လူရယ်လို့ ဖြစ်လာရင် တစ်ဦးတစ်ယောက်တည်း နေလို့ မဖြစ်နိုင်ပေ။ မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက်စသည်ဖြင့် ကိုယ်နှင့် နီးစပ်ရာကို ဆက်ဆံလုပ်ကိုင် ကြရပါသည်။ ကျွန်တော်ဆိုလျှင် အထက်တန်းကျောင်းသား ဘ၀တုန်းက သူငယ်ချင်း၊ စင်္ကာပူမှာ ပေါ်လီတက်တုန်းက သူငယ်ချင်း၊ အလုပ်ထဲက လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း၊ နောက်ပိုင်း လူမှုရေးကိစ္စတွေလုပ်တော့ သိလာရတဲ့ သူငယ်ချင်း၊ အဲဒီသူငယ်ချင်းတွေ ရဲ့ သူငယ်ချင်း။ သူငယ်ချင်းပေါင်း မြောက်များစွာ ရှိခဲ့သည်။ ဒါပေမယ့် တော်ရုံသည်းမခံနိုင်ပဲ၊ စိတ်တူကိုယ်တူ မရှိပဲ ဘယ်သူငယ်ချင်းနှင့်မျှ သူငယ်ချင်း သက်တမ်း၁၅နှစ်လောက် မရှည်ကြာနိုင်ပါ။ ကျွန်တော်မှာ အဲဒီလို ခင်သော သူငယ်ချင်းတစ်ယောက်သာ ရှိ၍ သူ၏နာမည်မှာ နေဘုန်းလတ်ဖြစ်သည်။
နေဘုန်းလတ်ဆိုသည်မှာ သူမဂ္ဂဇင်းတွင် စာတွေ စရေးသော ၂၀၀၂ခုနှစ်လောက်မှာ ပေးခဲ့သည့် ကလောင်နာမည်၊ သူဘလော့ခ်ရေးသောအခါ သုံးသည့်နာမည်၊ သူ့ကို လူအများသိသောနာမည်ပါ။ ကျွန်တော်တို့ အချင်းချင်းကတော့ တစ်ယောက်ကျောင်းနာမည်ကို တစ်ယောက်က အပြည့်ခေါ်သည်။ သူ၏ နေဘုန်းလတ်နာမည်နှင့် မဂ္ဂဇင်းထဲတွင် ပါလာသည့် ဆောင်းပါးတစ်ပုဒ်ကို ပြသည်။ ကျွန်တော် ပေါ်လီကျောင်းအပိတ် ရန်ကုန်ပြန်သွားသော အချိန်တွင် ဖြစ်မည်ထင်၏။ EDUCATIONဆိုသည်ကို Eဆိုတာ ဘာ၊ Dဆိုတာ ဘာနဲ့ တစ်လုံးချင်းစီရဲ့ အဓိပ္ပါယ်ကို ဖွင့်ထားတာပါ။ သူရေးသော အခြား ဆောင်းပါးများမှာလည်း ဤလို ပုံစံမျိုးတွေပဲ ဖြစ်သည်။ တကယ်တမ်းသူ့တွင် အနုပညာပိုးများ ကိန်းအောင်းနေသည်မှာ ၁၀တန်းကျောင်းသားဘ၀လောက် ကတည်းက ဖြစ်မည်။ သူ့ဦးကြီးဖြစ်သူမှာ စာရေးဆရာ ဦးမင်းလူတို့နှင့် သူငယ်ချင်းဖြစ်ပြီး ငယ်ငယ်ကတည်းက သူ့ဦးကြီး ကဗျာများနှင့် ကြီးပြင်းလာခဲ့ရသည်။
