် ယနေ့ရေးသားလိုက်သည်။

သံဃာတော်နှင့်ပြည်သူများအား ရက်စက်စွာ ဖြိုခွဲခဲ့ခြင်းကို နိုင်ငံတကာမှသိရှိအောင် လုပ်ခဲ့ခြင်းကြောင့် စစ်အစိုးရက မီဒီယာသမားကို ပိုက်စိတ်တိုက်ရှာဖွေဖမ်းဆီနေရာမှ ကိုနေဘုန်းလတ်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလှုပ်ရှားမှုအား နိုင်ငံတကာမှသိရှိအောင် မြန်မာလူငယ်ဘလော့ဂါများက အင်တာ နက်စာမျက်နှာမှ သတင်းနှင့်ဓါတ်ပုံများ ပေးပို့ခဲ့သည့်အတွက် ကမ္ဘာမှ စစ်အစိုးရ၏ရက်စက်မှု များကို အံ့သြတုန်လှုပ်ဖွယ် မြင်တွေ့ခဲ့ရသည်။

ဇန်နဝါရီလ (၂၉) ရက်နေ့က စတင်ထိန်းသိမ်းခံထားရသည့် မြန်မာဘလော့ဂါ ကိုနေဘုန်းလတ် ၏ “ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်” ဘလော့ဂ် စတင်ရေးသားခြင်း တစ်နှစ်ပြည့် အထိမ်း အမှတ်အဖြစ် မြန်မာဘလော့ဂါများ စုပေါင်းရေးသားထားသည့် အမှတ်တရ post တစ်ခုကို ယနေ့ ဆင်တူလွှင့်တင်ထားကြသည်။

“နေဘုန်းလတ်သို့” ဟု ခေါင်းစဉ်တပ်ထားသည့် အဆိုပါ post တွင် ကိုနေဘုန်းလတ်၏ ဘလော့ဂ်အကြောင်း၊ သူဖြတ်သန်းခဲ့သည့် ဘလော့ဂါဘဝနှင့် ရေးဖေါ်ရေးဘက်များက သတိတရရှိနေကြောင်းကို ရိုးရိုးရှင်းရှင်းသာ ဖေါ်ပြထားခဲ့သည်။

ယနေ့မနက်ခင်းတွင် ဘလော့ ၅၀ ခန့်က တပြိုင်နက်တည်း ရေးသားတင်ဆက်ထားပြီး အရေအတွက်မှာ ဆက်လက်တိုးပွားလာနေဆဲဖြစ်ကြောင်း သိရသည်။

ကိုနေဘုန်းလတ်ဟာ လူချစ်လူခင်ပေါများပြီး ဘလော့ဂါတွေကို သံယောဇဉ်ကြီးသူဖြစ်ကြောင်း၊ အခုလို ဘလော့ဂါတစ်ယောက်အတွက် စုပေါင်းပို့စ်တင်ခြင်းဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး သူဟာ အခုလို အထိမ်းအမှတ်မျိုးနဲ့ ထိုက်တန်ပါကြောင်း သူ့သူငယ်ချင်း ဘလော့ဂါတစ်ယောက်က ပြောသည်။

“ဘလော့ပေါ်မှာတော့ ကျွန်တော်တို့အချင်းချင်း နှုတ်ဆက်ချင်ရင် Comment, Shout Box စတာတွေကို သုံးကြတာပေါ့။ Comment ရေးတယ်ဆိုတာ ပို့စ်တင်ပေးမှ ရေးလို့ရတာပါ။ ကျွန်တော်တို့က အခုလို ဘလော့တစ်နှစ်ပြည့်တာတို့၊ မွေးနေ့တို့ စတာတွေမှာ ထူးခြားတဲ့ ပို့စ်လေးတွေ တင်လေ့ရှိပါတယ်။ အခု နေဘုန်းလတ် ဘယ်ရောက်နေတယ်၊ ဘာဖြစ်နေတယ် မသိရသလို သူလည်း ပို့စ်တင်ဖြစ်မှာ မဟုတ်ပါဘူး” ဟု သူက ဆက်ပြောသည်။

Comment ရေးမရမည့်အတူတူ ၀ိုင်းပြီးပို့စ်တင်ပေးမည်ဆိုကာ လုပ်လိုက်ခြင်းဖြစ်ပြီး ကိုနေဘုန်းလတ်အား သတိရသူများအားလုံး ပါဝင်ရေးကြသည့်အစီအစဉ်ဖြစ်ကာ မြန်မာ ဘလော့ဂါ (၇၀) ရာနှုန်းက တင်ပြကြမည်ဖြစ်ပြီး ဘလော့ဂါများ၏ စည်းလုံးညီညွတ်မှုကိုလည်း ပြရာရောက်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

