Tuesday, June 30, 2009
လွတ်မကျတော့တဲ့ မြို့တော်
ရင်ဘတ်ထဲမှာပဲ ကိုက်မြိုထားရတဲ့
ကြိုးပြတ်နေတဲ့ ဂစ်တာတစ်လက်ဟာ ကျွန်တော်ဖြစ်တယ်… ”(နေဘုန်းလတ်) .....တဲ့။
လောကအလှတရား
ခံစားချင်တိုင်း ခံစားလို့ ရနေတဲ့ လူသားတွေထဲမှာ
ငါတို့မပါတာ နာလိုက်တာ။
ရင်ဖွင့်ချင်တဲ့ စကား
နှုတ်ဖျားက ပွင့်ပွင့်လင်းလင်းပြောနေကြတဲ့ လူသားတွေထဲမှာ
ငါတို့မပါတာ နာလိုက်တာ။
ကမ္ဘာမြေမှာ ခြေစုံရပ်
သွားချင်တဲ့ အရပ် သွားလို့ရနေတဲ့ လူသားတွေထဲမှာ
ငါတို့မပါတာ နာလိုက်တာ။
အရသာစုံ ဆီဦးထောပတ်
လျှာအရသာခံ စားတတ်ကြတဲ့ လူသားတွေထဲမှာ
ငါတို့မပါတာ နာလိုက်တာ။
ငါတို့ရဲ့ရှင်သန်မှု
ငါတို့ရဲ့ လွတ်လပ်မှု
ငါတို့ရဲ့ပျော်ရွှင်မှုတွေအတွက်
ငါတို့ရဲ့သတ္တိတွေ ဓါးသွားလိုထက်
လှပတဲ့ မြို့တော်သစ်လေး တည်ဆောက်ကြဖို့ ခရီးဆက်
ငါ့တို့လက်ထဲက မြို့တော် လွတ်မကျစေရဘူး...
ဒီတစ်ခါ...
ညီလေး…မင်းလက်ထဲက မြို့တော်လွတ် မကျစေနဲ့တော့....။
(ဝင်းလတ်)
ကိုနေဘုန်းလတ် ဇွန်၂၈ရက်နေ့ (၂၉)နှစ်ပြည့်မွေးနေ့ လက်ဆောင်
(မူရင်း http://winnlatt.blogspot.com/2009/06/blog-post_29.html)
မွေးနေ့ရှင် မရှိတဲ့ မွေးနေ့များ
ရုပ်ဆိုးလွန်းတယ်
မွေးနေ့ရှင် မရှိတဲ့ မွေးနေ့တွေ
မြန်မာနိုင်ငံမှာ ကျင်းပ
ကမ္ဘာမှာ ကျင်းပ
ဘာကြောင့် ကိုးရက်ပဲ ခြားရသလဲ
မွေးနေ့ရှင်တွေ မရှိတဲ့ မွေးနေ့ပွဲ
ပြည်တွင်းပြည်ပမှာ ခြိမ့်ခြိမ့်သဲနေတယ်
နေဘုန်းလတ်ရေ
နင်တခါပြောဖူးရဲ့
ဘာမှ ကိုယ်ထိလက်ရောက် ကူညီမှု မလုပ်နိုင်
ဘာမှ ကိုယ်တိုင်ရပ်တည်မှုတောင် မလုပ်နိုင်ပေမယ့်
ဖြစ်တည်မှုလေး တစ်ရပ်တည်းနဲ့တင်
ပတ်ဝန်းကျင်မှာ အားသစ်ဝေစေနိုင်တဲ့ သူတွေ ရှိသတဲ့
အဲဒီစကား မှန်ကြောင်း
ဒီမွေးနေ့ပွဲတွေက သက်သေပြခဲ့ပေါ့
မွေးနေ့ရှင်တို့ရေ
ရှင်တို့ ကျမ်းမာအောင် နေရမယ်
ရှင်တို့ ကြံ့ခိုင်အောင် နေရမယ်
ရှင်တို့ ရဲ့ လွတ်မြောက်မှုဟာ
ကျွန်မတို့ရဲ့ လွတ်မြောက်မှုကို ဖော်ဆောင်နေတယ်
ရှင်တို့ရဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုဟာ
ကျွန်မတို့ အတွက် ခွန်အားလဲ ဖြစ်တယ်
ဒါကြောင့်
ဘယ်နေရာ ရောက်ရောက်
ဘယ်လိုအခြေအနေရောက်ရောက်
မွေးနေ့ပွဲပေါင်း များစွာကို
ကျန်းမာ ကြံ့ခိုင်စွာနဲ့
ကျော်ဖြတ်နိုင်ကြပါစေ
ရှင်တို့ရဲ့နောက်
ကျွန်မတို့ ရောက်နေပေါ့…
(ခွန်မြလှိုင်)
(၂၀၀၉ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင်ကျရောက်သော ကိုနေဘုန်းလတ်၏ ၂၉ နှစ်မြောက် မွေးနေ့အတွက် ခွန်မြလှိုင် ခံစားရေးဖွဲ့သည်)
(မူရင်း - http://khunmyahlaing.blogspot.com/2009/06/blog-post_29.html)
Sunday, June 28, 2009
၂၀၀၉/၂၉ ထောင့်မကျိုးတဲ့ ကမ္ဘာ
၂၀၀၉/၂၉ ထောင့်မကျိုးတဲ့ ကမ္ဘာ
လက်ခုပ်သံတဖြောင်းဖြောင်းတော့
မပါဘူးပေါ့အစ်ကို...။
ကျွန်တော်တို့ အစ်ကို့အတွက် ဆုတောင်းနေတယ်...။
ပြီးတော့ ကျွန်တော်တို့ တစ်နိုင်ငံလုံးအတွက်ဆုတောင်းနေတယ်
ပြန်ပေးသမားလက်ကနေ
ကျွန်တော်တို့ တရားဥပဒေတွေလွတ်မြောက်ဖို့
ကျွန်တော်တို့ နိုင်ငံတော် လွတ်မြောက်ဖို့
၂၀၀၉ မှာ အစ်ကို့အသက် ၂၉ နှစ်ပြည့်ပြီ
အစ်ကိုနဲ့ ကျွန်တော်တို့ ချစ်မက်ခဲ့တဲ့ ကမ္ဘာကြီးကတော့
၂၀၀၉ အထိဒေါင့်မကျိုးသေးဘူးအစ်ကို
ကမ္ဘာဟာ ကျွန်တော်တို့အတွက် ဘယ်တုန်းကမှမပြားသေးပါဘူး
အစ်ကိုကတော့ အမှောင်တိုက်ထဲမှာ တိတ်တိတ်ဆိတ်ဆိတ်
ရင့်ကျက်နေမယ်...
ကျွန်တော်တို့ က အလင်းတစ်ဝက် အမှောင်တစ်ဝက်
ဘ၀ကို ပြာယာခတ်နေတုန်း...
တာဝန်မကြေတာကို မုန်းတယ်အစ်ကို
တာဝန်မသိတာကို ပိုမုန်းတယ်
အဲဒီထက်အဆိုးဆုံးကတော့
တသုံးလုံးသမားတွေပါပဲ...