ကျွန်တော် စတင်ခံစားခဲ့ရသော သူ၏ ပထမဆုံး အနုပညာလက်ရာမှာ ၉တန်း၊ ၁၀တန်း ကျောင်းသားဘ၀က ဖြစ်သည်။ သူဆွဲသော ကျောင်းစာနှင့် ပတ်သက်သော ပုံများမှာ အရမ်းလှပြီး အရမ်း သပ်သပ်ရပ်ရပ် ရှိလှသည်။ ၁၀တန်းကျောင်းသားဘ၀က သူဆွဲသော Bioမှ ငှက်ပျောပင်ပုံမှာ လှလွန်း၊ တူလွန်း၍ ကျူရှင်တစ်ခုလုံး ချီးကျူးသည်အထိဖြစ်သည်။ ၁၀တန်းအောင်ပြီးချိန်တွင် သူ၏အနုပညာကို သုံးရန်အတွက် အခွင့်အရေးရခဲ့၏။ ကျွန်တော်တို့ ဒြပ်မဲ့ကမ္ဘာဆိုသော ကဗျာစာအုပ်ထုတ်သည့်အခါ သူ့ကို မျက်နှာဖုံးစာလုံး ပန်းချီဆွဲပေးဖို့ အတွက်ရော ကဗျာတစ်ပုဒ်စ နှစ်ပုဒ်စ ရေးပေးဖို့ပါ ပြောသောအခါ သူက ချောချော ချူချူ လက်ခံသည်။ နောက်ဆုံးတော့ ကျွန်တော်က “အလင်းဖြူ”၊ သူက “နွေလေ”ဟု ကလောင်ယူကာ ညီညီက “ခေလွန်း”၊ ကိုငယ်က “တေးသီ”ဆိုသော နာမည်များဖြင့် ကဗျာများရေးခဲ့၏။ ပြီးတော့ သူက ပြောသေးသည်။ နွေလေဆိုတာ ပူပြင်းတဲ့ နွေရာသီမှာ တိုက်တဲ့လေဆိုတော့ အေးအေးလေးပေါ့ဆို၍ ကျွန်တော်ကလည်း အားကျမခံ အလင်းတွေကတောင် အဖြူရောင် ဖြစ်နေပြီဆိုရင် ကမ္ဘာလောကကြီး ဘယ်လောက် သန့်ရှင်းစင်ကြယ်မလဲလို့ အဲဒီ အချိန် ငယ်စဉ်ကာလအတွေများနဲ့ ပြန်ပြောခဲ့သည်။
ကျွန်တော်ပေါ်လီပြီးသောအခါ သူကလည်း Civil Engineer ဖြစ်နေ၍ အလုပ် ၀င်နေပြီဖြစ်၏။ ဒါပေမယ့် သူအလုပ်လုပ်သော ပြည်လမ်းပေါ်မှ Condoကြီး ပြီးစီးသွား၍ အလုပ်မရှိဖြစ်သွားသည့်အတွက် ကျွန်တော်ရှိသော စင်္ကာပူကို (မလာချင်လာချင်နှင့်) အလုပ်လာရှာပြီး တစ်လအတွင်း ဘာမှန်းညာမှန်းမသိ အလုပ်တစ်ခုရခဲ့သည်။ ကျွန်တော်ရှိနေ၍သာ သူစင်္ကာပူမှာ အလုပ်လုပ်နေခြင်းဖြစ်ပြီး တစက်မှ မပျော်ဟု အမြဲပြောသည်။ မြန်မာနိုင်ငံသို့ ပြန်ရန်သာ သူအမြဲစိတ်စောနေခဲ့သည်။ မြန်မာနိုင်ငံသာ သူ့နိုင်ငံ သူ့နိုင်ငံမှာ ပဲ သူပျော်သည်တဲ့လေ။ ငါတို့လည်း ဒီမှာ ပျော်လွန်းလို့ နေတာ မဟုတ်ပါဘူးကွာ အခြေအနေ အရပ်ရပ်ကြောင့် နေသင့်တဲ့ အချိန်တချိန်အထိတော့ နေရဦးမည် ဖြစ်သည့် အကြောင်း ပြောပေမယ့်လည်း သူကတော့ မြန်မာပြည်သို့ ၂၀၀၆ခုနှစ်အစပိုင်းတွင် အပြီးပြန်သွားခဲ့သည်။ သူမပြန်ခင်စပ်ကြား သံလွင်အိပ်မက်ကို အတူတူတွဲလုပ်နေရင်း မြန်မာပြည်မှ စံပယ်ဖြူကဲ့သို့ မဂ္ဂဇင်းများတွင်လည်း နေဘုန်းလတ်၏ စာမူများ မကြာခဏဆိုသလို ပါလာ၏။ သူရေးသော ဆောင်းပါးများမှာ လူငယ့်အတွေး၊ ကမ္ဘာလောကကြီး သာယာလှပဖို့၊ လူသားအချင်းချင်း စာနာဖို့ စသော အကြောင်းအရာများ ဖြစ်သည်။
