Monday, June 30, 2008

နေဘုန်းလတ်မွေးနေ့အတွက် သင်္ကန်းကပ်လှူခြင်းနှင့် မွေးနေ့ပွဲပြုလုပ်


၂၀၀၈ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် ကျရောက်သော ဘလော့ဂ်ဂါ စာရေးဆရာ နေဘုန်းလတ်၏ မွေးနေ့အားရည်စူး၍ အဆိုပါနေ့ ညနေပိုင်းက စင်ကာပူနိုင်ငံရှိ Toa Payoh ဗုဒ္ဓဘာသာ မြန်မာ ဘုန်းကြီးကျောင်းတွင် သူငယ်ချင်း ဘလော့ဂ်ဂါများက သင်္ကန်းနှင့် နဝကမ္မအလှူငွေများ ကပ်လှူပေးခဲ့သည်ဟု သိရသည်။ လှူဒါန်းပေးခဲ့သူ တစ်ဦးဖြစ်သည့် ကိုငယ်(မန္တလေး)က “ သူ့မွေးနေ့မှာ သူ ကျွန်တော်တို့နဲ့ အတူရှိမနေလို့ စိတ်မကောင်းဖြစ်ရပါတယ်။ ဒီလိုလှူဒါန်းပေးတဲ့အတွက် သူ ကျန်းမာဖို့၊ လွတ်မြောက်ဖို့ ကျွန်တော်တို့ အားလုံး ဆုတောင်းပါတယ်” ဟု ပြောကြားသွားသည်။ ဇွန်လ ၂၈ ရက် မနက်ခင်းတွင်လည်း ရန်ကုန်ရှိ သူငယ်ချင်းဘလော့ဂ်ဂါများမှ နေဘုန်းလတ်အတွက် ရည်စူးကာ ငါးများ၊ ခိုများ၊ စာကလေးများလွတ်ကာ ကောင်းမှုပြုပေးခဲ့ကြသည်။

သူငယ်ချင်းတစ်ဦး သင်္ကန်းကပ်လှူစဉ်

ဇွန်လ ၂၉ ရက်နေ့ညနေတွင်လည်း နေဘုန်းလတ်မွေးနေ့ အထိမ်းအမှတ်ကို စင်ကာပူအခြေစိုက် သံလွင်အိပ်မက် Online မဂ္ဂဇင်းမှ ကျင်းပခဲ့သည်ဟုလည်း သိရသည်။ နေဘုန်းလတ် အယ်ဒီတာအဖြစ် တာဝန်ယူလျက်ရှိသော သံလွင်အိပ်မက် မဂ္ဂဇင်းမှ အခြား လုပ်ဖေါ်ကိုင်ဖက် အယ်ဒီတာများက နေဘုန်းလတ်အတွက် အမှတ်ရစရာများကို ပြောကြားသွားကြသည်။ အဆိုပါ ဇွန်လ ၂၉ ရက်နေ့သည် နေဘုန်းလတ်ကို ဖမ်းဆီးသွားသည့် ၅ လပြည့်နေ့လည်းဖြစ်သည်။

Happy Birthday N.P.L ဟု ရေးသားထားသော မွေးနေ့ကိတ်မုန့်

Happy Birthday ပါ ကိုနေဘုန်းလတ် (By မင်းယွန်းသစ်)

အမှန်တော့ကျွန်တော့် အကိုလိုခင်တဲ့ ကိုနေဘုန်းလတ် happy birthday ဖြစ်နိုင်ပါ့မလားဆိုတာ ...မ၀ံ့မရဲဖြစ်မိပါတယ်။ တကယ်ဆို ဒီနေ့ဟာ ကျွန်တော်တို့ တွေရဲ့ ထုံးစံအတိုင်းလေးဆို ညနေ ကျရင် ၁၉လမ်းသွား၊ တ၀ါးတ၀ါး တဟားဟား စနောက်ကြ စားကြသောက်ကြရင်း မွေးနေ့ပွဲ လုပ်နေရမယ့် နေ့ပါ။ နံရံတဖက်ခြား ရပ်ဝန်းက ကိုနေဘုန်းလတ်ရေ အကို ယုံကြည်တဲ့ လမ်းမှာ ရှေ့ဆက် ဆန္ဒပြည့်ဝ ပြီး အောင်မြင်ချမ်းမြေ့ပါစေ လို့ ညီငယ် အလေးအနက် ဆုတောင်းပေးပါတယ်။ တကယ့် ပျော်ရွှင်တဲ့ မွေးနေ့ကို နောင်နှစ်ပေါင်းများစွာ ထိ ကြုံဆုံပါစေ။

