Monday, March 31, 2008

၂လပြည့်တဲ့ ရက်ပေါင်း ၆၀

အနုပညာကို ခုံမင် ရူးသွပ်သူ တစ်ယောက်

ကိုယ့်ကိုယ်ကို သတ်မသေခင် “ပရိသတ်ကို လိမ်တာ အကြီးဆုံး ရာဇ၀တ်မှုမို့ ကိုယ့်ကိုယ်ကို အပြစ်ပေးတယ် ” ဆိုပြီး သေတမ်းစာ ရေးခဲ့တဲ့ Kurt Cobain ရဲ့ အနုပညာနဲ့ ပရိသတ် အပေါ် ထားတဲ့ စိတ်ထားကို လေးစားလို့ သူ့ရဲ့ အတ္ထုပတ္တိ စာအုပ် ဖတ်ချင်တယ်လို့ ထောင်ဝင်စာ တွေ့လာသူ မိခင်ကို ပူဆာတဲ့ တေးရေးသူ

အနုပညာကို ပီယဆေးလို အလွဲမသုံး ဘဲ ခံစားချက် စစ်စစ်နဲ့ ထုဆစ်ခဲ့လို့ လိပ်ပြာသန့်တယ် ဆိုတဲ့ ဘလော့ဂါ အနုပညာသည်

ကောင်းကင်မဲ့ ငှက်တစ်ကောင်လို့ ကိုယ့်ကိုယ်ကို တင်စားရင်း ပျံသန်းချင်တဲ့ တောင်ပံ တစ်စုံ အတွက် ကောင်းကင်သစ် ကို ဖန်တီး ဖွင့်လှစ် ခဲ့တဲ့သူ

ခုတော့ လူက သံတိုင်နောက်မှာ ၂လတာ.. အချိန်တွေ ကြာလင့် ခဲ့ပြီ.. ဒါပေမယ့် နင့်အတွေးတွေ စိတ်ကူးကောင်းကင်ထဲမှာ ပျော်ပျော်ကြီး ပျံသန်း နေနိုင်ပါစေ… ငြိမ်းချမ်းပါစေ သူငယ်ချင်း..

မိုးကောင်းတုန်းတော့ ရွာစေဦးပေါ့… မိုးဟာ အမြဲ မရွာနိုင်ပါဘူး …

တိမ်ညစ်တို့ ဖရိုဖရဲ
မိုးစက်တို့ စဲတဲ့တနေ့
ငြိမ်းချမ်းခြင်းရဲ့ ရှေ့မှောက်
ငါတို့ ပြန်တွေ့ကြမယ်..
ငါတို့ ပြန်တွေ့ကြမယ်…..

( ခွန်မြလှိုင် http://khunmyahlaing.myanmarbloggers.org/2008/03/blog-post_29.html ထံမှ ကူးယူဖေါ်ပြသည် )

Wednesday, March 12, 2008

နေဘုန်းလတ်ရဲ့ အတွေးအမြင်



(နေဘုန်းလတ်၏ လက်ရေးမူရင်းနှင့် စာမူကို ခွန်မြလှိုင်မှ ပေးပို့ပါသည်)

Monday, March 10, 2008

သံလွင်သစ္စာ

သူငယ်ချင်း …
တနိုင်းခနဲ့ နှိုင်းဆမှပဲ
ငါတို့ရဲ့ ထာဝရတည်တံ့မှုကို
ဒင်းတို့ တွက်ဆနိုင်မယ်…


သစ္စာနဲ့သွေးကြွေးတွေ …
အနမ်းနဲ့ မျက်ရည်တွေ …
တရားနဲ့ မိစ္ဆာတွေ …
သိက္ခာနဲ့ စကားလုံးတွေ …
သံလွင်မျက်နှာပေါ်မှာ
ငါတို့ လက်ရေးနဲ့ ဆက်ရေးနေဆဲ …


