Sunday, June 27, 2010

Nay Phone Latt by Salman Rushdie

Time မဂ္ဂဇင်းကြီး၏ ၂၀၁၀ ခုနှစ်အတွက် လွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ တွင် ရွေးချယ်ခံရသော နေဘုန်းလတ်အကြောင်းကို နာမည်ကျော် စာရေးဆရာ Salman Rushdie ရေးသားထားသည့်မူရင်း။

There are two photos of Nay Phone Latt that I love. In the first one, he's in a vacant lot flying a kite. In the other, he's standing in front of a wall-size King Kong poster, a dinosaur lunging for his right ear.

Looking at these, it takes no great leap to guess what he is: a poet and blogger. And since he lives in Burma, you can guess what else he is: a prisoner.

The recipient of this years PEN/Barbara Goldsmith Freedom to Write Award, Nay Phone Latt, 29, is the voice of a generation of Burmese who are finding ways around an aging regimes desperate censorship. When the junta there cracked down on Buddhist-monk-led demonstrations in 2007 and restricted press coverage, Nay Phone Latts blog was a go-to source for international journalists. For this, he was arrested and is serving 12 years.

As Burma charts its future in this crucial year, what it really needs is kite flyers who stand up to giants. Will the generals let him go free?

(မူရင်း http://www.time.com/time/specials/packages/article/0,28804,1984685_1984949_1985235,00.html)

ကိုနေဘုန်းလတ်ကို TIME မဂ္ဂဇင်းက လွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ထည့်သွင်း

TIME (မေ ၂) - ကရင်ပြည်နယ် ဘားအံထောင်တွင် အကျဉ်းချခံထားရသော ဘလော့ဂါ ကိုနေဘုန်းလတ်ကို ကမ္ဘာကျော် TIME မဂ္ဂဇင်းကြီးမှ နှစ်စဉ်ရွေးချယ်လေ့ရှိသော လွှမ်းမိုးမှုအရှိဆုံးသော လူပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ၂၀၁၀ ခုနှစ်အတွက် ထည့်သွင်းဖော်ပြလိုက်သည်။

TIME မဂ္ဂဇင်းက ကိုနေဘုန်းလတ်ကို “သူရဲကောင်းများ” ဟူသော ကဏ္ဍအောက်တွင် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်၊ ဟောလီးဝုဒ်အကျော်အမော် မင်းသား ဂျက်လီ၊ အိုင်ဗရီကို့စ် ဘောလုံးအသင်းခေါင်းဆောင် ဒရော့ဘာ၊ တင်းနစ်ဝိဇ္ဖာ ဆရီနာဝီလျံ၊ နယ်လ်ဆင်မင်ဒဲလား၏ ဇနီးလည်းဖြစ်၊ အာဖရိကလူ့အခွင့်အရေး ခေါင်းဆောင်လည်းဖြစ်သူ မဒမ် ဂရာကာမာရှယ် အစရှိသူတို့နှင့်အတူ ၂၀၁၀ အတွက် ရွေးချယ်ဖော်ပြခဲ့ခြင်းဖြစ်သည်။

ထိုသို့ရွေးချယ်ခံရသော ပုဂ္ဂိုလ်များ၏ စွမ်းဆောင်ချက်များကို အခြားသော အထင်ကရ ပုဂ္ဂိုလ်များက ရေးသားပေးခဲ့ကြရာ ကိုနေဘုန်းလတ်အတွက် ကမ္ဘာကျော် ဗြိတိန်စာရေးဆရာကြီး Salman Rushdie က ရေးသားပေးခဲ့သည်။ Salman Rushdie သည် “ဆာ” ဘွဲ့ရ စာရေးဆရာတစ်ဦးဖြစ်သလို ဗြိတိသျှဘုရင်မကြီး ချီးမြှင့်သည့် သူရဲကောင်းဆု (KBE) ကိုလည်း ၂၀၀၇ ခုနှစ်တွင် လက်ခံရရှိထားသူဖြစ်သည်။ ၎င်းက ကိုနေဘုန်းလတ်နှင့် ပတ်သက်၍ “စစ်အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှုများအကြားမှ လွတ်လပ်မှုကို ရှာဖွေနေသော မျိုးဆက်ကောင်းတို့၏ စံပြ” ဖြစ်သည်ဟု မကြာခင်က ကိုနေဘုန်းလတ်ကို ချီးမြှင့်ခဲ့သော PEN/Barbara Goldsmith Freedom လူ့အခွင့်အရေးဆုကို ရည်ညွှန်းရေးသားထားသည်။