(စာကို မင်းယွန်းသစ် (http://www.minnyoonthit.net/2008/06/happy-birthday.html)မှ ရယူသည်)

Sunday, June 29, 2008

အမှတ်တရ နေဘုန်းလတ် (By ခေလွန်း)

ဟနေတဲ့ သံတိုင်တွေကြား
စိတ်ကို အလျားလိုက် ထိုးသွင်းလိုက်တော့
အမှောင်ထဲမှာ ထိုင်နေတဲ့
လူနာဆောင် အမှတ်ခြောက်ကို တွေ့တယ်
ဒါပေမယ့် အန်တွန်ချက်ကော့မဟုတ်ဘူး

အရိပ်တွေ သေနေတဲ့ နံရံအက်ကြောင်းတွေ ကြားက
ပါးလျလျ အလင်းတစအောက်
လွတ်လပ်မှုတွေ ခေါက်အသိမ်းခံထားရ
စစ်နဲ့ ငြိမ်းချမ်းရေး .. မင်း ဘာရွေးမလဲမေးရင်
ငြိမ်းချမ်းရေးတွေချည်း ချချရေးနေတယ်
ဒါပေမယ့် တော်စတွိုင်း မဟုတ်ဘူး

သိလိမ့်မယ် သူနဲ့ စကားပြောကြည့်ရင်
သူနဲ့ သိလိမ့်မယ် ဂစ်တာအတူတီးကြည့်ရင်
အမှန်တရားအတွက် သိလိမ့်မယ် ယုံကြည်မှုအတွက်
ဘာကြောင့် သူ ခရီးထွက်ခဲ့သလဲ ဆိုတာ သိလိမ့်မယ်
ဒါပေမယ့် မာယာကော့စကီးမဟုတ်ဘူး

ဒီလိုနဲ့ တအားအားအော်တတ်တဲ့ ကျီးကန်းတွေ များလာပြီ
ဒီလိုနဲ့ တ၀ုတ်ဝုတ်ဟောင်တတ်တဲ့ ခွေးတွေ များလာပြီ
ဒီလိုနဲ့ မကြာခင် ၀ဋ်လည်ပါလိမ့်မယ်
မျက်မှန်တစ်လက်ရဲ့ နောက်ကွယ်က ယုံကြည်မှုတွေကို ဆွဲဖွင့်လိုက်
ပိုက်ထဲမှာ ခင်ဗျားတို့အကြိုက် မုသာဝါဒတွေ ငြိပါ မလာဘူး
ဒါ ဖျတ်ကနဲ ခဏလာတဲ့ မီးမဟုတ်ဘူး
ဒါ လက်ကနဲ ခဏလင်းတဲ့ ကြယ်မဟုတ်ဘူး
ဒါ ဖျောက်ကနဲ ခဏရွာတဲ့ မိုးမဟုတ်ဘူး
ကဗျာဆရာကို ဖမ်းလို့ရမယ်
ူသူရေးတဲ့ ကဗျာကို ဖမ်းလို့ မရဘူး
ဘလော့ဂါကို ဖမ်းလို့ရမယ်
သူရေးတဲ့ ဘလော့ကို ဖမ်းလို့ မရဘူး
ဒီလိုပဲ..
နေဘုန်းလတ်ကို ဖမ်းလို့ရမယ်
သူသမိုင်းသူရေးတဲ့ နေဘုန်းလတ်ကို မင်းတို့ တသက်လုံး ဖမ်းလို့ ရမှာ မဟုတ်ဘူး

