Friday, July 25, 2008

နေဘုန်းလတ်အား ရုံးထုတ်စစ်ဆေးမှု စတင်ပြီ

ဘလော့ဂါ နေဘုန်းလတ်ကို အင်းစိန်ထောင်အတွင်း အနောက်ပိုင်းခရိုင် သီးသန့်တရားရုံးက ယခုလ ၂၂ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမှု စတင်လိုက်သည်။

အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသည့် အသက် ၂၈ နှစ်အရွယ် ဘလော့ဂါ နေဘုန်းလတ် ခေါ် ကိုနေမျိုးကျော်ကို စွဲဆိုထားသည့် အမှုသုံးခုမှ အမှုတခုကို စတင်၍ စစ်ဆေးလိုက်ခြင်း ဖြစ်သည်။

“အမှုတခုပဲ စစ်ဆေးပြီးသေးတယ်။ ကိုနေဘုန်းလတ်နဲ့ မသင်းဂျူလိုင်ကျော်တို့ ပူးတွဲအမှုဖြစ်တဲ့ ဗီဒီယို ၃၂ (ခ)/၃၆ အမှုပဲ စစ်သေးတယ်။ တရားလိုဘက်ဖြစ်တဲ့ ဒုရဲအုပ် ရဲအောင်ကိုလည်း စစ်တယ်။ သူပြောတာက ဆင်ဆာမဲ့ သီးလေးသီး အခွေ ၃ ခု သူတို့ဆီမှာ တွေ့တယ်လို့ ပြောတယ်” ဟု ကိုနေဘုန်းလတ်၏ ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

ကိုနေဘုန်းလတ်ကို ရုပ်မြင်သံကြားနှင့် ဗီဒီယိုအက်ဥပဒေ ၃၂ (ခ)/၃၆ ၊ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှု ၅ဝ၅ (ခ) နှင့် အီလက်ထရွန်းနစ် ဥပဒေ ၃၃ (က)/၃၈ တို့ဖြင့် တရားစွဲဆိုထားသည်။

ယခုလ ၈ ရက်နေ့က ရုံးထုတ်ရာတွင် အမှုစစ်ဆေးခြင်း မပြုဘဲ စွဲဆိုထားသည့် အမှု အမျိုးအမည်များကိုသာ တရားရုံးက တရားဝင် ပြောဆိုခဲ့သည်။

ဦးအောင်သိန်းက “လာမယ့် အင်္ဂါနေ့မှာတော့ အမှု ၃ ခုကို စစ်ဆေးမယ်။ ဘယ်အမှုကို စစ်ဆေးမယ် ဆိုတာတော့ မသိရသေးဘူး” ဟု ပြောသည်။

ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့သည့် စာရေးဆရာနှင့် လူငယ် ဘလော့ဂါ ကိုနေဘုန်းလတ်နှင့် မသင်းဇူလိုင်ကျော်တို့ကို ရုံးထုတ် စစ်ဆေးစဉ်အတွင်း ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း တွေ့မြင်ခဲ့ရသည်ဟု ရှေ့နေ ဦးအောင်းသိန်းက ပြောသည်။

ရုံးချိန်းရက်ကို လာမည့် အင်္ဂါနေ့သို့ ချိန်းဆိုလိုက်သည်။

(သတင်းကို မဇ္ဈိမ http://www.mizzimaburmese.com/news/inside-burma/1/1453-2008-07-25-13-13-46 မှ ရယူသည်)

သံလွင်အိပ်မက် အမှတ် (၂) ၊ အတွဲ (၂) ဖြန့်ချီ

ထိန်းသိမ်းဖမ်းဆီးခံထားရသော Blogger နေဘုန်းလတ် အယ်ဒီတာအဖြစ် ဆောင်ရွက်လျက်ရှိသော သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်း အတွဲ (၂) ၊ အမှတ် (၂) ကို ဇူလိုင်လ (၂၁) ရက်က ဖြန့်ချီလိုက်ပြီဖြစ်သည်။