(သတင်းကို ရိုးမ၃ http://www.yoma3.org/news/2008/february/to_nayphonelatt.html မှ ကူးယူဖေါ်ပြပါသည်)

နေဘုန်းလတ်သို့

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီး နေဘုန်းလတ်" လို့ နာမည် တွင်ခဲ့ တဲ့သူ။ မနှစ်က ဒီလို နေ့မှာပဲ "လွတ်ကျ ခဲ့တဲ့ မြို့တော်" ဘလော့ဂ် လေးကို သူကိုယ်တိုင် အသက် သွင်းခဲ့တယ်။

ဒီနေ့ တော့ တစ်နှစ် တင်းတင်း ပြည့်သွား ပြီပေါ့။ မှတ်မှတ်ရရ သူ့ ဘလော့ဂ်မှာ ပထမဆုံး တင်လိုက်တဲ့ ပို့စ် နာမည် ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျ ခဲ့တဲ့ စာရေးဆရာ၊ ဒါမှ မဟုတ် အနုပညာ သမား ဆိုတဲ့ အမည် နာမတွေ အတွက် သူ့ ဘလော့ဂ်ဟာ သစ္စာ ရှိတဲ့ လူယုံ၊ အစွမ်း ထက်တဲ့ လက်နက်၊ အရိပ် ကောင်းတဲ့ ညောင် သစ်ပင်လို အသုံးတော် ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက် အတွင်း မှာ သူ့  မြို့တော်က စာကောင်း စာသန့် ၁၂၂ ပုဒ် မွေးထုတ် ပေးခဲ့ ပြီးပြီ။ ဒီစာ တွေကြောင့် ဖတ်သူတွေ အတွက် သုတ ပန်းတွေ လန်းလာ ခဲ့တယ် ၊ ရသ လမ်းတွေ ဆန်းလာ ခဲ့တယ် ၊ ပညာ မီးတွေ လင်းပ လာခဲ့တယ် ။ သူက တော့ သတိထား မိချင်မှ ထားမိ လိမ့်မယ်။


ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံး ဆိုတဲ့ စကားလုံး တော်တော် များများမှာ သူနဲ့ လွတ်ကျ ခဲ့တဲ့ မြို့တော် လည်း ရင်းနှီး ကျွမ်းဝင် ခဲ့တယ်။ ဘလော့ဂ် ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့် စာအုပ် အတွက် တက်တက် ကြွကြွ နဲ့ သူ အစွမ်းကုန် ကြိုးစား ခဲ့တယ်။ စာအုပ် ကိစ္စ ဆွေးနွေး ပွဲတိုင်းကို မပျက် မကွက် တက်ရောက် ခဲ့သူ ဟာ လည်း သူ တစ်ဦး တည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံး ကျင်းပခဲ့တဲ့ Blog Day Seminar အတွက် လည်း သူ ပါဝင် ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေ အကြားမှာ ဘလော့ဂ် လောက အကြောင်းကို သူချပြ ရဲခဲ့တယ်။ ဝေဖန်မှု တွေကို လက်ခံ ခဲ့တယ်။ မေးခွန်း တွေကို အပြုံးနဲ့ ဖြေကြား ပေးနိုင် ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှ မဟုတ် ဘလော့ဂ်ဂါ တစ်ယောက်ရဲ့ အထိမ်းအမှတ် နေ့တွေမှာ အထူး ရေးသားတဲ့ ပို့စ်တွေ တင်တတ် ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက် ကြတယ်၊ Comment တွေ ချီးမြှင့် ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလို အချိန်မှာ သူသာ လွတ်လွတ်လပ်လပ် ရေးသားခွင့် ရမယ် ဆိုရင် သူ့ဘလော့ဂ် အတွက် အထိမ်းအမှတ် ပို့စ်တင်မယ့် အစီအစဉ် ရှိမယ် ဆိုတာ အသေ အချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ ရပ်ဝန်းက သူငယ်ချင်း တွေ သူ့ရဲ့ စာဖတ် ပရိသတ်တွေ မျှော်လင့် တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက် ကြဖို့ စောင့်နေ ကြတယ် …

ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်း နေစေ ချင်တာ … ရယ်သံ တွေနဲ့ စည်ညံ နေစေ ချင်တာ … ဒါတွေ အတွက် အားလုံးက စောင့်မျှော် နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေ ချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ် ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန် စာတောင် ကျရောက် မလာစေဖို့ ဘလောဂါ့ ရပ်ဝန်းမှ ညီအကို မောင်နှမ အားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်း လိုက်ပါတယ်။

(စာကို မြန်မာဘလော့များစွာမှ ကူးယူဖေါ်ပြပါသည်)

ဦးဇာဂနာမှ ကိုနေဘုန်းလတ်သို့

ကျနော့််ကိုယ်စား ဒီစာလေးတင်ပေးပါ.. ၊ ကျနော့် နံမယ်နဲ့သုံးပေးပါ ဆိုပြီးပေးလာခဲ့တာပါ ... ။

ညီလေးတစ်ယောက်ပါ
တစ်ခါမှ မငြင်းဆန်ဖူးခဲ့
သူများအတွက်လုပ်ရမယ်ဆို
ဘယ်လိုကူရကူရ
ဘယ်လောက်ကူရကူရ
ညီလေးတစ်ယောက်ပါ
ညာဖက်လက်မောင်းဖျောင်းကနဲကျိုးသလို
ဆစ်ကနဲနာကျင်ခဲ့ရ
မျက်မှန်ထူအောက်က သူ့မျက်ဝန်းတွေ
ငေးမောနေတာမဟုတ်
လွင့်မျောနေတာမဟုတ်
ခု သူဘယ်မှာလဲ
ပါဝင်ခွင့်မရတဲ့လောက ကို
သူငေးမောနေလေမလား။
ညီလေးတစ်ယောက်ပါ။

နေဘုန်းလတ် အတွက်
ရေးဖွဲ့သူ ... ဇာဂနာ

(ကဗျာကို နှင်းမိုးဝေ http://hninmoewai.blogspot.com/2008/02/blog-post_07.html ထံမှ ကူးယူဖေါ်ပြပါသည်)

နေဘုန်းလတ် မမေ့တဲ့ ရက်စွဲနဲ့ ကဗျာ

ကိန်းဂဏန်းတွေကို မုန်းတဲ့၊ ရက်စွဲတွေကို မေ့တတ်လွန်းတဲ့ နေဘုန်းလတ် တစ်ယောက် သူ့ဘလော့လေးမှာ သူမမေ့တဲ့ ရက်စွဲ အဖြစ် သူ့ဘလော့လေး စတင်တဲ့ ရက်စွဲ (၀၇- ၀၂- ၂၀၀၇) ကို ရေးထားခဲ့သလို ‘သူ မြတ်နိုးတဲ့ သူ့ဘလော့  လေးရဲ့ တစ်နှစ်ပြည့် မွေးနေ့ကို သူမှတ်မိနေမှာ သေချာပါတယ်။ ‘ဒါပေမယ့် သူ မှတ်မိမယ့် ရက်စွဲမှာ သူက တော့ ဖမ်းဆီး ထိန်းသိမ်း ခံနေရ တဲ့အတွက် သူ့ဘလော့လေးရဲ့ တစ်နှစ်ပြည့် မွေးနေ့ အတွက် ဘာ ပို့စ်မှ တင်နိုင် ရှာမှာ မဟုတ်ပါဘူး။ သူ သံယောဇဉ် ကြီးတဲ့ သူ့ဘလော့လေးရဲ့ မွေးနေ့ကို သူမြတ်နိုးချစ်ခင်တဲ့ ဘလော့ဂါ ရပ်ဝန်းက သူငယ်ချင်းများက ၀ိုင်းဝန်း ပြုလုပ်ပေးရင်း သူ့ကို ခင်မင်လေးစား တန်ဖိုးထားမှုကို ပြသ နေခဲ့ ကြပါတယ်။

ကျောင်းနေဖက် သူငယ်ချင်း တစ်ယောက် အနေနဲ့ ငါ့ဘ၀ထဲ မုန်တိုင်း ထန်နေ စဉ်က နင်ဟာ ငါ့ရဲ့ မိတ်ဆွေ ကောင်း၊ သူငယ်ချင်းကောင်း၊ ငါရင်ဖွင့် သမျှ နားထောင် ဖေးမ အကြံတွေ ပေးခဲ့တဲ့ နင်.. အမိမြေကို ခွာ ကာနီး ငါ့ကို တဘ၀စာ အမှတ်တရ ‘အကယ်၍ ဆိုတဲ့ ကဗျာလေးကို အမှတ်တရ ပေးခဲ့တဲ့ နင်.. အခု နင် ဒုက္ခရောက်တဲ့ အခါ နင့်ဘေးနားမှာ ငါမရှိနေခဲ့နိုင်ဘူးနော်..