ဒါပေမယ့် အန်တွန်ချက်ကော့ မဟုတ်ဘူး
ဒါပေမယ့် တော်စတွိုင်း မဟုတ်ဘူး
ဒါပေမယ့် မာယာကော့စကီး မဟုတ်ဘူး
ဒါပေမယ့် နေဘုန်းလတ် ဟုတ်တယ်
ဒါပေမယ့် ဒီနေ့ သူ့မွေးနေ့ ဟုတ်တယ်
ဒါပေမယ့် စောက်ရေးမပါဘူးကွာ
ဒါပေမယ့် နေဘုန်းလတ်ရေ မြို့စားကြီးရေ
ဒါပေမယ့် မင်းအတွက် ငါဆဲမိပြီ .. #@$%!
ဒါပေမယ့် မင်း အမြန်လွတ်ဖို့ ငါဆုမတောင်းဘူး
ဒါပေမယ့် မင်းကို အမြန်လွှတ်ဖို့ ငါတောင်းဆိုမယ်
ဒါပေမယ့် ဓာတ်ပုံရိုက်ဖို့ ငါတို့သွားတုန်းက ဖြတ်ရတဲ့ Merlion Park နားက တံတားပေါ်ကို ညနေကရောက်သေးတယ်
ဒါပေမယ့် မင်းကို သတိရဖြစ်အောင် ရဖြစ်လိုက်သေးတယ်
ဒါပေမယ့် ဒီနေ့ မင်းအတွက် ကုသိုလ်ဒါနလုပ်တဲ့သူတွေအကြောင်း ဘလော့တွေမှာ ဖတ်ရတယ်
ဒါပေမယ့် မင်းမပါတဲ့ မွေးနေ့ပွဲတွေက အသံတိတ်ဇာတ်ကားတွေ ကြည့်ရသလိုပဲ
ဒါပေမယ့် ငါတို့ နက်ဖြန် ကိတ်မုန့်ခွဲမယ်
ဒါပေမယ့် မင်းအတွက် အမှတ်တရပါပဲကွာ။

ခေလွန်း

(ကဗျာကို နေဘုန်းလတ်မွေးနေ့အတွက် ညီညီ(သံလွင်) မှပေးပို့သည်)

Saturday, June 28, 2008

၂၈နှစ်ပြည့် မွေးနေ့ရှင်နေဘုန်းလတ်သို့ (By ဇင်ကိုလတ်)



မင်း အဖမ်းခံရတယ် ကြားကြားချင်းတုန်းက တစ်ရက်၊ နှစ်ရက်လား။ တစ်ပတ်၊ နှစ်ပတ်လားလို့ပဲ ထင်ခဲ့တာ။ ဒါနဲ့ပဲ မင်း အကြောင်းပါတဲ့ သတင်းတွေ၊ အသံလွှင့်ဌာနတွေက လွှင့်တဲ့ အသံတွေကို ငါသိမ်းထားတယ်။ မင်းလွတ်လာတဲ့ အချိန် ဖတ်လို့ရအောင်၊ နားထောင်လို့ရအောင်ပါ။ မင်း အထဲမှာ ရောက်နေတဲ့ အချိန် အပြင်မှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာ သိအောင်ပါ။ အခုတော့ မင်းကို ချစ်တဲ့ သူငယ်ချင်းတွေ၊ ဘလော့ခ်ကာတွေရဲ့ ခံစားချက်တွေကို Free နေဘုန်းလတ်ဆိုတဲ့ ဘလော့ခ်လေးမှာ ဖတ်လို့ ရနေပါပြီ။ တစ်လ၊ နှစ်လလောက်နဲ့ မင်း ပြန်လွတ်မလာတော့ အခုမေလပြီးရင် မင်းကို လွှတ်ပေးတော့မယ် ထင်ခဲ့တယ်။ ဒီ ၂၈နှစ်ပြည့်မွေးနေ့ကို အရင်နှစ်တုန်းကလိုပဲ ဘလော့ခ်တွေပေါ်မှာ၊ အွန်လိုင်းပေါ်မှာ ပြီးတော့ ဂျီတော့ခ်ပေါ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျင်းပနိုင်လိမ့်မယ်လို့ပဲ ထင်ခဲ့တာ။ ဒါပေမယ့်ကွာ ထင်သလို မဖြစ်လာခဲ့ဘူး။