ခေတ်မီအဆင့်မြှင့်ထားသော သံလွင်ဝက်ဘ်ဆိုက် (www.thanlwin.com) မှ ဖြန့်ချီလိုက်သော အဆိုပါ မဂ္ဂဇင်းကို အတွဲ(၂) ၊ အမှတ်(၁) အပြီး သုံးလအကြာတွင် ထပ်မံဖြန့်ချီလိုက်ခြင်းဖြစ်သည်။ စာရေးဆရာ၊ ဘလော့ဂ်ဂါ (၃၀) ကျော်တို့၏ စာပေလက်ရာများသာမက ဓါတ်ပုံ၊ ကာတွန်း၊ အင်တာဗျူးများကိုလည်း ယခင် သံလွင်အိပ်မက်များနည်းတူ ထည့်သွင်းထားသည်။ ယခုအပတ်တွင် နေဘုန်းလတ် ကိုယ်တိုင်ရေး ကဗျာတစ်ပုဒ်နှင့် ဆောင်းပါးတစ်ပုဒ်လည်းပါဝင်သည်။ “သီချင်းငှက်၏ စေညွှန်ရာ” ရှိ အဆိုပါဆောင်းပါးမှာ သံလွင်အိပ်မက် အမှတ် (၃) တွင် ဖော်ပြပြီးဖြစ်သော်လည်း နေဘုန်းလတ်၏ ဆန္ဒအရ ထပ်မံဖော်ပြလိုက်သည်ဟု မဂ္ဂဇင်းအတွင်းတွင် ရေးသားထားသည်။ နေဘုန်းလတ်က ထောင်ဝင်စာတွေ့လာသောမိခင်ကို ၄င်းလက်ရှိကြုံတွေ့နေရသည့် အခြေအနေများကို ဖော်ပြပေးနိုင်သော ထိုဆောင်းပါးကို ပြန်လည်ထည့်သွင်းပေးရန် သံလွင်အိပ်မက်အား အကြောင်းကြားစေသည်ဟု သိရသည်။ နေဘုန်းလတ်ကို ဖမ်းဆီးထားသည်မှာ ၆ လ ကျော်ခဲ့ပြီဖြစ်သော်လည်း တိကျသော အကြောင်းပြချက်မရှိဘဲ ပုဒ်မအမျိုးမျိုးပြောင်းတပ်ကာ ချုပ်နှောင်ထားဆဲပင်ဖြစ်သည်။

Wednesday, July 9, 2008

အထိန်းသိမ်းခံ ဘလော့ဂါ နေဘုန်းလတ် ပုဒ်မ ၅ ည ပြောင်းခံရ

မြန်မာနိုင်ငံက အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်ကိုဗွီဒီယိုအက်ဥပဒေနဲ့ ပုဒ်မတပ် ဖမ်းဆီးစွဲဆိုထားရာက နိုင်ငံရေးပုဒ်မ ၅(ည) နဲ့ ပုဒ်မပြောင်းလိုက်တယ်လို့ သိရပါတယ်။ အပြည့်အစုံကို မသင်းသီရိက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

အင်းစိန်ထောင်မှာ ဒီနေ့မနက် ကိုနေဘုန်းလတ်မိခင်က ထောင်ဝင်စာသွားတွေ့တဲ့အခါ အရင်စွဲဆိုထားတဲ့ ပုဒ်မ ၃၂(ခ) လို့ခေါ်တဲ့ ဗွီဒီယိုအက်ဥပဒေကနေ နိုင်ငံရေးပုဒ်မဖြစ်တဲ့ ၅(ည) နဲ့ ပုဒ်မပြောင်းလိုက်တယ်ဆိုတိာုနေဘုန်းလတ်က ပြောပြခဲ့တယ်လို့ မိခင်ဒေါ်အေးသန်းက ပြောပြပါတယ်။

"ဒီနေ့ အန်တီတို့ ထောင်ဝင်စာသွားတွေ့တော့ သူက ၂ ရက်နေ့၊ ဗုဒ္ဓဟူးနေ့က အရေးပေါ်စီမံချက်ပုဒ်မ ၅(ည) နဲ့ ပုဒ်မပြောင်းလိုက်တယ်လို့ပြောတယ်။ အရင်က ပုဒ်မ ၃၂(ခ)ပေါ့။ အဲဒါ အမေတို့ သိပြီးပြီလားဆိုတော့ မသိရသေးဘူးလို့ ပြောလိုက်တော့ အဲဒါဆိုသူ့ရှေ့နေကို ပြောပေးပါလို့ ပြောတယ်။"