အဲဒါကို အစ်ကိုလည်းရေးခဲ့ဖူးတယ်
ကျွန်တော်လည်းရေးနေတုန်းပဲ
(မိုးလှိုင်ညရေ ... ကျည်ဆန်တွေပလူပျံနေတဲ့ ကောင်းကင်မှာ မင်းတို့ငါတို့ရဲ့ ကလောင်သွားတွေက အသက်ခန္ဓာမြဲနေသရွေ့ ရေးသင့်တဲ့စာသားတွေကို ရေးခြစ်နေဦးမှာပါ ...။ ဓါးသွားထက် ကလောင်သွားက ပိုထက်တယ်တဲ့ ... ဒါဆို စစ်သေနတ်တွေထက်ရော ... ငါတို့ကလောင်သွားတွေ ပိုပြီးထက်မြက်နိုင်ဦးမလား ။ ဘာပဲဖြစ်ဖြစ် အမဲရောင် ကားချပ်မှာ တစ်ချက်လေးပဲဖြစ်ဖြစ် အလင်းစစ်တွေကို ငါတို့ ဆက်လက်ရေးခြစ်ကြမယ် ...။)
အလင်းစစ်စစ်တွေအတွက်လားအစ်ကို
အစ်ကိုအတွက် ကဗျာတစ်ပုဒ်၊ အက်ဆေးတစ်ပုဒ်၊
ဝတ္ထုတစ်ပုဒ်အတွက် တန်ဖိုးကြီးကြီးပေးထားခဲ့ရပြီလား...
ကမ္ဘာမကြေမပါဘူး ...
အနင်းခံရတဲ့မြက်တွေပိုသန်သလို...
ခေတ်ကြီး ခါးချိုးချလည်း
ကျွန်တော်တို ဦးခေါင်းတွေဘယ်တော့မှ
ဦးညွှတ်မကျစေရဘူးအစ်ကို....။
မိုးလှိုင်ည
(ဘားအံအကျဉ်းထောင်ထဲမှာ တစ်ကိုယ်တော်မွေးနေ့ပွဲကျဉ်းပနေရတဲ့ ကိုနေဘုန်းလတ်သို့)
(မူရင်း - http://moehlaingnya.blogspot.com/2009/06/blog-post_27.html )
Tuesday, April 21, 2009
သံလွင်အိပ်မက် အတွဲ ၃ ၊ အမှတ် ၂ ထုတ်ဝေ၊ နေဘုန်းလတ်၏ ကဗျာနှင့် ဝတ္ထုတစ်ပုဒ်ပါဝင်လာ

နေဘုန်းလတ်၏ “စိတ်ကူးအိမ်ပြန်” ကဗျာဖတ်ရန်
နေဘုန်းလတ်၏ “ညီလေးရေ” ဝတ္ထုတိုဖတ်ရန်
သင်ရိုးမရှိတဲ့ကျောင်း
ခေါင်းလောင်းသံမညံပေမယ့်
ဒေါင်ဒင်သံမှန်မှန်နဲ့စဖွင့်
ဒီကျောင်းတော်ကြီးဟာ
တခါးကို လှစ်ယုံသာလှစ်တယ်။
ဒီကျောင်းတော်ကြီးမှာ
ကံ့ကော်လည်းမပွင့်
စိန်ပန်းလည်းမဝေ
အဓိပတိလမ်းဆိုတာဝေး
ခေါက်တုံ့ခေါက်ပြန် လမ်းကလေးတော့ရှိတယ်။
“စာမျက်နှာတွေ မရှိပေမယ့်
နှလုံးသားနဲ့ တွေးကြည့်ရင်
ပြဌာန်းစာအုပ်ကို မြင်လိမ့်မယ်” တဲ့
စီနီယာတစ်ယောက်ရဲ့စကား
ပထမဆုံး မှတ်သားထားလိုက်တယ်။
ခေါက်ရိုးကျိုးနေတဲ့
စာရွက်ဟောင်းတစ်ခုရဲ့အသံ
“နာခံမှုကို သင်ယူလိုက်ဦး” ပေါ့တဲ့
ဟင့်အင်း . . . စိတ်ရဲ့လွတ်လပ်ခြင်းကိုပဲ
ငါလေ့လာကြီးပြင်းမယ်
သင်ရိုးဟောင်းတွေ အကုန်ဘေးဖယ်။
နေဘုန်းလတ်
(မူရင်း - http://www.thanlwin.com/new/index.php?option=com_content&task=view&id=624&Itemid=194)
Monday, November 17, 2008
အနှစ်နှစ်ဆယ်
မင်းသိတာနောက်ကျနေတယ်ဟေ့ရောင် ငါတို့နာကျင်ပြီးနေပြီ
လွန်ခဲ့သောအနှစ်နှစ်ဆယ် ငါမမွေးသေးဘူး
မျှော်လင့်ရင်းသေဆုံး ငါတောင်ကံကောင်းလို့လူဖြစ်လာတယ်မှတ်
နောင်လာမဲ့အနှစ်နှစ်ဆယ် အပ်ကြောင်းထပ်အမုန်းတရားနဲ့အနာဂတ်ဆက်ပျောက်ဦးမယ်
အောင်ပွဲခံသူခံ လဲကျသူကျနဲ့ ငရဲခန်းနဲ့အနှိပ်ခန်း အနှစ်နှစ်ဆယ်စာထပ်ခြားနား
လူသားတစ်ယောက်ဘဝတုံးနေဦးမဲ့ အနှစ်နှစ်ဆယ်
ခံစားတတ်သူများ ငိုကြွေးနေကြဦးမဲ့အနှစ်နှစ်ဆယ်
ဖန်တရာတေနေဦးမဲ့ အတိတ်ကကဲ့သို့သော အနှစ်နှစ်ဆယ်
ဒီမယ်ဟေ့လူ .... နောင်အနှစ်နှစ်ဆယ် ခင်ဗျားရောဘာဖြစ်နေမယ်ထင်လဲ
တစ်ခုတော့ရှိတယ် မွေးရပ်မြေလေးသွားမချစ်လိုက်လေနဲ့ ဒါကအနှစ်နှစ်ဆယ်
အို..ကုန်ကုန်ပြောမယ်ဗျာ... ခင်ဗျား ဗွီဒီယိုစိတ်ဝင်စားလား ဒါလည်းအနှစ်နှစ်ဆယ်ပဲ။