အလုပ်မှ ခွင့်ရ၍ ၂၀၀၆ခုနှစ်အတွင်း ကျွန်တော် ရန်ကုန်ပြန်သော အချိန်တွင်တော့ နေဘုန်းလတ်က သူ၏ မဂ္ဂဇင်းပါ ဆောင်းပါးများကို တစုတစည်းတည်း ပေါင်းစု ထုတ်ဝေရန် လုပ်နေသည်။ ကျွန်တော့်ကို သူ့စာအုပ်အတွက် စာရေးဆရာကိုတာ ရေးပေးထားသော အမှာစာကို ပြသည်။ တခြားစာသားများ သေသေချာချာ မမှတ်မိပေမယ့် “နေဘုန်းလတ်ဆိုသော လူငယ်သည် သူတွေးမိသော အကြောင်းများကို သူများနဲ့ မတူ တမူထူးခြားစွာဖြင့် ရဲရဲတင်းတင်း ချပြရဲလေသည်”ဟု ကိုတာက အမှာစာရေးဖူးလေသည်။ ကျွန်တော်တို့ အားလပ်ချိန်များတွင် လူငယ်သဘာဝ လက်ဖက်ရည်ဆိုင်ထိုင်ပြီး ဘယ်နိုင်ငံမှာဖြင့် ဘယ်လို၊ ငါတို့ နိုင်ငံမှာဆို ဘယ်လို ပုံစံမျိုး လုပ်နိုင်မယ်၊ ဘယ်လူမျိုးတွေကဖြင့် ဘယ်လို၊ ငါတို့ လူမျိုးတွေရဲ့ စိတ်ဓါတ်တွေကို ဘယ်လို မြှင့်တင်မယ် စသဖြင့် ကိုယ့်နိုင်ငံကောင်းကျိုးအတွက်၊ ကမ္ဘာ့နိုင်ငံများအလယ်တွင် မြန်မာနိုင်ငံအနေဖြင့် မျက်နှာမငယ်စေရန်အတွက်၊ ကျွန်တော်တို့ မွေးလာမယ့် နောက်လာနောက်သား အနာဂတ် မျိုးဆက်သစ်များအတွက် စသည်တို့ကို အမြဲတစေ ဆွေးနွေးဖြစ်ကြသည်။
၂၀၀၆နောက်ပိုင်း မြန်မာဘလောခ့်တွေ ခေတ်စားလာခဲ့သည်။ ၂၀၀၇ ဇန်န၀ါရီလအကုန် ဖေဖော်ဝါရီလဆန်းတွင်တော့ သံလွင်အိပ်မက် အမှတ် (၉)ထွက်ပြီးကာစ ဖြစ်၍ အားလပ်ချိန်လေးများ ရှိနေသော ကျွန်တော်နှင့် နေဘုန်းလတ်တို့သည် ရင်တွင်းဖြစ် စကားလုံးများကို ချရေးရန်၊ အိပ်မက်များကို အသက်သွင်းရန်၊ သိထားသည်များကို မျှဝေရန် ဘလော့ခ်တစ်ခုစီ လုပ်ခဲ့ကြပါသည်။ ကျွန်တော့်ဘလော့ခ်တွင် ကျွန်တော့်ဘ၀ အကြောင်း၊ သူငယ်ချင်းအကြောင်း၊ စင်္ကာပူအကြောင်း၊ မြန်မာနိုင်ငံအကြောင်း၊ စုံစီနဖာ ချရေးခဲ့၍ နေဘုန်းလတ်၏ ဘလော့ခ်တွင်တော့ လူငယ်များ ချက်တင်ထိုင်သည့်အကြောင်း၊ ဘလော့ခ်အကြောင်း၊ ထုံးစံအတိုင်း အတွေးပါသော ဆောင်းပါး၊ ၀တ္ထုများကို အလျဉ်းသင့်သလို ဖော်ပြခဲ့သည်။ အဲသည်နောက်ပိုင်း