မင်းရဲ့ ဖြူစင်ရိုးသားမှုတွေကို
လူလိမ်လူညာတွေက
မုသားတွေ အဖြစ်
ထောင်ချောင်ဆင် ညစ်တဲ့ အခါ
မင်းဟာ တည်တည်ငြိမ်ငြိမ်နဲ့ နာကြားနိုင်မယ် ဆိုရင်..

မင်းကလဲ သူတို့ကို အလိမ်အညာတွေနဲ့ ပြန်လည် မတုံ့ပြန်ဘူး ဆိုရင်..

သူငယ်ချင်း.. နင်ပေးခဲ့တဲ့ ကဗျာလေး ထဲက နင် ပြန်ပြီး အထူး Bold လုပ်ပေးခဲ့တဲ့ ကဗျာပိုဒ်လေးပါပဲ။

သင်္ဃန်းကျွန်း အိမ်ကနေ သုဝဏ အိမ်ကို ပြောင်းသွားတာ မကြာသေးတဲ့ နင့်ကို ပြည်ထဲရေး က ဗိုလ်မှူးက အချိန်တစ်ခုမှာ ဘယ်မှာ နေခဲ့လဲ မေးစဉ်က နင် အဲသည် အချိန်မှာ နေခဲ့တဲ့ နင့်ရဲ့ သင်္ဃန်းကျွန်း အိမ်လိပ်စာ ကို နင်ပြောခဲ့တယ်။ ‘ဒါပေမယ့် လက်ရှိ အချိန်မှာ အဲသည်အိမ်မှာ နင့်ဘိုးဘွားတွေ ပြောင်းရွှေ့ နေခဲ့ပြီးပြီ။ ‘ဒါကို နင်က အိမ်နေရာကို လိမ်ပြောတယ်လို့ စွပ်စွဲပြီး ပါးရိုက်မယ်လို့ ကြိမ်းဝါး ပြောဆိုတာ ခံခဲ့ ရတယ်။

နင်ပေးခဲ့တဲ့ ကဗျာလေး ထဲက လိုပါပဲ.. လိမ်ညာ မပြောတတ်တဲ့ နင့်ရဲ့ ရိုးသားဖြူစင်မှုတွေကို ဘယ်သူတွေ က ထောင်ချောက်ဆင် ညစ်ပါစေ ငါတို့က နင့်ရဲ့ ဖြူစင်ရိုးသားမှုကို အမြဲ ယုံကြည်နေတယ် သူငယ်ချင်း..

ရန်သူက ဖြစ်စေ မိတ်ဆွေက ဖြစ်စေ
မင်းကို နာကျင်အောင် မလုပ်နိုင် စေခဲ့ရင်

ပျားရည်ထဲ ခပ်ထည့်ထားတဲ့ အဆိပ်တွေလို မာယာတွေနဲ့ နင့်ကို ပိုမို ဒုက္ခ ရောက်အောင် တမင် လုပ်သူတွေ ရှိသလို နင့်ကို ကူညီချင်လျက်နဲ့ တကယ် ခင်မင်လျက်နဲ့ ကူညီဖို့ကြိုးစားရင်း နင့်ကို ပိုနွံနစ်အောင် လုပ်မိ သလို ဖြစ်ခဲ့တဲ့ အဖြစ်တွေ ရှိကောင်း ရှိမယ် သို့သော် နင့်ကို၊ နင့်ရဲ့ အနာဂတ်ကို၊ နင့်ရဲ့ ခံစားချက်တွေကို ဘယ်သူကမှ နာကျင်အောင် မလုပ်နိုင် ပါစေနဲ့လို့ ငါဆုတောင်းပေးနေတယ် သူငယ်ချင်း..

သူများ လုပ်ပြီးသွားကြတဲ့ အရာ တစ်ခုကို အစစ နောက်ကျ ပြီးမှ လုပ်ခဲ့ရပြီး အဲသည် အတွက်လဲ မမောပန်း ဘဲ နင်စောင့်နိုင်မယ် ဆိုရင်...