ပြီးခဲ့တဲ့အပတ်တွေကတည်းက ကိုနေဘုန်းလတ်မှာ မျက်စိဝေဒနာ ခံစားနေရပြီး ဒီနေ့တွေ့တဲ့အခါ သူ့ရဲ့ မျက်စိအခြေအနေက ပိုဆိုးနေတာကို တွေ့ရတယ်၊ ဒါပေမယ့် အခုအချိန်အထိ ဆေးဝါးကုသခွင့် မရသေးတဲ့အတွက် မိခင်ရဲ့သောကကိုလည်း အခုလိုပြောပြပါတယ်။

"သူက လွန်ခဲ့တဲ့ သုံးပတ်လောက်ကတည်းက မျက်စိမကောင်းဘူးပေါ့။ နဂိုကတည်းက မျက်မှန်တပ်ထားရတာ။ အခု မျက်စိက ပုတ်ခတ်ပုတ်ခတ်ဖြစ်ပြီး ညဘက်ဆိုရင် ဘယ်ဘက်မျက်လုံးက မျက်ရည်ကျတယ်တဲ့။ စာလည်း အဖတ်များတာကိုး။ ဆရာဝန်ကိုတွေ့ဖို့၊ ကုသဖို့ပြောတော့လည်း အထူးကုတွေက မလာဘူးပေါ့။ အဲဒီကတည်းက အန်တီတို့ ဆရာဝန်နဲ့ ကုသခွင့်ပေးဖို့ သက်ဆိုင်ရာကိုတော့ နည်းနည်းပါးပါး ပြောထားတာပေါ့၊ အောက်ခြေ၀န်ထမ်းတွေကိုပေါ့။ လူတကိုယ်မှာ မျက်လုံးက အရေးအကြီးဆုံးပဲဆိုတော့ မျက်လုံးထိခိုက်မှာတော့ အန်တီက စိုးရိမ်တယ်။

"ပြီးတော့ ထောင်ရာဇ၀င် သမိုင်းမှာလည်း ရှိခဲ့ဖူးပါတယ်။ မျက်လုံးနဲ့ပတ်သက်ပြီး ထောင်ထဲမှာ မျက်ကြောသေသွားတာတို့၊ မျက်စိအမြင်အာရုံ မကြည်လင်တော့တာတို့ အဲဒါမျိုးတွေ ရှိခဲ့ဖူးတော့ အန်တီ့သားကိုတော့ အဲဒီလိုဖြစ်မှာ စိုးရိမ်တယ်။ သူတို့ ခေါ်သွားတဲ့အချိန်တုန်းက တကယ့် ကျန်းကျန်းမာမာ၊ သန်သန်စွမ်းစွမ်းနဲ့ ခေါ်သွားတာ။ အဓိက မျက်စိဝေဒနာ ခံစားနေရပြီဆိုတော့ အန်တီ့အနေနဲ့တော့ စိုးရိမ်တာပေါ့။"

ကိုနေဘုန်းလတ်ကို ၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီ ၂၉ ရက်နေ့ကတည်းက သူ့ရဲ့ ဘလော့ဂါ စာမျက်နှာတွေအတွက် မေးမြန်းစရာရှိတယ်ဆိုပြီး အာဏာပိုင်တွေက ခေါ်သွားခဲ့တာပါ။ ဖမ်းပြီး နှစ်ပတ်အကြာ အင်းစိန်ထောင်မှာ မိသားစုတွေနဲ့ အပတ်စဉ် တနင်္လာနေ့တိုင်း ထောင်ဝင်စာတွေ့ခွင့်ရတယ် ဆိုပေမယ့် သူ့အတွက်ငှားထားတဲ့ ရှေ့နေနဲ့ တွေ့ခွင့်ပေးတာမျိုး၊ ရုံးထုတ်စစ်ဆေးတာမျိုးကိုလည်း တခါမှ မလုပ်သေးဘဲ အခုတော့ စွဲဆိုထား
တဲ့ပုဒ်မ ပြောင်းလိုက်တာဖြစ်တယ်လို့ ကိုနေဘုန်းလတ်မိခင် ဒေါ်အေးသန်းက ဆက်ပြောပြပါတယ်။