မစ်(စ်)သွန်းသွန်း
(စာကို မစ်(စ်)သွန်းသွန်း http://missthonnthonn.blogspot.com/2008/11/blog-post_11.htmlမှ ရယူသည်)
အနှစ်နှစ်ဆယ်
ဟိုနားဒီနား လျှောက်သွားနေတဲ့ ဝေါဟာရ
ဒါပေမယ့် ရွေးချယ်စရာက မရှိတော့ဘူး
ရှေ့မှာ အနှစ်နှစ်ဆယ်စာကြီးက ပက်လက်မျောနေတယ်
နောက်ပြန်လှည့်ကြည့်လိုက်တော့လည်း မျောခဲ့တာ အနှစ်နှစ်ဆယ်ပဲ
ခေါင်းငုံ့နေလိုက်မလား ကြာသွားမယ်အနှစ်နှစ်ဆယ်
ဒါဆိုခေါင်းမော့ကြည့်ရဲသလား တွေ့သွားမယ်အနှစ်နှစ်ဆယ်
အနှစ်နှစ်ဆယ်လုံးလုံး အိပ်မက်ကတစ်မျိုးထဲရယ်
အနှစ်နှစ်ဆယ်ထောင်ချောက်ထဲမှာ အနှစ်နှစ်ဆယ်တေးတွေပဲ တီးကြဆိုကြ
ဒီလိုဆို နောင်အနှစ်နှစ်ဆယ်ကြာဘ၀တွေထဲကလည်း
အသက်နှစ်ဆယ် ထည့်ထည့်နုတ်နေကြရဦးမယ်
အနှစ်နှစ်ဆယ်ကိုရင်းပြီး အနှစ်နှစ်ဆယ်ကို ဖဲ့ထုတ်ဖို့တဲ့
သို့ဖြစ်လေရာ ခင်ဗျားတို့နဲ့ ကျုပ်တို့ စကားတစ်ခွန်းလောက် ပြောလိုက်တိုင်းမှာ
အနှစ်နှစ်ဆယ်စာ တန်နေတာ ဘယ်တော့မှ မမေ့ပါနဲ့ …။
(စာကို ပန်ဒိုရာ http://pandora-and-pandora.blogspot.com/2008/11/blog-post_11.htmlမှ ရယူသည်။)
Wednesday, October 22, 2008
သံလွင်အိပ်မက် အမှတ် ၂ ၊ အတွဲ ၃ တွင် နေဘုန်းလတ်၏ ကဗျာနှင့်ဆောင်းပါးပါဝင်
နေဘုန်းလတ်၏ “ဝေါဟာရတစ်ခု၏နောက်ကွယ်” ဆောင်းပါးမှာ စံပယ်ဖြူမဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြဖူးသော ဆောင်းပါးကောင်းတစ်ပုဒ်ဖြစ်ပြီး နေဘုန်းလတ်၏ ပင်ကိုရေးဟန်အတိုင်း လူငယ်တို့အတွက်၊ ပညာရေးအတွက် စေတနာဖြင့် ထောက်ပြတိုက်တွန်းချက်လေးများကို ဖတ်ရှုရမည်ဖြစ်သည်။ ကဗျာကိုတော့ နေဘုန်းလတ်ကို ရုံးထုတ်စစ်ဆေးစဉ် သံလွင်အိပ်မက်အတွက် ရည်ရွယ်ကာ နှုတ်ဖြင့်အလွတ်ရွတ်ဆိုပေးခဲ့ခြင်းဖြစ်သည်။
နေဘုန်းလတ်၏ ဆောင်းပါးကို http://www.thanlwin.com/new/index.php?option=com_content&task=view&id=324&Itemid=189 နှင့် ကဗျာကို http://www.thanlwin.com/new/index.php?option=com_content&task=view&id=334&Itemid=178 တို့တွင်ဖတ်ရှုနိုင်သည်။
Friday, July 4, 2008
မွေးနေ့မှာ မင်္ဂလာ ရှိပါစေ သူငယ်ချင်း နေဘုန်းလတ် (By ခွန်မြလှိုင်)
ပြီးတော့ မကြာခင်က ပြီးသွားတယ် ဆိုတဲ့ ဘောလုံးပွဲ တွေတိုင်းကို ကြားတိုင်း ဘောလုံးပွဲ ကြိုက်တဲ့ နင့်ရဲ့ စကား တစ်ခွန်းကို သတိ ရမိသေးတယ်...
ဘောလုံးလေးက ပြောတယ်.. သူတို့ ပြင်းပြင်း ကန်လေ.. ကိုယ် မြင့်မြင့် ရောက်လေပေါ့.. ကိုယ်မြင့်မြင့်ရောက်တော့ အားလုံးကို အပေါ်စီးက သေချာ မြင်ရတာပေါ့တဲ့...
တချိန်က ငါဟာ သူတပါး အောင်ပွဲ ရဖို့ အတွက် အပီ ကန် ပြီး ဂိုးသွင်း ခံလိုက် ရတဲ့ လူ သား ဘောလုံး ဖြစ်ခဲ့ စဉ်က နင်က ငါ့ကို ကဗျာလေး တစ်ပုဒ် မွေးနေ့ လက်ဆောင် ပေးပြီး နှစ်သိမ့် ခဲ့ဖူးတယ်.. ခုလဲ အဲ့ဒီ ကဗျာလေး ကိုပဲ ငါ နင့်ကို ပြန်ပြီး လက်ဆောင် ပေးပါ ရစေ... ငါထပ်ပြီး ဆန္ဒပြု ဆုတောင်း ပေးလိုက်ပါတယ်...
မွေးနေ့က စပြီး အမြဲတမ်း မင်္ဂလာ ရှိပါစေ သူငယ်ချင်း...