သူတပါးကို သိပ်ငဲ့ညှာ တတ်လွန်းတဲ့ နင်.. ရိုးရိုး သားသား မှန်မှန် ကန်ကန် နစ်နာမှုတွေ အတွက် တာဝန်ယူတတ် လွန်းတဲ့ နင်.. လူငယ်တွေကို တိုးတက်စေ ချင်လွန်းတဲ့ နင်.. လူငယ်တွေကို စည်းလုံး ညီညွတ် စေချင် လွန်းတဲ့နင်.. အများအကျိုး အတွက် ကိုယ်ကျိုး စွန့်တတ်တဲ့ နင်.. နင် လုပ်ချင် တာတွေ အတွက် အချိန် တစ်ခု ကို နင် စိတ်ရှည်ရှည်နဲ့ စောင့်နိုင်ပါစေ သူငယ်ချင်း... စိတ်ရောကိုယ်ပါ ကြံ့ခိုင်မှု တွေ ပိုမို တိုးပွားလာပါစေ...

ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ သူငယ်ချင်း.. နင်ပေးခဲ့တဲ့ မွေးနေ့ လက်ဆောင် ကဗျာလေးကိုပဲ ငါ ပြန်ရေးရင်း နင့်ကို ငါတို့ ပြန်လည်တွေ့ဆုံဖို့ အဓိဌာန် ပြုနေကြမယ်

မိုးကောင်းကင်မှာ
တိမ်ညစ်တို့ အုပ်စိုး
ပြီးတော့ အက်ဆစ်မိုးတို့ ရွာချ
ဘ၀တွေ နစ်မွန်း သွားကြတယ်

ကျေးငှက်တို့က တောင်ပံတွေကို တမ်းတ
စမ်းချောင်းတွေက စီးဆင်းခွင့်တွေကို မျှော်လင့်ကြရင်း
တိတ်တဆိတ် ခရီးဆက်ခဲ့ကြတယ်

တနေ့မှာပေါ့
တိမ်ညစ်တို့ ဖရိုဖရဲ
မိုးစက်တို့ စဲတဲ့တနေ့
ငြိမ်းချမ်းခြင်းရဲ့ ရှေ့မှောက်
ငါတို့ ပြန်တွေ့ကြမယ်

ဟုတ်တယ်.. ငါတို့ ပြန်တွေ့ကြမယ် သူငယ်ချင်း..

(စာကို ခွန်မြလှိုင် http://khunmyahlaing.myanmarbloggers.org/2008/02/blog-post_07.html ထံမှ ကူးယူဖေါ်ပြပါသည်)

အမှတ်မထင်လွတ်ကျသွားတဲ့ကဗျာ

ကွန်ပျူတာ ဖန်သားပြင်မှာ ပေါ်လာတဲ့ စကားတွေ
နားနဲ့ ဆတ်ဆတ်ကြားခဲ့တယ်
ဒီနေ့က နတ်ဆိုးတွေ ဂျိုတလွှားလွှားနဲ့ လမ်းသလားတဲ့နေ့
မျက်လှည့်ဆရာလို အစွမ်းမထက်ရင်တောင်
ကိုယ်ပျောက်ဆေးလေးဘာလေး ဆောင်ထားဖို့လိုမယ်
ရှာဟယ် ဖွေဟယ်ဆို အသာလေးချိုနေရုံပေါ့
ခုတော့ ပြောကြတယ်
ပြန်သွားတာ မင်းမှားတယ်တဲ့
လာနေတာ ငါလည်း မှားတာပဲ
ကမ္ဘာပေါ်မှာ ရှိသမျှ ဘာသာစကားနဲ့ ဆဲရေးပစ်လိုက်ချင်တယ်
လူမဆန်တဲ့လူတွေ လူဆန်ချင်လာတာ ဒုက္ခတစ်မျိုး မဟုတ်လား
ဘလော့ဂ်ရေးချင်တဲ့ လက်ကို ခွေးတွေ လိုက်လိုက်ဆွဲတယ်
ရင်ထဲက အနုပညာကို တံဆိပ်တွေ လိုက်လိုက်ကပ်တယ်
ပြီးတော့ နေ့ခင်းကြောင်တောင် သူရဲခြောက်တယ်
အလင်းထဲမှာ အမှောင်ကောင်တွေ နှောင့်ယှက်တုန်းပဲ
သူငယ်ချင်း .. မင်းရော..
အမှောင်ထဲမှာ အလင်းအိပ်မက်တွေ မက်နေတုန်းလား..
ဘာပဲဖြစ်ဖြစ်
အိပ်မက် (၈) ကို စောင့်နေမယ် .. ။ ။

ခေလွန်း

(ကဗျာကို ညီညီသံလွင် http://nyinyithanlwin.blogspot.com/2008/01/blog-post.html ထံမှ ကူးယူဖေါ်ပြပါသည်)

သူငယ်ချင်းသို့ ....