ကိုနေဘုန်းလတ်ကို ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၁၂ နှစ်ကျခံနေရသူဖြစ်သည်။

(မူရင်း http://www.thanlwin.com/new/index.php?option=com_content&view=article&id=2029:-time-&catid=1:latest-news&Itemid=105)

ဘလော့ဂ်ဂါ နေဘုန်းလတ် PEN ကလောင်အဖွဲ့ရဲ့ လွတ်လပ်စွာ ရေးသားခွင့်ဆု ချီးမြှင့်ခံရ (VOA News)

ဘားအံထောင်မှာ အကျဉ်းချခံနေရတဲ့ ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်ကို အမေရိကန်နိုင်ငံ နယူးယောက်ခ်မြို့ အခြေစိုက် PEN American သတင်းလွတ်လပ်ခွင့် စောင့်ကြည့်ရေး ကလောင်ရှင်များ အဖွဲ့ကြီးက ၂၀၁၀ ခုနှစ်အတွက် Barbara Goldsmith လွတ်လပ်စွာ ရေးသားခွင့်ဆုကို ချီးမြှင့်လိုက်ပါတယ်။ သူ့ရဲ့ ရေးသားမှုတွေကို စစ်အစိုးရက မနှစ်သက်လို့ အကျဉ်းချထားပေမဲ့ ကမ္ဘာက နှစ်သက်တယ် ဆိုတာကို ဒီဆုချီးမြှင့်ခံရတာက သက်သေပြနေတယ်လို့ ကိုနေဘုန်းလတ်ရဲ့ မိသားစုဝင်တွေကလည်း ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကမ္ဘာ့နိုင်ငံ အသီးသီးမှာရှိတဲ့ စာပေရေးသားသူတွေရဲ့ အတွေးအခေါ်၊ အရေးအသားတွေကို လွတ်လပ်စွာ ခံစားနိုင်ခွင့်၊ လွတ်လပ်စွာ တင်ပြနိုင်ခွင့် ရှိစေဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံပေါင်း ၁၀၁ နိုင်ငံ ပါဝင်တဲ့ PEN American အဖွဲ့ကြီးက ၂၀၁၀ အတွက် လွတ်လပ်စွာ ရေးသားခွင့်ဆုကို မြန်မာနိုင်ငံသား ကိုနေဘုန်းလတ်ကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၅၀ ကျော် စာပေသမားတွေအတွက် ဆောင်ရွက်နေတဲ့ ဒီ နိုင်ငံတကာ အဖွဲ့ကြီးက မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ထုတ်ဖော်ရေးသားမိလို့ အကျဉ်းကျခံခဲ့ရတဲ့ ကိုနေဘုန်းလတ်ကို ရွေးချယ်ခဲ့တယ်လို့ နိုင်ငံတကာ လွတ်လပ်စွာ ရေးသားခွင့်ဆိုင်ရာ Freedom of Write International Program အဖွဲ့ ညွှန်ကြားရေးမှူး လယ်ရီ ဆီယမ်က ပြောပါတယ်။