မင်း အထဲမှာ ရောက်နေတုန်း ငါလည်း ဘလော့ခ်ကို ကောင်းကောင်းမရေးဖြစ်ပါဘူးကွာ။ မင်း ဘလော့ခ် မရေးနိုင်လို့ ငါလည်း လိုက်မရေးဘူးလို့ ပြောရင် ပြောမနာဆိုမနာ သူငယ်ချင်းဖြစ်တဲ့ မင်းက “မင်း စောက်ရူးပဲ၊ ကိုယ့်ဘာသာကိုယ် စောက်ပျင်းကြီးပြီး မရေးတာများ ငါ့ကို လွှဲချနေတယ်”ဆိုပြီး ပြောမှာ ငါသိတယ် သူငယ်ချင်း။ မင်းအထဲမှာ ရောက်နေလို့ သံလွင်အိပ်မက်ရပ်သွားတာမျိုး၊ လူမှုရေးလုပ်ငန်းတွေ ရပ်သွားတာမျိုး၊ ငါ ဘလော့ခ် ဆက်မရေးတော့တာမျိုးတွေကို မင်း မဖြစ်စေချင်မှန်းငါသိပါတယ်။ ဒါ့ကြောင့် မင်းရဲ့ ၂၈နှစ်မြောက် မွေးနေ့က စပြီး ငါ ဘလော့ခ်ပြန်ရေးတော့မယ်။ ပိုစ့်တွေ တသီကြီး မရေးနိုင်တောင် တပတ်ကို ပိုစ့်တစ်ခုလောက် ဖြစ်ဖြစ်ပေါ့။ မင်းရဲ့ မပြီးပြတ်သေးတဲ့ တာဝန်တွေကို ငါဆက်လက်ထမ်းရွက်မယ်။ မင်းရဲ့ ရင်ထဲက ဆန္ဒအမှန်တွေကို မင်းကိုယ်စား ငါ ပြောပြမယ်။

မင်း လွတ်လာတဲ့ အချိန်မှာ မင်းနားထောင်ဖို့ မင်းရဲ့ သတင်းတွေကို "ForNPL"ဆိုပြီး ငါ Folderတစ်ခုထဲမှာ ထည့်ထားတယ်။ မင်းလွတ်လာရင် ငါ့ဆီက တောင်းဖို့ မမေ့နဲ့ဦး။ မင်း အမြန်ဆုံး လွတ်မြောက်ပြီး မင်းချစ်တဲ့ မိသားစုနဲ့ တူတူ ပြန်လည်တွေ့ဆုံရပါစေလို့ ငါ ဆုတောင်းပေးပါတယ်ကွာ။ ကဲ . ဟက်ပီဘက်ဒေးပါ သူငယ်ချင်း။

(စာကို နေဘုန်းလတ်မွေးနေ့အတွက် ဇင်ကိုလတ်မှ ပေးပို့သည်)

၂၈ ရက် ၂၈နှစ်မြောက် မွေးနေ့ရှင်သို့ (By နိုင်းနိုင်းစနေ)

မွေးနေ့မှာ ပျော်ရွှင်ပါစေ နေဘုန်းလတ်

သံလွင်မဂ္ဂဇင်း အဖွဲ့သားတွေနဲ့ အပြင်မှာ လူချင်းတွေ့ဆုံခဲ့ဖူးပေမယ့် နေဘုန်းလတ်နဲ့တော့ မဆုံခဲ့ဖူးဘူး။ ဒါပေမယ့် သံလွင်အဖွဲ့သားတွေထဲမှာ နေဘုန်းလတ်နဲ့ ကျွန်မ ပထမဦးဆုံးခင်ခဲ့သူပါ။ မှတ်မိပါသေးတယ်.... မြန်မာ ပလန်းနက်ဝက်ဆိုက်မှာ စာလေးတွေ စရေးတုန်းက “နေဘုန်းလတ်”ဆိုတဲ့ နာမည်ကို ဖိုရမ်မှာ ခဏခဏမြင်ဖူးခဲ့ပေမယ့် လူချင်းမရင်းနှီးခဲ့ဘူး။ တစ်နေ့တော့ သူ့ဆီက သံလွင်မဂ္ဂဇင်းမှာ စာတွေရေးဖို့ ဖိတ်ခေါ်တဲ့ အီးမေးလ်တစ်စောင် ရခဲ့တယ်။ အဲဒီကမှတစ်ဆင့် ကျွန်မတို့ ခင်မင်ခဲ့ကြတယ်။ ဒီလိုနဲ့.... သူ့ရဲ့ မိတ်ဆက်ပေးမှုကြောင့် သံလွင်အဖွဲ့သားနဲ့ မွန်းသက်ပန်ကိုပါ ခင်မင်ခွင့်ရခဲ့တယ်။

