Wednesday, October 22, 2008

နေဘုန်းလတ်ဘလော့ ဒိုမိန်းသက်တမ်းပြည့်သွားဖြင့် ကြည့်ရှုမရနိုင်

အင်းစိန်ထောင်တွင် မတရားထိမ်းသိမ်းခံထားရသော ဘလော့ဂါ နေဘုန်းလတ်၏ ကိုယ်ပိုင်ဘလော့ဒိုမိန်းဖြစ်သော www.nayphonelatt.net မှာ မှတ်ပုံတင်ထားသည့် တစ်နှစ်သက်တမ်းကုန်ဆုံးသွားသဖြင့် ဝန်ဆောင်မှု ခတ္တရပ်ဆိုင်းကာ ဝင်ရောက်ကြည့်ရှုမရနိုင်သေးကြောင်း သိရသည်။ ယခင် Blogspot လိပ်စာဖြစ်သော www.nayphonelatt.blogspot.com ကို ကိုယ်ပိုင်ဒိုမိန်းဖြစ်သော www.nayphonelatt.net သို့ redirect လုပ်ထားခြင်းဖြစ်ပြီး ယခုအခါ နှစ်စေ့သွားသဖြင့် အမြန်ဆုံး သက်တမ်းတိုးရန် လိုအပ်လျက်ရှိသည်။ ထိုသို့သက်တမ်းတိုးရန် လိုအပ်သော အချက်အလက်များကို ပိုင်ရှင်ဖြစ်သူ နေဘုန်းလတ်သာ သိရှိသဖြင့် အခြားမိတ်ဆွေ သူငယ်ချင်းများအနေဖြင့်လည်း ကူညီရန်ခက်ခဲနေသောကြောင့် အချိန်အနည်းငယ် ကြန့်ကြာနေခြင်းဖြစ်သည်။ နေဘုန်းလတ်၏ စာဖတ်ပရိသတ်များက ဘလော့ကို စစ်အစိုးရဘက်တော်သားများက တိုက်ခိုက်ခြင်းဖြစ်မည်ကို စိုးရိမ်စွာ မေးမြန်းမှုများရှိခဲ့ပြီး IT နားလည်တတ်ကျွမ်းသူများက ဒိုမိန်းသက်တမ်းစေ့သွားခြင်းကြောင့်သာ ဖြစ်သည်ဟု မှတ်ချက်ပေးသည်။

သံလွင်အိပ်မက် အမှတ် ၂ ၊ အတွဲ ၃ တွင် နေဘုန်းလတ်၏ ကဗျာနှင့်ဆောင်းပါးပါဝင်

မတရားအကျဉ်းချခံထားရသော ဘလော့ဂါ နေဘုန်းလတ် အယ်ဒီတာအဖြစ် တာဝန်ယူလျက်ရှိသော သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်း အတွဲ ၂ အမှတ် ၃ ကို အောက်တိုဘာလ ၁၉ ရက်နေ့က ဖြန့်ချီခဲ့ရာ ၄င်း၏ ကဗျာတစ်ပုဒ်နှင့် ဆောင်းပါးတစ်ပုဒ်ပါဝင်လာသည်ဟု သိရသည်။


နေဘုန်းလတ်၏ “ဝေါဟာရတစ်ခု၏နောက်ကွယ်” ဆောင်းပါးမှာ စံပယ်ဖြူမဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြဖူးသော ဆောင်းပါးကောင်းတစ်ပုဒ်ဖြစ်ပြီး နေဘုန်းလတ်၏ ပင်ကိုရေးဟန်အတိုင်း လူငယ်တို့အတွက်၊ ပညာရေးအတွက် စေတနာဖြင့် ထောက်ပြတိုက်တွန်းချက်လေးများကို ဖတ်ရှုရမည်ဖြစ်သည်။ ကဗျာကိုတော့ နေဘုန်းလတ်ကို ရုံးထုတ်စစ်ဆေးစဉ် သံလွင်အိပ်မက်အတွက် ရည်ရွယ်ကာ နှုတ်ဖြင့်အလွတ်ရွတ်ဆိုပေးခဲ့ခြင်းဖြစ်သည်။

နေဘုန်းလတ်၏ ဆောင်းပါးကို http://www.thanlwin.com/new/index.php?option=com_content&task=view&id=324&Itemid=189 နှင့် ကဗျာကို http://www.thanlwin.com/new/index.php?option=com_content&task=view&id=334&Itemid=178 တို့တွင်ဖတ်ရှုနိုင်သည်။

Tuesday, September 16, 2008

နေဘုန်းလတ်ကို စွဲဆိုထားသော အမှုများတွင် Email နှင့်သက်ဆိုင်သော အမှုတစ်ခုလည်းပါဝင်