“ အကယ် ၍”
အကယ် ၍
မင်းအသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာမင်းကြောင့်လို့
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာခေါင်းအေးအေးနဲ့ ရင်ဆိုင်မယ်ဆိုရင် …
အကယ် ၍
အားလုံးကမင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကိုနားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် …
အကယ် ၍
စောင့်သင့်တဲ့အချိန်ကိုစောင့်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင် …
ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်မတရားမုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် …
ဒါမှမဟုတ်
မင်းကိုလူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင် …
ပြီးတော့
မင်းကိုယ်မင်း လူတော်တယောက်လို့မမြင်ဘဲ
ပညာရှိစကားတွေလည်း မပြောဘူးဆိုရင် …
အကယ် ၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ်မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင် …
ပြီးတော့
အတွေးအခေါ်စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာမဖြစ်ဘဲ တွေးခေါ်နိုင်မယ်ဆိုရင် …
အကယ် ၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသောလောကဓံတရားတွေရယ်ပါလားလို့ ခံယူနိုင်မယ်ဆိုရင် …
အကယ် ၍
မင်းရဲ့အမှန်တရားတွေကို
လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာတည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် …
ဒါမှမဟုတ်
မင်းဘ၀တစ်ခုလုံးပေးပြီး အရိပ်တကြည့်ကြည့်နဲ့
ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာအရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် …
အကယ် ၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတလှည့်ကြက်တခုန်ပမာ တလှည့်တခါထဲနဲ့ ဆုံးရှုံးသွားခဲ့ရင် …
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် …
ပြီးတော့တခါ
ဆိုးလှတဲ့ကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် …
အကယ် ၍
သူများတကာလုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်ထဲပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် …
အဲဒီလိုပဲ
မင်းမှာစိတ်ဓာတ်အင်အားကလွဲလို့ ဘာဆိုဘာမှမရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင် …
အကယ် ၍
လူတွေနဲ့ ထိတွေ့ပြောဆိုဆက်ဆံတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် …
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ
လမ်းလျှောက်နေရပေမဲ့
မာန်မာနသွေးမကြွဘူးဆိုရင် …
အကယ် ၍
ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ
မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင် …
အကယ် ၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမဲ့
စွဲလမ်းမှုသံယောဇဉ်တွေ ထားမနေဘူးဆိုရင် …
အကယ် ၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိလှတဲ့ စက္က့န်ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင် …
ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလဲ
ယောင်္ကျားကောင်း တစ်ယောက်ပဲပေါ့ ……
(Kiplin ရဲ့ IF ကဗျာကို ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာဘာသာသို့ ပြန်ဆိုပါသည်၊)
(စာကို ခွန်မြလှိုင် (http://khunmyahlaing.blogspot.com/2008/07/blog-post.html)မှ ရယူသည်)
Sunday, June 29, 2008
အမှတ်တရ နေဘုန်းလတ် (By ခေလွန်း)
စိတ်ကို အလျားလိုက် ထိုးသွင်းလိုက်တော့
အမှောင်ထဲမှာ ထိုင်နေတဲ့
လူနာဆောင် အမှတ်ခြောက်ကို တွေ့တယ်
ဒါပေမယ့် အန်တွန်ချက်ကော့မဟုတ်ဘူး
အရိပ်တွေ သေနေတဲ့ နံရံအက်ကြောင်းတွေ ကြားက
ပါးလျလျ အလင်းတစအောက်
လွတ်လပ်မှုတွေ ခေါက်အသိမ်းခံထားရ
စစ်နဲ့ ငြိမ်းချမ်းရေး .. မင်း ဘာရွေးမလဲမေးရင်
ငြိမ်းချမ်းရေးတွေချည်း ချချရေးနေတယ်
ဒါပေမယ့် တော်စတွိုင်း မဟုတ်ဘူး
သိလိမ့်မယ် သူနဲ့ စကားပြောကြည့်ရင်
သူနဲ့ သိလိမ့်မယ် ဂစ်တာအတူတီးကြည့်ရင်
အမှန်တရားအတွက် သိလိမ့်မယ် ယုံကြည်မှုအတွက်
ဘာကြောင့် သူ ခရီးထွက်ခဲ့သလဲ ဆိုတာ သိလိမ့်မယ်
ဒါပေမယ့် မာယာကော့စကီးမဟုတ်ဘူး
ဒီလိုနဲ့ တအားအားအော်တတ်တဲ့ ကျီးကန်းတွေ များလာပြီ
ဒီလိုနဲ့ တ၀ုတ်ဝုတ်ဟောင်တတ်တဲ့ ခွေးတွေ များလာပြီ
ဒီလိုနဲ့ မကြာခင် ၀ဋ်လည်ပါလိမ့်မယ်
မျက်မှန်တစ်လက်ရဲ့ နောက်ကွယ်က ယုံကြည်မှုတွေကို ဆွဲဖွင့်လိုက်
ပိုက်ထဲမှာ ခင်ဗျားတို့အကြိုက် မုသာဝါဒတွေ ငြိပါ မလာဘူး
ဒါ ဖျတ်ကနဲ ခဏလာတဲ့ မီးမဟုတ်ဘူး
ဒါ လက်ကနဲ ခဏလင်းတဲ့ ကြယ်မဟုတ်ဘူး
ဒါ ဖျောက်ကနဲ ခဏရွာတဲ့ မိုးမဟုတ်ဘူး
ကဗျာဆရာကို ဖမ်းလို့ရမယ်
ူသူရေးတဲ့ ကဗျာကို ဖမ်းလို့ မရဘူး
ဘလော့ဂါကို ဖမ်းလို့ရမယ်
သူရေးတဲ့ ဘလော့ကို ဖမ်းလို့ မရဘူး
ဒီလိုပဲ..
နေဘုန်းလတ်ကို ဖမ်းလို့ရမယ်
သူသမိုင်းသူရေးတဲ့ နေဘုန်းလတ်ကို မင်းတို့ တသက်လုံး ဖမ်းလို့ ရမှာ မဟုတ်ဘူး
ဒါပေမယ့် အန်တွန်ချက်ကော့ မဟုတ်ဘူး
ဒါပေမယ့် တော်စတွိုင်း မဟုတ်ဘူး
ဒါပေမယ့် မာယာကော့စကီး မဟုတ်ဘူး
ဒါပေမယ့် နေဘုန်းလတ် ဟုတ်တယ်
ဒါပေမယ့် ဒီနေ့ သူ့မွေးနေ့ ဟုတ်တယ်
ဒါပေမယ့် စောက်ရေးမပါဘူးကွာ
ဒါပေမယ့် နေဘုန်းလတ်ရေ မြို့စားကြီးရေ
ဒါပေမယ့် မင်းအတွက် ငါဆဲမိပြီ .. #@$%!
ဒါပေမယ့် မင်း အမြန်လွတ်ဖို့ ငါဆုမတောင်းဘူး
ဒါပေမယ့် မင်းကို အမြန်လွှတ်ဖို့ ငါတောင်းဆိုမယ်
ဒါပေမယ့် ဓာတ်ပုံရိုက်ဖို့ ငါတို့သွားတုန်းက ဖြတ်ရတဲ့ Merlion Park နားက တံတားပေါ်ကို ညနေကရောက်သေးတယ်
ဒါပေမယ့် မင်းကို သတိရဖြစ်အောင် ရဖြစ်လိုက်သေးတယ်
ဒါပေမယ့် ဒီနေ့ မင်းအတွက် ကုသိုလ်ဒါနလုပ်တဲ့သူတွေအကြောင်း ဘလော့တွေမှာ ဖတ်ရတယ်
ဒါပေမယ့် မင်းမပါတဲ့ မွေးနေ့ပွဲတွေက အသံတိတ်ဇာတ်ကားတွေ ကြည့်ရသလိုပဲ
ဒါပေမယ့် ငါတို့ နက်ဖြန် ကိတ်မုန့်ခွဲမယ်
ဒါပေမယ့် မင်းအတွက် အမှတ်တရပါပဲကွာ။
ခေလွန်း
(ကဗျာကို နေဘုန်းလတ်မွေးနေ့အတွက် ညီညီ(သံလွင်) မှပေးပို့သည်)
Saturday, June 28, 2008
မြို့စားမရှိတဲ့မွေးနေ့ဆုတောင်း (By ဘလာဂေါက်)
ဘေဘီဗိုက်တာ၊ နေဖုံးလတ်၊ မြို့စားမင်း
အမည်ပြောင်တွေကိုပေးတိုင်း
ပြုံးပြုံးကြီးနဲ့ ကျေနပ်စွာခံယူ၊
သူငယ်ချင်း မင်းကိုမတွေ့တာ အတော်တောင် ကြာနေပါပကော။
လောကဓံနိမ့်မြင့်
လှိုင်းလွန့်တွေ လူးထတဲ့ အခါ
ထင်းတုံးမြင့်တုံး မြတ်မြင့်တုံပါဘဲ။
ဘ၀ထဲဖြတ်သန်း
အချိန်တွေ ညောင်းကြာ
စောင့်စားတဲ့ နံရံတဖက်
မင်းလက်တွေ လွတ်လပ်စေချင်ပြီ။
တချိန်က နွှဲပျော်
အခုမင်းမွေးနေ့နော်၊
အသက်တနှစ်ကြီး
အပြစ်ကြီးတွေ မခံရပါစေနဲ့ကွာ
တောင်းဆုတွေ ပေးဝေ
သူငယ်ချင်းတွေ ကတော့
မင်းမရှိရင် ပျော်မှာမဟုတ်ဘူး။
ဘာဘဲပြောပြော
ဘာဘဲလုပ်လုပ်
မြတ်ဘုရား ကိုမေ့မထားနဲ့
မွေးနေ့မှာ ဆုခြွေပေးမယ်
လွတ်လပ်မယ့် မင်း။
(ကဗျာကို ဘလာဂေါက် (http://zawzaw.myanmarbloggers.org/2008/06/blog-post_28.html) ထံမှ ရယူသည်)
ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ... (By နေဘုန်းလတ် )
၂၈.၀၆.၂၀၀၇
အချိန်ကာလဆိုတာကြီးက
ငါ့ရဲ့ဘ၀ထဲကို
ကိန်းဂဏန်းတစ်ခုထပ်ပေါင်းထည့်တယ်
တစ်နှစ်တဲ့
ရက်ပေါင်း ၃၆၅ရက်
ငါနောက်ထပ်ဖြတ်သန်းခဲ့ပြီးပြန်ပြီ ...။
တစ်ခါတစ်ခါ
မနက်ဖြန်တွေကို မှန်းမှန်းမျှော်ရင်း
လွန်ခဲ့သောနေ့တွေကို လှမ်းလှမ်းခေါ်နေမိတယ်
ငါ့စိတ်တွေက ...