"သူတို့သိချင်တာတွေ၊ ဘလော့ကိစ္စတွေ ဒီကြားထဲမှာ ထပ်ပြီး မေးတာမြန်းတာတွေရှိတယ်၊ လွန်ခဲ့တဲ့ တစ်လလောက်က။ အခု ငါးလလည်းကျော်လာပြီ။ အဲဒီကျော်လာတဲ့ အချိန်ကျတော့မှ ဒီလို ပုဒ်မပြောင်းတပ်လိုက်တယ်ဆိုတော့ သူတို့ အပြစ်လိုက်ရှာပြီး ပုဒ်မတခုပြီးတခု ပြောင်းတပ်တဲ့သဘောမျိုး ဖြစ်နေတာပေါ့။ မိဘအနေနဲ့တော့ စိုးရိမ်တာပေါ့။

"ဘာဖြစ်လို့လဲဆိုတော့ လူတယောက်ကို ဒီပုဒ်မနဲ့ပဲသွားတယ်ဆိုလည်း တမျိုး။ အခုတော့ ပုဒ်မက တမျိုးပြီးတမျိုး။ ဒါပေမယ့် သူတယောက်တည်းတော့ မဟုတ်ဘူးပေါ့။ ကျန်တဲ့လူတွေလည်း အကုန်လုံး ဒီလိုပဲ ပုဒ်မပြောင်းတယ်ဆိုတာတော့ ရှိတာပေါ့။ ဒါပေမယ့် သူတို့ပြောတော့ ပထမ နိုင်ငံရေးနဲ့ဖမ်းထားတာ ၅(ည) တွေဘာတွေ မရှိဘူးဆိုပြီး အခုတော့ ၅(ည) ကို တပ်လိုက်တယ်ဆိုတော့ ဘယ်လိုအဓိပ္ပာယ်လဲဆိုတာ
အန်တီတို့လည်း စဉ်းစားလို့မရဘူး ဖြစ်နေတာပေါ့။"

ကိုနေဘုန်းလတ်မိခင် ဒေါ်အေးသန်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

(သတင်းကို VOA News (http://www.voanews.com/burmese/2008-07-07-nayphonelatt-susunway.cfm)မှ ရယူသည်)

Friday, July 4, 2008

မွေးနေ့မှာ မင်္ဂလာ ရှိပါစေ သူငယ်ချင်း နေဘုန်းလတ် (By ခွန်မြလှိုင်)

ဒီနှစ် ၂၈ ဇွန်မှာ ကျရောက်တဲ့ မွေးနေ့ မွေးရက် ထပ်တဲ့ နင့်မွေးနေ့ ကို ငါမမှတ်မိလို့ ဆုတောင်း နောက်ကျတာ မဟုတ် ပေမယ့် နောက်ကျတဲ့ အကြောင်းရင်းကို နင်သိရင် နင်ကျေနပ် နေမှာ သေချာ တယ်လို့ ငါသိ နေတယ် သူငယ်ချင်း .. ငါတို့ရဲ့ မွေးနေ့ လက်ဆောင် အယ်လ်ဘမ် လေးကို နင် ကြည့်ရတဲ့ အခါ ကျေနပ်နေမယ့် နင့်ကို ငါ မြင် ယောင် နေသေးတယ်။ မွေးနေ့မှာ ပျော်မပျော် မသေချာ မယ့် နင့်ကို ပျော်ရွှင် ပါစေလို့ ငါ ဆုတောင်း မပေးရက် ပါဘူး။ မင်္ဂလာ တရား ၃၈ပါးနဲ့ အညီ နေနိုင်ရင် မင်္ဂလာ ရှိတာပဲမို့ နင့်ကို ဒီလိုပဲ မွေးနေ့ ဆုတောင်း ပေးလိုက် တယ်နော်..

ပြီးတော့ မကြာခင်က ပြီးသွားတယ် ဆိုတဲ့ ဘောလုံးပွဲ တွေတိုင်းကို ကြားတိုင်း ဘောလုံးပွဲ ကြိုက်တဲ့ နင့်ရဲ့ စကား တစ်ခွန်းကို သတိ ရမိသေးတယ်...