မမြင်နိုင်ဘူး အပြင်ဘက် တနေရာစီကို

တချိန်ချိန်မှာမြင်နိုင်စေဖို့ ပြတင်းတံခါးတွေလိုက်ဖွင့်လိုက်တယ်

အားလုံး 28 ပေါက်


အလင်းကိုမတွေ့ဘူး မှောင်နေတယ် ဒီဘက် ကမ္ဘာတခြမ်းမှာ

တချိန်ချိန်မှာ အလင်းတွေ့နိုင်စေဖို့ မီးတွေ ထွန်းညှိလိုက်တယ်

အားလုံး 28တိုင်


မပျံသန်းနိုင်ပါဘူး တခြားလွတ်မြောက်ရာ နယ်ပယ်တစ်ခုစီကို

တချိန်ချိန်မှာ ပျံသန်းနိုင်ဖို့ ငှက်ကလေးတွေကို လှောင်ချိုင့်ထဲက လွှတ်ပေးလိုက်တယ်

အားလုံး 28ကောင်


နင် ဖြစ်ချင်တာတွေ ဖြစ်အောင် မလုပ်ပေးနိုင်တဲ့ ငါ့ဘဝ

အားမရပေမဲ့လဲ တတ်နိုင်တဲ့ တနေရာကပဲ

ငါ ဆုတောင်းပေးပါရစေ သူငယ်ချင်း

မင်း ဒီဘ၀က အမြန်ချက်ချင်း လွတ်ကင်းနိုင်ပါစေလေ…

(ကဗျာကို မယ်လိုဒီမောင် http://melodymaungmm.myanmarbloggers.org/2008/01/blog-post_31.html ထံမှ ကူးယူဖေါ်ပြပါသည်)

သတင်းဌါနများနှင့် အင်တာဗျူး

နေဘုန်းလတ် မိခင်နှင့် BBC အင်တာဗျူး နားဆင်ရန်
နေဘုန်းလတ် မိခင်နှင့် DVB အင်တာဗျူး နားဆင်ရန်

Wednesday, February 13, 2008

Arrest of Burmese Blogger (VOA Burmese)

နေဘုန်းလတ်ကို ပုဒ်မ ၅(ည) ဖြင့် တရားစွဲပြီ

နယူးဒေလီ။ ။ ရန်ကုန်တိုင်းအတွင်းရှိ ဒဂုံမြို့နယ်ရဲစခန်းက ဘလောက်ဂါ နေဘုန်းလတ်အား အရေးပေါ် စီမံချက် ဥပဒေဖြင့် ပုဒ်မတပ်ကာ တရားစွဲဆိုလိုက်ပြီဟု မိသားစုနှင့် နီးစပ်သည့် မိတ်ဆွေများ အပြောအရ သိရသည်။

ရဲက ဇန်နဝါရီလ ၂၉ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းခဲ့သော စာရေးဆရာလည်းဖြစ်သူ နေဘုန်းလတ် (၂၈ နှစ်) အား ပုဒ်မ ၅ (ည) ဖြင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

စစ်အစိုးရက နိုင်ငံရေး လှုပ်ရှားသူများနှင့် သဘောထား ကွဲလွဲသူများကို နှိမ်နင်းရာတွင် ပုဒ်မ ၅ (ည) သည် လက်နက်တခု ဖြစ်သည်။ ထိုဥပဒေအရ ထောင်ဒဏ် ၇ နှစ်အထိ ပြစ်ဒဏ် ချမှတ်နိုင်သည်။

“နိုင်ငံရေး မသင်္ကာမှုနဲ့ ဒဂုံမြို့ ရဲစခန်းကနေ ပုဒ်မ တပ်ထားတယ်။ တရားစွဲတာပဲ ဖြစ်သေးတယ်။ သူ့ကို ခေါ်သွားတဲ့ ရဲမှူးကြီး စိုးသိန်း (ရန်ကုန်တိုင်း အထူးရဲတပ်ဖွဲ့) ကနေတဆင့် ကျနော်တို့ သိရတာပါ။ ဟု သူက ပြောသည်။

အဖမ်းခံရစဉ်က နေဘုန်းလတ် မောင်းနှင်ခဲ့သည့် ဂျစ်ကားကိုမူ ရဲစခန်းမှ ယနေ့ ညနေ ၃ နာရီခန့်တွင် မိသားစုက ပြန်လည် ရရှိခဲ့သည်။