တစ်ခါတစ်ခါ
အနာဂတ်ကို ပုံဖော်နေရင်း
အတိတ်တွေထဲမှာ အိပ်ပျော်သွားတတ်တယ်
ငါ့အတွေးတွေက ...
အဲဒီ့လိုနဲ့ပဲ
ကုန်ခဲတဲ့အချိန်တွေ
တဖြုတ်ဖြုတ်ကြွေသွားလိုက်တာ
ငါ့အတွက် ဘာမှမကြာလိုက်သလို ...။
၂၇နှစ်တဲ့ ...
ကလေးငယ်တစ်ယောက်ဘဝ
ဘာလိုလိုနဲ့ပြုတ်ကျကျန်ခဲ့ပြီ ...
ခဏခဏဖြစ်တတ်တဲ့
ပြန်မရနိုင်တော့တာတွေ တနင့်တပိုးကို
ပြန်လိုချင်နေမိတဲ့ စိတ်တစ်ခု
နောင်တလို့ အမည်တပ်ပြီး စုထားလိုက်တယ်။
စိတ်ကူးတည့်ရာမှာရှိတဲ့
လမ်းတကာလမ်းတွေကို
ဦးနှောက်ရဲ့စေရာအတိုင်းလှမ်းရင်း
နှလုံးသားက
လွမ်းစရာရှိတာကိုလွမ်းတယ်
အဲဒီ့လိုပါပဲ ...
ငါနဲ့ ငါ့ရင်ခုန်သံတွေ
မလွတ်မလပ်ခမ်းနားခဲ့ရ ...
ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...။
အတုနဲ့ အစစ်
အမုန်းနဲ့ အချစ်
အနိုင်နဲ့ အရှုံး
အငိုနဲ့ အပြုံး
အဆိုးနဲ့ အကောင်း
အကျိုးနဲ့ အကြောင်းတွေကို
ခွဲရင်းနဲ့လွဲ လွဲရင်းနဲ့ခွဲခဲ့
ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...။
ခပ်မှိန်မှိန်မျှော်လင့်ချက်တွေအတွက်
ခပ်တိမ်တိမ် အတ္တတွေကို
အပြန်အလှန် မှီခိုနေကြတဲ့
ဟိုလိုဒီလိုလူတွေကြားမှာ
စိတ်ဓါတ်ကို ပိုးမွေးသလိုမွေးရင်း
ပုခုံးပေါ်ထမ်းတင်ထားခဲ့ရ ...
ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...။
ကံကြမ္မာဆိုတာကပေးတဲ့
အသီးအပွင့်အခက်အလက်တွေထဲက
အဆိပ်အတောက်တွေကိုလိုက်ဖယ်ရင်း
ဖြူစင်သန့်ရှင်းခဲ့တဲ့
လွတ်ကျသွားတဲ့မြို့တော်တွေကိုတမ်းတ
ငါဖြတ်သန်းပြီးခဲ့တဲ့ဘ၀တစ်ခုထဲမှာ ...။
ကွက်လပ်တွေလိုက်ဖြည့်ဖို့
နှလုံးသားတွေကိုဆေးကြောဖို့
နောက် ... ကမ္ဘာလောကကြီးကိုထမ်းပိုးဖို့
မဖြစ်စလောက် ဦးနှောက်လေးနဲ့တက်ကြွ
ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...။
အငြိမ်းချမ်းဆုံး စကားလုံးတွေနဲ့
သီကုံးချင်ခဲ့တဲ့အထ္တုပ္ပတိထဲမှာ
ကိန်းဂဏန်းတွေ နေရာဝင်ယူကြ
ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...။
ပျော်ခဲ့ ငိုခဲ့ ပြုံးခဲ့ မဲ့ခဲ့
နိုင်ခဲ့ ရှုံးခဲ့ တက်ခဲ့ ကျခဲ့
ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...။
သိခဲ့တာတွေများစွာထဲက မသိခြင်းတွေများစွာထွက်ထွက်ကျ
ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...။
နေဘုန်းလတ်
ဇွန် ၂၈ အတွက် မွေးနေ့ဆုတောင်း (By ဆုသက်လင်း)
မိသားစုကို သံယောဇဉ်ကြီးလွန်းလှတဲ့ အကိုတစ်ယောက် မွေးနေ့မှာ မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်ချင်မှာ သေချာပါတယ်။ ပြီးတော့ သူ့ရဲ့ ဘလော့ဂါညီအစ်ကိုမောင်နှမ သူငယ်ချင်းတွေကိုလဲ သတိရနေမှာ အမှန်ပါပဲ။ ကျွန်မတို့တွေ အားလုံးကလဲ ရင်းနှီးပွင့်လင်းစွာ အော်ဟစ်ရီမောတတ်တဲ့ သူ့ရဲ့ရီသံတွေကို ကြားယောင်မိရင်း ဇွန် ၂၈ ကို ကျော်ဖြတ်ရမှာပါ။ ၂၈ နှစ်ပြည့် မှတ်တိုင်တစ်ခုအနေနဲ့ သူ့လက်ကနေ လွှတ်ချပေးမယ့် ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ်ကိုလဲ ဒီအချိန်မှာ တမ်းတမိပါတယ်။
ဒီနှစ်မွေးနေ့မှာ ပျော်ရွှင်နိုင်မှာ မဟုတ်ဘူးဆိုတာကို သိနေပေမယ့်လည်း နောင်နှစ်နောင်နှစ်တွေအတွက် ရည်ရွယ်ပြီး Happy Birthday လို့ ဆုတောင်းပေးပါရစေ။ နောင်လာမယ့် အနာဂတ်နေ့ရက်တွေမှာ လွတ်လပ်မှုအပြည့်နဲ့ သူမြတ်နိုးတဲ့ အနုပညာတွေကို ဖန်တီးခွင့်ရပါစေ။ သူချစ်တဲ့ မိသားစုဆီကိုလဲ အမြန်ဆုံး ပြန်လာခွင့်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ဒီကဗျာလေးကတော့ အကိုနေဘုန်းလတ် မွေးနေ့အတွက် အမှတ်တရပါ။