လူငယ်များကို ဆွဲခေါ်တတ်သူ
ပညာပေးစာတွေကို အမြဲတင်ဆက်တတ်သူ
သူငယ်ချင်းတွေကို ခင်မင်တတ်သူ
နံရံလေးထောင့် အမှောင်ခန်းတစ်ခုထဲမှာ ၂၈ နှစ်မြောက်မွေးနေ့ကို ဖြတ်သန်းနေရသူ
ခန္ဓာသာ အထီးကျန်ပေမယ့် မင်းဝိညာဉ်က အထီးမကျန်ဘူး နေဘုန်းလတ်
မင်းခင်တဲ့ သူငယ်ချင်းအားလုံး၊ မင်းကိုခင်တဲ့ သူငယ်ချင်းအားလုံး
မင်းအတွက် ဆုတောင်းပေးနေပါတယ်
လွန်ခဲ့တဲ့ ၂၈နှစ်တုန်းက....
အမေ့ဝမ်းတွင်းက လွတ်လွတ်လပ်လပ် ကျွတ်ထွက်လာသလိုမျိုး
အခုလည်း အမှောင်ခန်းထဲကနေ မင်းအမြန်ဆုံး လွတ်မြောက်နိုင်ပါစေ....

(စာကို နိုင်းနိုင်းစနေ(http://nineninesanay.blogspot.com/2008/06/blog-post_28.html) ထံမှ ရယူသည်)

Happy Birthday Nay Phone Latt (By ဘာညာဘာညာ)

သူငယ်ချင်းနေဘုန်းလတ် မွေးနေ့မှာ ပျော်ရွှင်လွတ်လပ်ပါစေလို့ ရည်စူးပြီး ဒီနေ့ မနက်စောစော ရွှေတိဂုံ ခြေရင်းက သွေးဆေးကန်မှာ ဘလောက်ဂါသူငယ်ချင်းများ အားလုံးကိုယ်စား စာကလေး၊ ခို၊ ငါးလေးတွေလွှတ်ပေးခဲ့ပါတယ်။ သူငယ်ချင်းအမြန်လွတ်မြောက်ပါစေ။

Photobucket

Photobucket

Photobucket

(ပုံနှင့်စာများကို ဘာညာဘာညာ (http://barnyarbarnyar.myanmarbloggers.org/2008/06/happy-birthday-nay-phone-latt.html) မှ ရယူသည်)

မြို့စားမရှိတဲ့မွေးနေ့ဆုတောင်း (By ဘလာဂေါက်)

နေဖက်လုံး၊ နဘန်းလုံး၊
ဘေဘီဗိုက်တာ၊ နေဖုံးလတ်၊ မြို့စားမင်း
အမည်ပြောင်တွေကိုပေးတိုင်း
ပြုံးပြုံးကြီးနဲ့ ကျေနပ်စွာခံယူ၊
သူငယ်ချင်း မင်းကိုမတွေ့တာ အတော်တောင် ကြာနေပါပကော။

လောကဓံနိမ့်မြင့်
လှိုင်းလွန့်တွေ လူးထတဲ့ အခါ
ထင်းတုံးမြင့်တုံး မြတ်မြင့်တုံပါဘဲ။
ဘ၀ထဲဖြတ်သန်း
အချိန်တွေ ညောင်းကြာ
စောင့်စားတဲ့ နံရံတဖက်
မင်းလက်တွေ လွတ်လပ်စေချင်ပြီ။

တချိန်က နွှဲပျော်
အခုမင်းမွေးနေ့နော်၊
အသက်တနှစ်ကြီး
အပြစ်ကြီးတွေ မခံရပါစေနဲ့ကွာ
တောင်းဆုတွေ ပေးဝေ
သူငယ်ချင်းတွေ ကတော့
မင်းမရှိရင် ပျော်မှာမဟုတ်ဘူး။

ဘာဘဲပြောပြော
ဘာဘဲလုပ်လုပ်
မြတ်ဘုရား ကိုမေ့မထားနဲ့
မွေးနေ့မှာ ဆုခြွေပေးမယ်
လွတ်လပ်မယ့် မင်း။

(ကဗျာကို ဘလာဂေါက် (http://zawzaw.myanmarbloggers.org/2008/06/blog-post_28.html) ထံမှ ရယူသည်)

Happy Birthday to Ko Nay Phone Latt (By Pinkgold )

28-06-2007....