Onlineပေါ်မှ ဘလော့ခ်ကာ သူငယ်ချင်းများ စုပေါင်း၍ မြန်မာနိုင်ငံလို အင်တာနက် တွင်တွင် ကျယ်ကျယ် မသုံးနိုင်သော နိုင်ငံမှ လူများအတွက် ဘလော့ခ်များပေါ်မှ ဘလော့ခ်ပိုစ့်များကို ဝေမျှပေးရန် “အနာဂါတ်လှိုင်း၏ ပုံရိပ်များ”ဟူသော ဘလော့ခ်စာအုပ် ထွက်လာစေဖို့အတွက် အစွမ်းကုန်ကြိုးစားခဲ့ကြသည်။ (အခြေအနေအရပ်ရပ်ကြောင့် ယခုထိထွက်ရှိနိုင်ခြင်း မရှိသေးပါ။) နေဘုန်းလတ်နှင့်တကွ သူငယ်ချင်း ဘလော့ခ်ကာများသည် "Why do we blog"ဆိုသော ဘလော့ခ် Seminar တစ်ခုကို Myanmar Infotechမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ယခုနောက်ဆုံး ကျွန်တော်၊ နေဘုန်းလတ်နှင့် သူငယ်ချင်းဘလော့ခ်ကာများ အားလုံး စည်းစည်းလုံးလုံးဖြင့် တကမ္ဘာလုံးတွင် တကွဲတပြားစီဖြစ်နေသော မြန်မာဘလော့ခ်ကာများ စုစည်းမိစေရန် ရည်ရွယ်ပြီး Myanmar Blogger Society (MBS)တစ်ခု တည်ထောင်ရန်အတွက် ကြိုးပမ်းနေပါသည်။
ထိုကဲ့သို့ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရိုက်နှက် သတ်ဖြတ်ခြင်း မရှိသော၊ မှောင်ခို၊ အောက်လမ်းစီးပွားရေးများကို မလုပ်သော၊ ဘိန်း၊ ကိုကင်း စသော မူးယစ်ဆေးဝါးများကို မသုံးဖူးသော၊ ဥပဒေနှင့် ငြိစွန်းသော မည့်သည့်အလုပ်ကိုမှ မလုပ်သော ကျွန်တော်၏ သူငယ်ချင်း နေဘုန်းလတ် တစ်ယောက် မည်သည့်အကြောင်းပြချက်မှ မရှိပဲ ထောင်သွင်းအကျဉ်းချခံခဲ့ရသည်မှာ ယခုဆို ၂လကျော် ၃လထဲ ရောက်ရှိနေပါပြီ။ ဘယ်လိုပဲ ချုပ်နှောင်ခံထားရပါစေ၊ ဘယ်လိုပဲ တားဆီးခံထားရပါစေ ကျွန်တော်လွတ်ချခဲ့တဲ့ မြို့တော်တွင်တော့ ဘလော့ခ်ကာ တစ်ယောက်၏ စိတ်ကူးများ ကွန့်မြူးနေဆဲ၊ နိုင်ငံသားကောင်းတစ်ယောက်၏ တိုင်းပြည်ကို ချစ်သည့်စိတ်များ နိုးကြားနေဆဲ၊ လူငယ်တစ်ယောက်၏ အိပ်မက်များ နွေးထွေးနေဆဲ၊ သူ့Cboxထဲ၌ သူလွတ်မြောက်ရန်အတွက် အစဉ်ဆုတောင်းနေကြဆဲ၊ လူငယ်များကို ကောင်းစေချင်သည့် အရေးအသားတွေ ရှင်သန်နေဆဲ၊ စာရေးဆရာတစ်ယောက်၏ သူရူးသွပ်သော အနုပညာများ ကိန်းအောင်းနေဆဲ ဖြစ်နေပါတော့သည်။
No comments:
Post a Comment