“သူဟာ တကယ်အရေးပါတဲ့ လူငယ် ဖန်တီးရှင် တယောက်မို့ ကျနော်တို့က ဆုပေးဖို့ ရွေးချယ်လိုက်တာပါ။ သူဟာ ကွန်ပျူတာ အင်တာနက်သုံး ရေးသားကြတဲ့ မြန်မာလူငယ်တွေကို ကိုယ်စားပြုနိုင်တဲ့ ကလောင်ရှင်တယောက် ဖြစ်တဲ့အပြင် သူကိုယ်တိုင် ရေးသားတင်ပြချက်တွေကလည်း လူထုအသံတခု ဖြစ်နေပါတယ်။ ဥပမာ မြန်မာနိုင်ငံထဲက ၂၀၀၇ ခုနှစ် လူထုအုံကြွမှုလိုမျိုး နိုင်ငံတကာက လက်လှမ်းမမီတဲ့ သတင်းတွေကို ရေးသားတာမျိုးပါ။”

ကိုနေဘုန်းလတ်ကို အခုလို PEN American အဖွဲ့ကြီးက ရွေးချယ်ခဲ့တာကို သင်္ကြန်အကျနေ့မှာ သိခဲ့ရတယ်လို့ ညီဖြစ်သူ ကိုသူရကျော်က ပြောပါတယ်။

“ဟုတ်ကဲ့၊ သင်္ကြန်အကျနေ့မှာ သူတို့ ကြေညာလိုက်တယ်ဆိုတာ သိတယ်။ သိတော့ ကျနော့်အကို အတွက်တော့ ဂုဏ်ယူပါတယ်။ သူက လူငယ်တယောက် အနေနဲ့ စာတွေရေးတယ်၊ သူ့စိတ်ထဲ ရှိတဲ့အတိုင်း၊ အမှန်အတိုင်း ရေးတာတွေ ရှိတယ်။ သူ စာပေရေးတာလည်း ၀ါသနာပါတယ်။ စာပေနဲ့ပတ်သက်ပြီး ဒီလို သူ့ကို မှတ်တမ်းတင် ဂုဏ်ပြုတယ်ဆိုတော့ ကျနော်တို့ ဂုဏ်ယူပါတယ်၊ ၀မ်းလည်း ၀မ်းသာတယ်၊ သူ့အတွက်။”

ထောင်အပြောင်းအရွှေ့ သတင်းရော ဘာကြားသေးလဲ။

“မကြားပါဘူး။ အမိန့်ချပြီးကတည်းက အင်းစိန်ထောင်ကနေ ဘားအံကိုပဲ ပို့လိုက်တာပါ။ အခုထိတော့ ထောင်အပြောင်းအရွှေ့ မရှိသေးပါဘူး။ လောလောဆယ်တော့ ဘားအံထောင်မှာပါ။”

သူ့ကျန်းမာရေးရော ကောင်းရဲ့လား။

“ကျန်းမာရေးတော့ ကောင်းပါတယ်။ သူက အပြင်မှာကတည်းက မျက်လုံးတွေ ဘာတွေ နည်းနည်း အားနည်းတဲ့သူဆိုတော့ တခါတလေ မျက်လုံးကိုက်တာတော့ ရှိတာပေါ့။ ကျန်တဲ့ ကျန်းမာရေးက လောလောဆယ်တော့ ကောင်းပါတယ်။ အခုလိုမျိုး သူ့ရဲ့ လုပ်ရပ်တွေအတွက် ဆုချီးမြှင့်တဲ့ ပုံစံမျိုးတွေ ကြားရတဲ့အတွက် ညီတယောက် အနေနဲ့တော့ ဂုဏ်ယူပါတယ်။

“သူ့ကို မြန်မာပြည်က လူတစုက သူ့လုပ်ရပ်တွေကို သဘောမကျလို့ ဒီလိုမျိုး အကျဉ်းချတဲ့ ပုံစံမျိုး ရှိတယ်ပေါ့။ ဒါပေမဲ့ နိုင်ငံတကာမှာ ရှိနေတဲ့ လူတွေက သူ့ရဲ့လုပ်ရပ်တွေကို လက်ခံတယ်၊ သဘောကျတယ်ဆိုတဲ့ ပုံစံမျိုး သိရတယ်လေ၊ ဒီလို ဆုပေးတဲ့အတွက်ကြောင့်။ အဲဒီအတွက်ကြောင့်လည်း ၀မ်းသာပါတယ်၊ ဂုဏ်ယူတယ်ပေါ့။”