အင်းစိန်ထောင်အတွင်း မတရားအဖမ်းဆီးခံထားရသော ထင်ရှားသည့် ဘလော့ဂါနေဘုန်းလတ်ကို စွဲဆိုထားသော အမှုများတွင် Email ခေါ် အင်တာနက်ပေးစာများနှင့် ပတ်သတ်သော အမှုတစ်ခုလည်း ပါဝင်သည်ဟု သိရသည်။ နေဘုန်းလတ်၏ Email Account ထဲတွင် နိုင်ငံရေး ရုပ်ပြောင်ပုံများပါဝင်သည့် Email ၂ ခုခန့် ရှာဖွေတွေ့ရှိခဲ့သဖြင့် ယခုကဲ့သို စွဲဆိုခြင်းဖြစ်သည်ဟု Burma Today သတင်းတွင် ယနေ့ (စက်တင်ဘာလ ၈ ရက်နေ့) ဖေါ်ပြထားသည်။ ထိုရုပ်ပြောင်ပုံများသည် စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေကို ထိခိုက်စေသည့်ပုံများဖြစ်သည်ဟုလည်း Burma Today တွင် ဖေါ်ပြပါရှိသည်။ ထိုသတင်းနှင့် ပတ်သတ်၍ ပြည်တွင်းရှိ ပုံမှန် Email သုံးစွဲသူတစ်ဦးက ၄င်းတို့အနေဖြင့်လည်း ထိုကဲ့သို့ ပုံများပါရှိသည့်စာများ နေ့စဉ်နှင့်အမျှ ရရှိနေကြောင်း၊ မည်သူပို့သည်ကို မသိရသလို ၄င်းတို့၏ အသိမိတ်ဆွေများလည်း မဟုတ်ကြောင်း၊ Spam ခေါ် ရှိသမျှလိပ်စာများကို ကြော်ငြာဆန်ဆန်ပို့သည့် စာအမျိုးအစားဖြစ်ပြီး နာမည်အမျိုးမျိုးဖြင့် ပေးပို့လျက်ရှိသည်ဟု ပြောပြသည်။ ထိုသို့ Email သုံးစွဲသူတိုင်းတွင် ဖိတ်ခေါ်ခြင်းမရှိဘဲ လက်ခံရရှိလေ့ရှိသော Email မျိုးအတွက် တစုံတဦးကို အထူးတလည်အမှုဆင် တရားစွဲသည်မှာ လက်ခံနိုင်စရာမရှိဟုလည်း ၄င်းကဆိုသည်။ Burma Today သတင်းတွင်လည်း ထိုသို့သာ ဖမ်းဆီးမည်ဆိုပါက Email ရှိသူတိုင်းကို ဖမ်းနိုင်သည်ဟု နေဘုန်းလတ်၏ ပြည်ပရှိ မိတ်ဆွေတစ်ဦး ပြောကြားချက်ကို ကိုးကားရေးသားထားသည်။

(အကိုး ။ ။ http://burmatoday.net/news2005/2008/200809/080908_bty_bur_nay_phone_latt.swf )

Monday, September 15, 2008

ဘလော့ဂါ တွေ့ဆုံပွဲတွင် နေဘုန်းလတ် လွတ်မြောက်ရေး ဆုတောင်းခဲ့ကြ


စက်တင်ဘာလ ၆ ရက်နေ့က စင်္ကာပူနိုင်ငံတွင် ပြုလုပ်သော world blog day အထိမ်းအမှတ် ဘလော့ဂါများ တွေ့ဆုံပွဲတွင် မတရားဖမ်းဆီးခံထားရသော နေဘုန်းလတ်အတွက် အမြန်ဆုံး လွတ်မြောက်ပါစေကြောင်း ငြိမ်သက်ဆုတောင်းခဲ့ကြသည်။ စင်္ကာပူရောက် ဘလော့ဂါအများစု တက်ရောက်ကြသော ထိုတွေ့ဆုံပွဲတွင် ဒုတိယအစီအစဉ်အဖြစ် နေဘုန်းလတ်လွတ်မြောက်ရေးအတွက် စက္ကန့် ၃၀ ငြိမ်သက်ဆုတောင်းပေးခဲ့ကြခြင်းဖြစ်သည်။ နေဘုန်းလတ်သည် ယမန်နှစ်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သော ဘလော့ဒေး ဆီမနာကို ဦးဆောင်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ ၄င်းကို ဖမ်းဆီးထားသည်မှာ ၈ လနား နီးကပ်လာသော်လည်း တိကျသော ပုဒ်မမရှိသေးဘဲ စစ်မေးရင်းသာ အချိန်ကုန်နေခဲ့သည်။ နေဘုန်းလတ်ကို ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်က ရန်ကုန်မြို့ရှိ အင်တာနက်ကဖေးတစ်ခုတွင် ရုတ်တရက်ဝင်ရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။