သူငယ်ချင်း
သံလွင်ကတော့
ခပ်ကြမ်းကြမ်းလည်း စီးဖူးတယ်
ပါးလျလျလည်း ဖြစ်ဖူးတယ်
သမိုင်းတွေကိုလည်း သူသိတယ် …
လူရိုင်းတွေကိုလည်း သူသိတယ် …


သူငယ်ချင်း …
သံလွင်ဆိုတာ …
တက်ကျိုးလည်း လက်ထိုးလှော်သူတွေ
လက်ကျိုးတောင် ခြေချိုးပြီးလှော်နိုင်သူတွေရဲ့
အောင်မြေသာဖြစ်တယ် …


သူငယ်ချင်း …
သံလွင်ဆိုတာ …
အမှန်တရားနဲ့ ရွက်လွှင့်သူတွေ
စိတ်ထားမြတ်သူတွေရဲ့
ကွန်းခိုရာဖြစ်တယ် …


သူငယ်ချင်း …
သံလွင်ဆိုတာ …
ဒဏ်ရာရ သူရဲကောင်းတွေ
စံပြခေါင်းဆောင်တွေရဲ့
မိခင်ရင်းဖြစ်တယ် …


သူငယ်ချင်း …
ငါတို့က သံလွင်လိုစီး …
သံလွင်နဲ့ ခရီးသွားနေသူတွေ …
တို့တွေ ဝင်သက်ကို သိနေသေးသမျှတော့ …
သံလွင်ရေ စီးမြဲစီးနေစေရမပေါ့ကွာ …


မောင်ပွတ်
(သံလွင်အိပ်မက်ထွက်ပြီလားလို့ မေးလိုက်တဲ့ ကိုနေဘုန်းလတ်အတွက်)

(ကဗျာကို Mr.Pooh မှပေးပို့သည်)

Saturday, March 8, 2008

အဲဒီနေ့မှာ …

တစ်လဆိုတဲ့ ရက်ပေါင်းသုံးဆယ်

ဘယ်လိုများ ဖြတ်သန်းခဲ့ရလဲဆိုတာကို

တွေးမိလိုက်တိုင်း

ရင်ထဲမှာ မချိအောင်နာမိတယ် အကို … ။

အချိန်ရတိုင်း ကွန်ပျူတာရှေ့မှာထိုင်ပြီး

သူချစ်တဲ့မြို့တော်ကြီးမှာ ခင်းကျင်းပြသဖို့

အနုပညာတွေကို ဖန်တီးနေတတ်တဲ့

လူငယ်တွေအတွက် အကျိုးပြုစာပေတွေ

အာရုံစူးစိုက် ရေးသားနေတတ်တဲ့ အကိုတစ်ယောက်

ခုလို အမှောင်လွှမ်းနေတဲ့ နေရာတစ်ခုမှာ

ဖွင့်အံပြချင်တဲ့ စကားလုံးတွေကို

ရင်ထဲမှာပဲ စာစီလို့

မွန်းကြပ်နေရှာရော့မယ် … ။

ကလေးငယ်တွေအတွက်

လူငယ်လူရွယ်တွေအတွက်

တိုင်းပြည်နဲ့လူမျိုးအတွက်

အားလုံးအားလုံးအတွက်

မျှော်လင့်ချက်တွေအပြည့်နဲ့

အကိုမက်ခဲ့တဲ့ အိပ်မက်တွေကို

ငရဲသားတွေလက်ထဲက လွတ်မြောက်လာမယ့်နေ့တစ်နေ့မှာ

ဆက်လက်အကောင်အထည်ဖော်ခွင့်ရမယ်လို့

ယုံကြည်ထားပါတယ် … ။

အဲဒီနေ့မှာ

နေခြည်တွေလဲ ဖြာလိမ့်မယ်

ကျေးငှက်တွေလဲ သာလိမ့်မယ်

အမှန်တရားရဲ့ ရောင်ခြည်တွေလင်းလက်လို့

မြို့တော်ကြီးတစ်ခုလုံး

ပြန်လည်အသက်ဝင်လာလိမ့်မယ်

မဝေးတော့တဲ့ အဲဒီနေ့မှာပေါ့ … ။

(ကဗျာကို ဆုဝေမှ ပေးပို့ပါသည်)

Friday, March 7, 2008

အမေ….