ကိုသူရကျော် ပြောပြသွားတာ ဖြစ်ပါတယ်။ ကိုနေဘုန်းလတ်ရဲ့ မိခင်ဖြစ်သူ ဒေါ်အေးအေးသန်းကလည်း သားဖြစ်သူအတွက် ဂုဏ်ယူနေတယ်လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုနေဘုန်းလတ်ဟာ ၂၀၀၇ ခုနှစ် သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင် လူထု အုံကြွမှုမှာ တွေ့ကြုံခံစားရတဲ့ ဖြစ်ရပ်မှန်တွေကို သူ့ရဲ့ ဘလော့ဂ်ကတဆင့် ကမ္ဘာကသိအောင် ရေးသားခဲ့သူတဦး ဖြစ်ပါတယ်။ သူ့ကို ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက်နေ့မှာ မြန်မာစစ်အစိုးရက နိုင်ငံတော် အရေးပေါ် အက်ဥပဒေ ပုဒ်မနဲ့ ဖမ်းဆီးပြီး အင်းစိန်ထောင်မှာ အကျဉ်းချထားရာက နှစ်ကုန်လောက်မှာ ၂၆ နှစ် ပြစ်ဒဏ် စီရင်ပြီး ဝေးလံလှတဲ့ ဘားအံထောင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလထဲမှာတော့ ရန်ကုန်တရားရုံးက ပြစ်ဒဏ်ကို ၁၂ နှစ်အထိ လျှော့ချခဲ့ပါတယ်။

PEN American အဖွဲ့ကတော့ သူလွတ်မြောက်စေဖို့အတွက် တောင်းဆိုမယ်လို့ မစ္စတာ ဆီယမ်က ပြောပါတယ်။

“ကိုနေဘုန်းလတ် လွတ်မြောက်စေဖို့အတွက် ကျနော်တို့ အစိုးရကိုရော၊ မြန်မာစစ်အစိုးရကိုပါ ဖိအားပေး တောင်းဆိုကြမှာပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကိုရော သမ္မတ အိုဘားမား (Obama) ကပါ မြန်မာစစ်အစိုးရကို ဖိအားပေးဖို့လည်း တောင်းဆိုပါတယ်။”

PEN American ကလောင်ရှင်များ လွတ်လပ်ခွင့် စောင့်ကြည့်ရေး အဖွဲ့ကြီးက ၁၉၉၆ ခုနှစ်မှာ စာရေးဆရာမ မသီတာနဲ့ ၂၀၀၂ ခုနှစ်တုန်းက စာနယ်ဇင်းသမား တဦးဖြစ်တဲ့ ကဗျာဆရာ အောင်မြင့်တို့ကိုလည်း လွတ်လပ်စွာ ရေးသားခွင့်ဆုတွေ ပေးအပ်ခဲ့ပါတယ်။ ၂၀၁၀ အတွက် ဆုချီးမြှင့်ပွဲကိုတော့ ဧပြီလ ၂၇ ရက်နေ့မှာ နယူးယောက်ခ်မှာ ကျင်းပမှာ ဖြစ်ပေမဲ့ ကိုနေဘုန်းလတ်အတွက် ဆုလက်ခံယူမယ့်သူကို မသိသေးဘူးလို့လည်း ပြောပါတယ်။

(မူရင်း http://www1.voanews.com/burmese/news/a-27-2010-04-19-voa3-93621479.html)