ဘောလုံးလေးက ပြောတယ်.. သူတို့ ပြင်းပြင်း ကန်လေ.. ကိုယ် မြင့်မြင့် ရောက်လေပေါ့.. ကိုယ်မြင့်မြင့်ရောက်တော့ အားလုံးကို အပေါ်စီးက သေချာ မြင်ရတာပေါ့တဲ့...

တချိန်က ငါဟာ သူတပါး အောင်ပွဲ ရဖို့ အတွက် အပီ ကန် ပြီး ဂိုးသွင်း ခံလိုက် ရတဲ့ လူ သား ဘောလုံး ဖြစ်ခဲ့ စဉ်က နင်က ငါ့ကို ကဗျာလေး တစ်ပုဒ် မွေးနေ့ လက်ဆောင် ပေးပြီး နှစ်သိမ့် ခဲ့ဖူးတယ်.. ခုလဲ အဲ့ဒီ ကဗျာလေး ကိုပဲ ငါ နင့်ကို ပြန်ပြီး လက်ဆောင် ပေးပါ ရစေ... ငါထပ်ပြီး ဆန္ဒပြု ဆုတောင်း ပေးလိုက်ပါတယ်...

မွေးနေ့က စပြီး အမြဲတမ်း မင်္ဂလာ ရှိပါစေ သူငယ်ချင်း...

“ အကယ် ၍”

အကယ် ၍
မင်းအသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာမင်းကြောင့်လို့
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာခေါင်းအေးအေးနဲ့ ရင်ဆိုင်မယ်ဆိုရင် …

အကယ် ၍
အားလုံးကမင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကိုနားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် …

အကယ် ၍
စောင့်သင့်တဲ့အချိန်ကိုစောင့်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင် …

ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်မတရားမုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် …

ဒါမှမဟုတ်
မင်းကိုလူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင် …

ပြီးတော့
မင်းကိုယ်မင်း လူတော်တယောက်လို့မမြင်ဘဲ
ပညာရှိစကားတွေလည်း မပြောဘူးဆိုရင် …

အကယ် ၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ်မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင် …

ပြီးတော့
အတွေးအခေါ်စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာမဖြစ်ဘဲ တွေးခေါ်နိုင်မယ်ဆိုရင် …

အကယ် ၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသောလောကဓံတရားတွေရယ်ပါလားလို့ ခံယူနိုင်မယ်ဆိုရင် …

အကယ် ၍
မင်းရဲ့အမှန်တရားတွေကို
လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာတည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် …

ဒါမှမဟုတ်
မင်းဘ၀တစ်ခုလုံးပေးပြီး အရိပ်တကြည့်ကြည့်နဲ့
ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာအရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် …

အကယ် ၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတလှည့်ကြက်တခုန်ပမာ တလှည့်တခါထဲနဲ့ ဆုံးရှုံးသွားခဲ့ရင် …

ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် …

ပြီးတော့တခါ
ဆိုးလှတဲ့ကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် …

အကယ် ၍
သူများတကာလုပ်ပြီးသွားကြလို့

အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်ထဲပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် …

အဲဒီလိုပဲ
မင်းမှာစိတ်ဓာတ်အင်အားကလွဲလို့ ဘာဆိုဘာမှမရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင် …

အကယ် ၍
လူတွေနဲ့ ထိတွေ့ပြောဆိုဆက်ဆံတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် …

ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ
လမ်းလျှောက်နေရပေမဲ့
မာန်မာနသွေးမကြွဘူးဆိုရင် …

အကယ် ၍
ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ
မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင် …

အကယ် ၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမဲ့
စွဲလမ်းမှုသံယောဇဉ်တွေ ထားမနေဘူးဆိုရင် …

အကယ် ၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိလှတဲ့ စက္က့န်ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင် …

ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလဲ
ယောင်္ကျားကောင်း တစ်ယောက်ပဲပေါ့ ……


(Kiplin ရဲ့ IF ကဗျာကို ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာဘာသာသို့ ပြန်ဆိုပါသည်၊)

(စာကို ခွန်မြလှိုင် (http://khunmyahlaing.blogspot.com/2008/07/blog-post.html)မှ ရယူသည်)