အမေ….

ကမ္ဘာလောကရဲ့
နေရာဒေသတစ်ခုမှာ
ဖြစ်တည်မှုအသစ်တစ်ခု
အမေဖန်တီးမှုပြုခဲ့တယ်
ဖြစ်တည်မှုရဲ့ အမည်နာမ
အမေ့ရင်ကို လှိုင်းထလောက်အောင်
ပျော်ရွှင်မှုတွေ ပီတိတွေပေး
အမေ့ရဲ့သားလေးတဲ့လေ
သားလှနောင်ရေး
စိတ်မအေးတဲ့အမေ
ရင်ဝယ်ထွေးပိုက်
နို့ချိုတိုက်လို့
မြင့်မြတ်ရိုးသား
စိတ်စွမ်းအားကို
အဓိကအမွေအဖြစ်
ပေးအပ်ချစ်ခဲ့တယ်
မှန်ကန်မှုရဲ့ အနှစ်သာရတွေ
မှားယွင်းမှုရဲ့ အနိဌာရုံတွေ
ဒါတွေဒါတွေ သီကုံးပြောကြေား
အမေ့စကားကြောင့်
အမှန်တရားရဲ့ စိတ်သန္ဓေ
သားအတွေးမှာ တည်မြဲခဲ့တယ်အမေ
ဒီလိုနဲ့ပဲ
နှစ်လတွေဟောင်း
ရာသီပြောင်းလေတော့
ယုံကြည်မှုတစ်ခုအတွက်
သားခရီးနှင်ခဲ့ရပြီ အမေ
ရိုင်းစိုင်းတဲ့မုန်တိုင်း
တိုက်ခတ်ကြမ်းပုံက
အန်တုသူမှန်သမျှ
ဖဲ့ခြွေခံရသတဲ့လေ
အဝေးတစ်နေရာက
ကြယ်စင်တွေကြွေကျခဲ့တာ
အမေမသိလိုက်လေတော့
အခုအချိန်
မျော်လင့်ချက်တွေနဲ့
နေ့ရက်တွေတည်ဆောက်
သားပြန်လာမယ့်နေ့ကို
အမေ့စောင့်နေမှာပဲနော်။ ။

နွေလေ
(အဝေးရောက်သားများကိုစောင့်မျော်နေကြသော အမေများ….သို့)

(နေဘုန်းလတ်၏ ကလောင်ခွဲ “နွေလေ” ဖြင့်ရေးထားသော ကဗျာကို မိုးလှိုင်ညမှ ပေးပို့သည်)

Sunday, March 2, 2008

မျှော်လင့်ချက်



သူငယ်ချင်း.. နင်ပြန်လွတ်မယ့် ရက်ကိုရော ငါတို့ ဘယ်လို မျှော်လင့်ရမလဲ။ ဒါပေမယ့် နင်တခါ ပြောဖူးသလိုပါပဲ။ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်သင့်လုပ်ထိုက်တဲ့ အချိန်မှာ လုပ်စရာမို့ လုပ်ပေးလိုက်ပါ။ ဘာမှ ပြန်မမျှော်လင့်ထားတော့ ဘာမှ မခံစားရတော့ဘူးပေါ့တဲ့။ နင် ပြောသလို နင်လုပ်နိုင်ခဲ့တယ်။ ငါတို့လဲ နင့်လို လုပ်နိုင်အောင် ကြိုးစားဆဲပါ သူငယ်ချင်း။

(ခွန်မြလှိုင်မှ ပေးပို့သည်)