ကိုနေဘုန်းလတ်ကို နိုင်ငံတကာ လူ့အခွင့်အရေးဆု ချီးမြှင့်

နယူးယောက် (ဧပြီ ၁၄) - ကရင်ပြည်နယ် ဘားအံထောင်တွင် အကျဉ်းချခံထားရသော ဘလော့ဂါ ကိုနေဘုန်းလတ်ကို အမေရိကန် အခြေစိုက် PEN American Center/IFEX ခေါ် International Freedom of Expression eXchange မှ PEN/Barbara Goldsmith Freedom to Write Award (လွတ်လပ်စွာ ဖော်ထုတ်ရေးသားခြင်းဆိုင်ရာဆု) ကို ချီးမြှင့်လိုက်ကြောင်း သိရသည်။

အဆိုပါဆုသည် လွတ်လပ်စွာ ဖော်ထုတ်ရေးသားခြင်းကြောင့် ပြစ်ဒဏ်အသီးသီး ကျခံနေရသူများအား ဂုဏ်ပြုချီးမြှင့်သည့် လူ့အခွင့်အရေးဆိုင်ရာ ဆုတစ်ခုဖြစ်သည်။ ယခုနှစ်အတွက် ကိုနေဘုန်းလတ်ကို သူ၏ စာပေ၊ လူငယ်များအတွက် ရည်ရွယ်ရေးသားချက်များအား ရည်ရွယ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယခုလ ၂၇ ရက်နေ့တွင် နယူးယောက်မြို့ အမေရိကန် သဘာဝသမိုင်းပြတိုက်တွင် ကျင်းပမည်ဖြစ်ပြီး PEN American Center အဖွဲ့၏ နှစ်ပတ်လည် အခမ်းအနားလည်းဖြစ်သည်။

PEN American Center ၏ ဥက္ကဌဖြစ်သူ Kwame Anthony Appiah က “နေဘုန်းလတ်ဟာ အမှန်တရားကို ခုခံကာကွယ်ပြောဆိုရဲပြီး လွတ်လပ်မှုကိုလိုလားတဲ့ လူငယ်ထုကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်ပါ” ဟု ပြောကြားခဲ့သည်။ ဆုချီးမြှင့်ခံရခြင်းနှင့် ပတ်သတ်၍ ကိုနေဘုန်းလတ်၏ မိခင်ဖြစ်သူ ဒေါ်အေးအေးသန်းကို DVB သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ “အန်တီတော့ ဝမ်းသာတာပေါ့။ သားရဲ့ စာပေအတွက် ဆုချီးမြှင့်ခံရတဲ့အတွက်ကြောင့်၊ ကမ္ဘာ့နိုင်ငံအသီးသီး အသိအမှတ်ပြုတာ ဝမ်းသာပါတယ်။ သားလည်း ဝမ်းသာမှာပါ။ ဒီလိုအသိအမှတ်ပြုခံရတာကို အားလုံးကို ကျေးဇူးတင်ပါတယ် ” ဟု ဖြေကြားခဲ့သည်။

သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း၏ အယ်ဒီတာ တစ်ဦးလည်းဖြစ်သူ ကိုနေဘုန်းလတ်ကို ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ဖမ်းဆီးခဲ့ပြီး ထောင်တွင်း မျက်ကွယ်တရားရုံးမှ ထောင်ဒဏ် နှစ် ၂၀ နှင့် ၆ လချမှတ်ခဲ့ကာ ဘားအံထောင်သို့ ပို့ဆောင်ခဲ့သည်။ မိသားစုမှ အယူခံအဆင့်ဆင့် ဝင်ရောက်ခဲ့ရာမှ ၂၀၀၉ ခုနှစ် ဧပြီလတွင် ထောင်ဒဏ် ၁၂ နှစ်သို့ ပြောင်းလဲပေးခဲ့သည်။ ယခု ကိုနေဘုန်းလတ် ချီးမြှင့်ခဲ့ရသောဆုသည် သူ့အတွက် ဒုတိယမြောက် နိုင်ငံတကာဆုတစ်ခုဖြစ်သည်။ ပထမဆုံး ချီးမြှင့်ခံရသည့်ဆုမှာ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလအတွင်းက RSF ခေါ် နယ်စည်းမခြား သတင်းထောက်များအဖွဲ့မှ ပေးအပ်ခဲ့သော ဆိုက်ဘာအတိုက်အခံဆုဖြစ်ပြီး သရုပ်ဆောင် ဇာဂနာနှင့်အတူ ပူးတွဲရရှိခဲ့ခြင်းဖြစ်သည်။