သူ သို့မဟုတ် နေဘုန်းလတ်
လူ့ဘ၀ရဲ့ ၂၈ နှစ်တာခရီးတလျှောက်
ရိုးဖြောင့်စွာနဲ့ လျှောက်လှမ်းခဲ့သူ
အမှန်တရားကို ချစ်မြတ်နိုးပြီး
လိုအပ်တဲ့အခါ ရဲရင့်ပြတတ်သူ
ကလေးငယ်တွေရဲ့ အနာဂတ်ပညာရေးအတွက်
အလေးထားစဉ်းစားနေတတ်သူ
မြို့တော်ကြီးတစ်ခုကို လွှတ်ချပြီး
အနုပညာတွေ ခင်းကျင်းပြသခဲ့သူ
ပိုက်ဆံကလွဲပြီး ဘာမှမရတဲ့အလုပ်မျိုး
ဒီတသက်မလုပ်ဘူးလို့ ပြောခဲ့ဖူးသူ
ခိုင်မာတဲ့ယုံကြည်ချက်
လေးနက်တဲ့ခံယူချက်တွေနဲ့
အိပ်မက်တွေကို အကောင်အထည်ဖော်နေသူ
…………သူဟာ…………
`ကျွန်တော်လွှတ်ချခဲ့တဲ့မြို့တော်´ကြီးထဲက
`နေဘုန်းလတ်´သာ ဖြစ်ပါတယ်။ ။
ကဗျာကို ဆုသက်လင်း (http://suthetlin.blogspot.com/2008/06/blog-post_27.html) မှ ရယူသည်။
သမိုင်းနဲ့ .. လူ (By မိုးလှိုင်ည)
ဆိုကရေးတီးကို
အဆိပ်ပေးသတ်လို့ရတယ်
သူ့အတွေးအခေါ်တွေကို
အဆိပ်ပေးသတ်လို့မရဘူး….။
သောမတ်မိုးကိုထောင်ချထားလို့ရတယ်
ယူတိုးပီးယားကိုထောင်ချထားလို့မရဘူး…။
မင်ဒဲလားကိုနှစ်ရှည်လများ
ချုပ်နှောင်ထားလို့ရတယ်…
တရားမျှတမှုကိုချုပ်နှောင်ထားလို့မရဘူး॥။
ဂန္ဓီကို
လုပ်ကြံသတ်ဖြတ်လို့ရတယ်
အဟိံ့သ၀ါဒကိုလုပ်ကြံလို့မရဘူး…။
နေဘုန်းလတ်ကိုလည်း
ဖမ်းဆီးထားလို့ရတယ်
သူ့အနုပညာ၊ သူ့စေတနာ
သူ့စာပေကိုဖမ်ဆီးချုပ်နှောင်လို့မရနိုင်ဘူး…။
စာရေးဆရာတွေဟာ
နောက်ဆုံးတော့အောင်ပွဲရသူတွေလို့
ဂါဆီယာမားကွဖ်က တစ်ခါကပြောဖူးတယ်…
အမှန်တရားကိုရဲရင့်သူတွေကို
သမိုင်းကမှတ်တမ်းထားတယ်…
အမှောင်နက်လေကြယ်ရောင်လက်လေပဲ…။
ကဗျာကို နေဘုန်းလတ်မွေးနေ့အတွက် မိုးလှိုင်ညမှ ပေးပို့သည်။
Friday, April 18, 2008
သံလွင်အိပ်မက် အမှတ် ၂ ၊ အတွဲ ၁ ဖြန့်ချီ

နေဘုန်းလတ်က ထောင်ဝင်စာတွေ့ခွင့်ရသူ မိသားစုကို သံလွင်အိပ်မက်ထွက်ပြီလားလို့ သတိတရမေးလိုက်တဲ့စကားကြောင့် သံလွင်အိပ်မက်ဝိုင်းတော်သားတွေအနေနဲ့ အချိန်တိုအတွင်း အကောင်းဆုံးဖြစ်အောင် စီစဉ်ထုတ်ဝေလိုက်ပါတယ်လို့ အယ်ဒီတာတွေက ပြောပါတယ်။ အယ်ဒီတာ တစ်ဦးဖြစ်သူ ညီညီ(သံလွင်)က သူ့ကိုယ်ပိုင်ဘလော့ဂ်မှာ သံလွင်အိပ်မက် မဂ္ဂဇင်းအကြောင်း သတင်းပေးရင်း “ကျွန်တော်တို့ အယ်ဒီတာအဖွဲ့ရဲ့ အင်မတန်အားထားရပြီး အနုပညာ ကိုယ်ခံအားကောင်းတဲ့ အယ်ဒီတာ နေဘုန်းလတ်တစ်ယောက် သံတိုင်တွေ နောက်ကို မမျှော်လင့်ဘဲ ရောက်သွားခဲ့ရတာကတော့ သံလွင်အိပ်မက်အတွက် အတော့်ကို ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။ နေဘုန်းလတ် အမြန်ဆုံး လွတ်မြောက်ပြီး သံလွင်အိပ်မက်အတွက် စာတွေ အတူတကွ ဆက်လက်ရေးသားနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ထည့်သွင်းရေးသားထားပါတယ်။
Monday, March 10, 2008
သံလွင်သစ္စာ
တနိုင်းခနဲ့ နှိုင်းဆမှပဲ
ငါတို့ရဲ့ ထာဝရတည်တံ့မှုကို
ဒင်းတို့ တွက်ဆနိုင်မယ်…
သစ္စာနဲ့သွေးကြွေးတွေ …
အနမ်းနဲ့ မျက်ရည်တွေ …
တရားနဲ့ မိစ္ဆာတွေ …
သိက္ခာနဲ့ စကားလုံးတွေ …
သံလွင်မျက်နှာပေါ်မှာ
ငါတို့ လက်ရေးနဲ့ ဆက်ရေးနေဆဲ …
သူငယ်ချင်း
သံလွင်ကတော့
ခပ်ကြမ်းကြမ်းလည်း စီးဖူးတယ်
ပါးလျလျလည်း ဖြစ်ဖူးတယ်
သမိုင်းတွေကိုလည်း သူသိတယ် …
လူရိုင်းတွေကိုလည်း သူသိတယ် …
သူငယ်ချင်း …
သံလွင်ဆိုတာ …
တက်ကျိုးလည်း လက်ထိုးလှော်သူတွေ
လက်ကျိုးတောင် ခြေချိုးပြီးလှော်နိုင်သူတွေရဲ့
အောင်မြေသာဖြစ်တယ် …
သူငယ်ချင်း …
သံလွင်ဆိုတာ …
အမှန်တရားနဲ့ ရွက်လွှင့်သူတွေ