“ကျနော်တို့ စောင့်ကြည့်နေတာပဲ ရှိသေးတယ်။ တလလောက်တော့ စောင့်ကြည့်မယ်။ လိုအပ်ရင် ကျနော်တို့ဘက်ကလည်း ရှေ့နေတွေနဲ့ ဥပဒေ လမ်းကြောင်းအတိုင်း လုပ်သွားဘို့တော့ အစီအစဉ် ရှိပါတယ်” ဟု အမည်မဖော်လိုသူ ကိုနေဘုန်းလတ်၏ မိတ်ဆွေတဦးက ပြောသည်။

(သတင်းကို မဇ္ဈိမသတင်းဌါန http://www.mizzimaburmese.com/content/view/559/2/ မှ ကူးယူဖေါ်ပြသည်)

နေဘုန်းလတ် ပြည်ထဲရေးမှာလား

နယူးဒေလီ။ ။ ရက်အတန်ကြာ ပျောက်ဆုံးနေသူ ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်ကို ရန်ကုန်မြို့ရှိ ပြည်ထဲရေး ဝန်ကြီးဌာနတွင် တွေ့မြင်ခဲ့ရသည်ဟု ယနေ့တွင် လွတ်မြောက်လာသော ဒဂုံမြို့သစ်မှ NLD အဖွဲ့ချုပ် လူငယ်တာဝန်ခံများက ပြောသည်။

ပြီးခဲ့သည့်လ ၂၉ ရက်နေ့ကတည်းက ပျောက်ဆုံးနေသည့် ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်နှင့် အမျိုးသမီးတဦးကို ပြည်ထဲရေး ဌာနအတွင်း ယမန်နေ့က တွေ့မြင်ခဲ့ရသည်ဟု လွတ်မြောက်လာသူ အဆိုပါ အဖွဲ့ချုပ် လူငယ်တာဝန်ခံများက ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။

“ကိုနေမျိုးကျော် (နေဘုန်းလတ်) နဲ့ အမျိုးသမီးတယောက်ကို မနေ့ညက ကျနော်တို့ ပြည်ထဲရေးမှာ တွေ့လိုက်ရတယ်။ အဝေးက လှမ်းတွေ့လိုက်ရတာဆိုတော့ စကားပြောခွင့် မကြုံလိုက်ရဘူး” ဟု ပြန်လည် လွတ်မြောက်လာသူ ကိုသီဟန်က မဇ္ဈိမကို ပြောသည်။

ကိုနေဘုန်းလတ်ကို လိုက်လံ ရှာဖွေနေသူများ အဆိုအရ သူ့ကို အာဏာပိုင်များက ဒဂုံ ရဲစခန်းတွင် ဦးစွာ ထိန်းသိမ်းထားခဲ့ရာမှ စနေ့နေ့မှ စတင်ကာ ပြည်ထဲရေး ဝန်ကြီးဌာနကို ရွှေ့ပြောင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“သူ့ကို ဘာကိစ္စနဲ့ ခေါ်မေးနေတယ် ဆိုတာတော့ ကျနော်တို့ မသိရပါဘူး။ ကြားထားတာ တခုကတော့ ဒဂုံရဲစခန်းက သူ့ကို တရားစွဲထားတယ်တဲ့။ ဘာပုဒ်မနဲ့လည်းဆိုတာ မသိရသေးဘူး” ဟု ကိုနေဘုန်းလတ်နှင့် နီးစပ်သူတဦးက ပြောသည်။

သူနှင့်အတူ အမျိုးသမီးတဦးကိုလည်း ပြည်ထဲရေးဌာနတွင် စုံစမ်း စစ်ဆေးခံနေသည်ဟု သိရသော်လည်း အမျိုးသမီး၏ အမည်ကို မသိရှိရသေးပါ။

အာဏာပိုင်များက ကိုနေဘုန်းလတ်နှင့် နီးစပ်သည့် မိသားစုဝင်များ၏ နေအိမ်များကို လိုက်လံရှာဖွေစဉ် ခြိမ်းခြောက် ပြောဆိုမှုများ ရှိခဲ့သဖြင့် စစ်ကြောနေစဉ် ညှဉ်းပမ်းနှိပ်စက်မှု လုပ်ခံရမည်ကိုလည်း မိသားစုဝင်များက စိုးရိမ်နေရသည်ဟု ဆိုသည်။