(မူရင်း http://www.thanlwin.com/new/index.php?option=com_content&view=article&id=1998%3A2010-04-17-06-27-32&Itemid=105)


သံလွင်အိပ်မက် မဂ္ဂဇင်း အတွဲ(၃) အမှတ်(၄) တွင် နေဘုန်းလတ်၏ ပေးစာပါဝင်



အကျဉ်းချခံထားရသော နေဘုန်းလတ် အယ်ဒီတာအဖြစ် တာဝန်ယူလျက်ရှိသော သံလွင်အိပ်မက် မဂ္ဂဇင်း အတွဲ(၃) အမှတ်(၄) ကို ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က www.thanlwin.com မှ တဆင့် ဖြန့်ချီခဲ့ရာ သူ၏ “ညီလေးရေ (၃)” ပေးစာတစ်ပုဒ်ကို ဖတ်ရှုနိုင်ကြောင်းသိရသည်။





သံလွင်အိပ်မက်မဂ္ဂဇင်း (၅) နှစ်ပြည့်အထူးထုတ်တွင် နေဘုန်းလတ်၏ ဝတ္ထုတိုအသစ် တစ်ပုဒ်နှင့် ပေးစာပါဝင်

၂၀၀၄ ခုနှစ် သြဂုတ်လ ၁၇ ရက်မှ စတင်ဖြန့်ချီခဲ့သော သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း၏ (၅) နှစ်ပြည့် အထူးထုတ်အဖြစ် အတွဲ (၃) ၊ အမှတ် (၃) ကို ၂၀၀၉ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က ဖြန့်ချီလိုက်ရာ အထူးကဏ္ဍများ၊ ပင်တိုင် စာရေးဆရာများ၏ လက်ရေးမူဖြင့် ရေးသားထားသော အမှတ်တရစကားများ၊ ယခုလအတွက် ခေါင်းစဉ်ဖြစ်သော “ဆင်းရဲမွဲတေမှုပြဿနာ” ဆိုင်ရာ ဆောင်းပါးများ၊ အကျဉ်းချခံထားရသည့် သံလွင်အိပ်မက် အယ်ဒီတာ နေဘုန်းလတ်၏ ဝတ္ထုတိုအသစ် တစ်ပုဒ်နှင့် ပေးစာ၊ စိတ်ဝင်စားဖွယ် အင်တာဗျူးများ၊ အက်ဆေး၊ ဝတ္ထုတို အစရှိသော ပါဝင်နေကျကဏ္ဍများ ဝေဝေဆာဆာပါရှိလာကြောင်း သိရသည်။ ထို့အပြင် အထူးကဏ္ဍအောက်တွင် အယ်ဒီတာများ၏ အမှတ်တရ အက်ဆေးများကို စုစည်းဖော်ပြထားရာ နေဘုန်းလတ်၏ “ကျွန်တော်နှင့် သံလွင်အိပ်မက်” ကို ဖတ်ရှုရမည်ဖြစ်သည်။



ကိုနေဘုန်းလတ်၏ “ပွင့်ရဲတဲ့ပန်း” အမည်ရှိ ဝတ္ထုတိုကို ဤနေရာ တွင်လည်းကောင်း၊ “ ညီလေးရေ (၂)” အမည်ရှိ ပေးစာကို ဤနေရာ တွင်လည်းကောင်း ဖတ်ရှုနိုင်ပါသည်။