စိတ်ထားမြတ်သူတွေရဲ့
ကွန်းခိုရာဖြစ်တယ် …
သူငယ်ချင်း …
သံလွင်ဆိုတာ …
ဒဏ်ရာရ သူရဲကောင်းတွေ
စံပြခေါင်းဆောင်တွေရဲ့
မိခင်ရင်းဖြစ်တယ် …
သူငယ်ချင်း …
ငါတို့က သံလွင်လိုစီး …
သံလွင်နဲ့ ခရီးသွားနေသူတွေ …
တို့တွေ ဝင်သက်ကို သိနေသေးသမျှတော့ …
သံလွင်ရေ စီးမြဲစီးနေစေရမပေါ့ကွာ …
မောင်ပွတ်
(သံလွင်အိပ်မက်ထွက်ပြီလားလို့ မေးလိုက်တဲ့ ကိုနေဘုန်းလတ်အတွက်)
(ကဗျာကို Mr.Pooh မှပေးပို့သည်)
Saturday, March 8, 2008
အဲဒီနေ့မှာ …
တစ်လဆိုတဲ့ ရက်ပေါင်းသုံးဆယ်
ဘယ်လိုများ ဖြတ်သန်းခဲ့ရလဲဆိုတာကို
တွေးမိလိုက်တိုင်း
ရင်ထဲမှာ မချိအောင်နာမိတယ် အကို … ။
အချိန်ရတိုင်း ကွန်ပျူတာရှေ့မှာထိုင်ပြီး
သူချစ်တဲ့မြို့တော်ကြီးမှာ ခင်းကျင်းပြသဖို့
အနုပညာတွေကို ဖန်တီးနေတတ်တဲ့
လူငယ်တွေအတွက် အကျိုးပြုစာပေတွေ
အာရုံစူးစိုက် ရေးသားနေတတ်တဲ့ အကိုတစ်ယောက်
ခုလို အမှောင်လွှမ်းနေတဲ့ နေရာတစ်ခုမှာ
ဖွင့်အံပြချင်တဲ့ စကားလုံးတွေကို
ရင်ထဲမှာပဲ စာစီလို့
မွန်းကြပ်နေရှာရော့မယ် … ။
ကလေးငယ်တွေအတွက်
လူငယ်လူရွယ်တွေအတွက်
တိုင်းပြည်နဲ့လူမျိုးအတွက်
အားလုံးအားလုံးအတွက်
မျှော်လင့်ချက်တွေအပြည့်နဲ့
အကိုမက်ခဲ့တဲ့ အိပ်မက်တွေကို
ငရဲသားတွေလက်ထဲက လွတ်မြောက်လာမယ့်နေ့တစ်နေ့မှာ
ဆက်လက်အကောင်အထည်ဖော်ခွင့်ရမယ်လ
ယုံကြည်ထားပါတယ် … ။
အဲဒီနေ့မှာ
နေခြည်တွေလဲ ဖြာလိမ့်မယ်
ကျေးငှက်တွေလဲ သာလိမ့်မယ်
အမှန်တရားရဲ့ ရောင်ခြည်တွေလင်းလက်လို့
မြို့တော်ကြီးတစ်ခုလုံး
ပြန်လည်အသက်ဝင်လာလိမ့်မယ်
မဝေးတော့တဲ့ အဲဒီနေ့မှာပေါ့ … ။
Friday, March 7, 2008
အမေ….
ကမ္ဘာလောကရဲ့
နေရာဒေသတစ်ခုမှာ
ဖြစ်တည်မှုအသစ်တစ်ခု
အမေဖန်တီးမှုပြုခဲ့တယ်
ဖြစ်တည်မှုရဲ့ အမည်နာမ
အမေ့ရင်ကို လှိုင်းထလောက်အောင်
ပျော်ရွှင်မှုတွေ ပီတိတွေပေး
အမေ့ရဲ့သားလေးတဲ့လေ
သားလှနောင်ရေး
စိတ်မအေးတဲ့အမေ
ရင်ဝယ်ထွေးပိုက်
နို့ချိုတိုက်လို့
မြင့်မြတ်ရိုးသား
စိတ်စွမ်းအားကို
အဓိကအမွေအဖြစ်
ပေးအပ်ချစ်ခဲ့တယ်
မှန်ကန်မှုရဲ့ အနှစ်သာရတွေ
မှားယွင်းမှုရဲ့ အနိဌာရုံတွေ
ဒါတွေဒါတွေ သီကုံးပြောကြေား
အမေ့စကားကြောင့်
အမှန်တရားရဲ့ စိတ်သန္ဓေ
သားအတွေးမှာ တည်မြဲခဲ့တယ်အမေ
ဒီလိုနဲ့ပဲ
နှစ်လတွေဟောင်း
ရာသီပြောင်းလေတော့
ယုံကြည်မှုတစ်ခုအတွက်
သားခရီးနှင်ခဲ့ရပြီ အမေ
ရိုင်းစိုင်းတဲ့မုန်တိုင်း
တိုက်ခတ်ကြမ်းပုံက
အန်တုသူမှန်သမျှ
ဖဲ့ခြွေခံရသတဲ့လေ
အဝေးတစ်နေရာက
ကြယ်စင်တွေကြွေကျခဲ့တာ
အမေမသိလိုက်လေတော့
အခုအချိန်
မျော်လင့်ချက်တွေနဲ့
နေ့ရက်တွေတည်ဆောက်
သားပြန်လာမယ့်နေ့ကို
အမေ့စောင့်နေမှာပဲနော်။ ။
နွေလေ
(အဝေးရောက်သားများကိုစောင့်မျော်နေကြသော အမေများ….သို့)
(နေဘုန်းလတ်၏ ကလောင်ခွဲ “နွေလေ” ဖြင့်ရေးထားသော ကဗျာကို မိုးလှိုင်ညမှ ပေးပို့သည်)
Thursday, February 28, 2008
နေဘုန်းလတ် ဖမ်းဆီးခံရခြင်း တစ်လပြည့် အထူးပို့စ် (၁)
နေဘုန်းလတ်ကို တွေ့ရင် (၂)
ကျွန်တော်ရင်ကို တိုက်ခတ်သွားတဲ့နွေလေ…တစ်စ ဟာ
အစ်ကိုနေဘုန်းလတ်ဖြစ်နေလိမ့်မယ်လို့… မတွေးမိခဲ့ဘူးအစ်ကို
ဒြပ်မဲ့ကမ္ဘာ ကဗျာစုထဲ မှာ အစ်ကို့ နှလုံးသားနဲ့ထုဆစ်ခဲ့တဲ့
အမေ… ဆိုတဲ့ကဗျာလေး … အဝေးရောက်သားတွေအတွက်
မျက်ရည်စို့ခဲ့ကြတဲ့… မိခင်ကိုယ်စားပေါ့… အစ်ကို နှလုံးသားက
တပါးသူတွေအတွက် အကြိမ်ကြိမ်ငိုခဲ့ရပြီးပြီ…. အစ်ကိုက အနုပညာသမားပါ…
အမှန်တရားကို မြတ်နိုးတယ် မျှတမှုတွေကိုရင်ဘတ်နဲ့ပျိုးတယ်….