၇ ရက်ကြာ အာဏာပိုင်များ၏ ထိန်းသိမ်းခြင်း ခံထားရသည့် ကိုနေဘုန်းလတ်ကို ခင်မင်ရင်းနှီးသူ မိတ်ဆွေများက သူ၏ ကိုယ်ပိုင် အင်တာနက်ဘလောက် nayphonelatt.blogspot.com တွင် သူ့အတွက် စိုးရိမ်ကြောင်း၊ အမြန် လွတ်မြောက်စေလိုကြောင်း ဆုတောင်းပေးခြင်းများ၊ အားပေးစကားများ ပြောဆိုထားကြသည်။

ကိုနေဘုန်းလတ် ပျောက်ဆုံးပြီး ရက်အနည်းငယ်အကြာ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် အာဏာပိုင်များမှ ခဏတဖြုတ် မေးမြန်းရန် ရှိသည်ဟုဆိုကာ ပြည်ထဲရေး ဝန်ကြီးဌာနသို့ ခေါ်ဆောင်သွားခံရသူ ဒဂုံမြို့သစ်မှ NLD လူငယ်တာဝန်ခံ (၁) ကိုသီဟန်၊ တွဲဖက်တာဝန်ခံ ကိုညီညီမင်း၊ လူငယ်တာဝန်ခံ (၃) ကိုထိန်ဝင်းတို့ ယနေ့ နေ့လည်တွင် ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။

သူတို့ကို ပြည်ထဲရေး ဝန်ကြီးဌာနတွင် အရာရှိ ၄ ဦးက Asian Human Rights Council (အာရှ လူ့အခွင့်အရေး ကောင်စီ) မှ ထုတ်ဝေသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို တိုင်ကြားနိုင်သည့် စာရွက်များကို လူထုအကြား ဖြန့်ဝေသည်ဟု အထင်မှားကာ ခေါ်ယူ မေးမြန်းပြီးနောက် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု ကိုသီဟန်က ပြောသည်။

(သတင်းကို မဇ္ဈိမသတင်းဌါန http://www.mizzimaburmese.com/content/view/541/2/ မှ ကူးယူဖေါ်ပြသည်)

နေဘုန်းလတ် အဖမ်းခံရ

ချင်းမိုင်။ ။ ရဲများက ဘလော့ဂ်ဂါ နေဘုန်းလတ်ကို အင်္ဂါနေ့ နံနက်တွင် ရန်ကုန်မြို့၌ ဖမ်းဆီးသွားသည်။


စာရေးဆရာ တယောက်လည်းဖြစ်သူ ကိုနေဘုန်းလတ်ကို ရဲများက အင်တာနက် ကဖီးဆိုင်တဆိုင်မှ ဖမ်းသွားခြင်း ဖြစ်ကြောင်း သူ၏ သူငယ်ချင်းများက မဇ္ဈိမသို့ ပြောပြသည်။

မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကို သဲသဲကွဲကွဲ မသိရသေးပေ။ ကိုနေဘုန်းလတ်မှာ ဘလော့ဂ် ရေးသားသူတဦး ဖြစ်ပြီး စီးပွားရေး ကုမ္ပဏီတခုတွင် အလုပ်လုပ်ကိုင်လျှက် ရှိသည်ဟု သိရသည်။

“ကျနော်ဟာ အနုပညာကို ခုံမင်ရူးသွပ်တဲ့ လူငယ်တယောက်ပါ” ဟု သူ၏ ဘလော့ဂ်တွင် မိတ်ဆက် ရေးသားထားသည်။

ယနေ့ နံနက် ၁ဝ နာရီခန့်မှစ၍ သူနေထိုင်တတ်သော သင်္ကန်းကျွန်းနှင့် သုဝဏ္ဏနေအိမ်များကို ရဲများက လိုက်လံ ရှာဖွေခဲ့ကြကြောင်း နီးစပ်သူများက ပြောသည်။

မြန်မာနိုင်ငံရှိ အင်တာနက် အသုံးပြုသူများက မဇ္ဈိမသို့ ပြောကြားရာတွင် လွန်ခဲ့သည့် သီတင်းပတ် အနည်းငယ်မှစ၍ စစ်အာဏာပိုင်များသည် အင်တာနက် အသုံးပြုသူများကို စောင့်ကြည့်မှု ပိုမိုတိုးမြှင့် လုပ်ဆောင်လာခဲ့သည်ဟု ဆိုသည်။

(သတင်းကို မဇ္ဈိမသတင်းဌါန http://www.mizzimaburmese.com/content/view/517/2/ မှ ကူးယူဖေါ်ပြသည်)