အခုတော့…
၂၀၀၈ ရဲ့ ကံဆိုးတဲ့ ဖေဖော်ဝါရီလထဲမှာ အစ်ကိုနဲ့ ကျွန်တော်တို့
မွေးရပ်မြေမှာ နေတွေခြစ်ခြစ်တောက်ပူတယ်အစ်ကို မိုးတွေက အချိန်အခါမဟုတ်ရွာတယ်
မရေမရာနဲ့ ပိတောက်တစ်ချို့တောင်ပွင့်လိုက်သေးတယ်…
ရာသီမသိပန်းနဲ့ညှိဆိုရင်တော့လွဲမှာပဲအစ်ကို…
ဖောက်လွဲဖောက်ပြန် ရာသီတွေကြားမှာ မြေကြမ်းတဲ့ကျွန်တော်တို့မွေးရပ်မြေကို
ရင်ဘတ်နဲ့ ထပ်စိုက်ပျိုးကြတာပေါ့…
မျော်လင့်ချက်တွေနဲ့ နေ့ရက်တွေတည်ဆောက်လို့ အစ်ကိုပြန်လာမယ့်နေ့ကို
သူငယ်ချင်း အားလုံးနဲ့ အစ်ကို မိသားစုကစောင့်နေကြတယ်…
အစ်ကို အမြန်ဆုံးလွတ်မြောက်ပါစေ….။
မိုးလှိုင်ည
.........................................................................................................
မျှော်လင့်.....မျက်ရည်
ခွဲခွာ ခြင်း ရဲ့ သမိုင်းအစ
ဇန်န၀ါရီ ရဲ့ ရက်တရက်မှာ
ဖြစ်ထွန်းခဲ့တယ်
တရက်လား နှုစ်ရက်လား
တလလား နှစ်လလား
လား..ပေါင်း များစွာ ရဲ့အဖြေကို
ဘယ်သူ ခွန်းတုံ့ ပြန်မှာလဲ
ပေးဆပ်ခြင်းတွေ
နစ်နာမှုတွေ
ငိုကြွေးမှုတွေ
တမ်းတမှုတွေရဲ့
အပေါ်မှာ ဘယ်သူတာဝန်ယူမှာလဲ
ဖေဖေါ်ဝါရီရဲ့အဆုံး
နောက်တလရဲ့ အစဟာ
သားလေးရဲ့ အပြန်လမ်းဖြစ်လေမလား
မှန်ကန်မှုအတွက် သားရွေးချယ်မှုတွေဟာ
မှားယွင်းသွားခဲ့လေသလား
အမေအမြင်မှာတော့
သားလေးဟာ အဖြူ
အဖြူ မှအနက်သို့ပြောင်းလဲဖြစ်တည်မှုကို
ဘယ်သူတွေ သတ်မှတ်ခဲ့တာလဲ
ကားတစီး ထိုးအစိုက်
မေ့ သားလေးများ ဖြစ်နေမလား
မျှော်ရည်မှန်းတဲ့ ငိုကြွေးမှုတွေ
မိခင်တစ်ယောက် ရဲ့ မျက်ရည်တွေ
စာနာတတ်ခဲ့ရင်
နောက်တနေ့ ရဲ့ နံနက်ခင်းအလင်းဦးမှာ
သားလေးကို မေမေရင်ခွင်အရောက်
ပို့ဆောင်ပေးပါလား ကံကြမ္မာရယ်……..
ဒေါ်လေးသွယ်( နေဘုန်းလတ်၏အဒေါ် )
.........................................................................................................
ကဗျာဆရာတစ်ယောက်အကြောင်း
တခါတုန်းက …
တိုင်းပြည်ကို အရမ်းချစ်တဲ့
လူငယ်တွေကို တိုးတက်စေချင်တဲ့
မိသားစုကို အချစ်ကြီးတဲ့
မိတ်ဆွေတွေကို ခုံမင်တဲ့
ပရိသတ်ကို လေးစားတဲ့
ကဗျာဆရာတစ်ယောက်
ရှိခဲ့တယ်။
သူ့ရဲ့နှလုံးသားကို ရင်း၍
အနုပညာပန်းတွေကို
ပွင့်လန်းစေခဲ့တယ်။
တနေ့မှာတော့..
ရင်ဘတ်ထဲက လွတ်ကျလိုက်တဲ့
အနုပညာတွေ ပေါင်းစုပြီး
မြို့တော်ကြီးတစ်ခုကို..
သူ..တည်ထောင်ခဲ့တယ်။
အဲဒီ့မြို့တော်နာမည်က…
`ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်´တဲ့..။
အရှိန်နဲ့ တိုက်ပွဲဝင်နေတဲ့
ဧရာဝတီထဲသို့..
ကဗျာဆရာတစ်ယောက်.
မြစ်ငယ်၊ချောင်းငယ်အသွင်နဲ့
ဝင်ရောက်စီးမျောခဲ့တယ်..။
ဒီလိုနဲ့ပဲ..
ဇန်န၀ါရီရဲ့ နေ့လည်တစ်ခုမှာတော့..
ငရဲသားတွေက ကဗျာဆရာကို
အမှောင်တစ်နေရာဆီသို့
ခေါ်ဆောင်သွားခဲ့တယ်..။
ဒီနေ့ဆိုရင်..
သူတို့ ခေါ်ဆောင် သွားတာ
တစ်လတောင် ပြည့်ရောပေါ့..။
သူ့မြို့တော်ကြီးလည်း စောင့်ရှောက်သူမဲ့ခဲ့တာ
တစ်လပြည့်ပြီပေါ့..။
သူလည်း အမှောင်ထဲမှာ ရှင်သန်နေရတာ
တစ်လပြည့်ရောပေါ့..။
မျှော်နေပါတယ်..။
သူ့ရဲ့မြို့တော်ကြီးရော..
သူ.. ချစ်တဲ့မိသားစုကရော..
သူ..တွယ်တာရတဲ့သူငယ်ချင်းတွေကရော..
သူ့ကို လေးစားတဲ့ ပရိသတ်တွေကရော..
သူ… ပြန်လာမယ့်တနေ့နေ့ကို..
မျှော်လင့်နေပါတယ်..။
ယုံလည်းယုံကြည်နေတယ်..
`အမှန်တရားက နိုင်ကိုနိုင်ရမယ်´
`ကိုကျော်လည်း လွတ်မြောက်လာရမယ်´ လို့လေ။
မေပျို