Image Hosted by ImageShack.us


Blogger တစ်ယောက်ဖြစ်တဲ့ ကိုနေဘုန်းလတ်ရဲ့မွေးနေ့ကို Coffee King မှာ ကျင်းပတယ်တဲ့။

အဲဒီတုန်းက ကျွန်မ ဘလောဂ့်စရေးကာစ အချိန်ပေါ့။ နာမည်ကြီး ဘလောဂ့်ဂါတွေရဲ့ ဘလောဂ့်တွေကို အသဲအသန်လိုက်ဖတ်နေချိန်။ ဘလောဂ့်တွေမှာ သူများတွေ ဘာတွေရေးကြလဲလို့ စူးစမ်းလေ့လာနေချိန်။ မမယ်လိုဒီမောင် ရဲ့ ဘလောဂ့်ကနေတစ်ဆင့် ကိုနေဘုန်းလတ်ရဲ့ 27 နှစ်မြောက် မွေးနေ့ကို အမှတ်မထင် သိခွင့်ရခဲ့ပါတယ်။

"နေဘုန်းလတ်" ဆိုတဲ့ နာမည်ဟာ ကျွန်မနဲ့ မစိမ်းပါဘူး။ ၂၀၀၅ ခုနှစ်လောက်ကတည်းက ပလန်းနက်ဖိုရမ်မှာနေဘုန်းလတ်၊ ညီလင်းဆက်၊ ဟနစံ၊ ကိုသံလွင် (ကလိုစေးထူး) တို့ဆိုတာ ထက်မြက်တဲ့ စာပေးအရေးအသားတွေနဲ့ နာမည်ကြီး Forumer တွေမို့ ကျွန်မ လေးစား အားကျခဲ့ရတဲ့ သူတွေပါ။ ဟော.. ခု ကျွန်မ ဘလောဂ့်ရေးပြန်တော့လည်း တိုက်တိုက်ဆိုင်ဆိုင် သူက ဘလောဂ့်ဂါ ဖြစ်လို့နေပြန်တယ်လေ။ သူ့ရဲ့ ၂၇ နှစ်မြောက်မွေးနေ့တုန်းက သူနဲ့ မရင်းနှီးသေးလို့၊ သူငယ်ချင်း မဖြစ်သေးလို့ Cbox မှာပဲ Happy Birthday သွားအော်ခဲ့ရတယ်။ ဒီအကိုကြီးရဲ့ ၂၈ နှစ်မြောက်မွေးနေ့မှာတော့ ငါလည်းပါဝင် ဆင်နွှဲနိုင်ကောင်းရဲ့ ဆိုတဲ့ အတွေးလေးတော့ ၀င်ခဲ့မိတယ်။

ဒါပေမယ့်..... ဒါပေမယ့်.... ဒါပေမယ်.....
ကံကြမ္မာရဲ့ လှည့်စားမှုကြောင့်လား........
အကြောင်းတိုက်ဆိုင် မှုတွေကြောင့်ပဲလား.......

မထင်မှတ်တာတွေ၊ မကြုံဖူးတာတွေ၊ ဖြစ်မှန်းမသိ ဖြစ်သွားခဲ့တယ်။ လက်မခံချင်တာတွေကို မျက်စိစုံမှိတ်ပြီး လက်ခံလိုက်ရတယ်။ ဟော.. ခုတော့ ပိုင်ရှင်မရှိတဲ့ မွေးနေ့ပွဲ၊ မွေးနေ့ရှင် မသိတဲ့ မွေးနေ့ဆုတောင်းကို ကျွန်မတို့တွေ ကျင်းပပြုလုပ်နေရပါလား။ မွေးနေ့ရှင် တစ်ယောက်ကတော့ သူရောက်ရှိနေတဲ့ နေရာမှာ ဘယ်လိုများ ရှိနေပါလိမ့်။

သူ့ရဲ့ မနှစ်တုန်းက မွေးနေ့ကို သတိရနေမလား.........
စိတ်မှန်းနဲ့ တမ်းတပြီး.. ဘုရားကို ဦးခိုက်ဆုတောင်းနေမလား......
အရာရာကို ကြံ့ကြံ့ခံပြီး ဖြစ်သမျှအကြောင်း အကောင်းပဲ ထင်နေမလား.......

ဒီနေ့ ဇွန်လ (၂၈) ရက်နေ့ဟာ ဘလောဂ့်ဂါ သူငယ်ချင်း ကိုနေဘုန်းလတ်ရဲ့ (၂၈) နှစ်မြောက် မွေးနေ့ပါ။ မွေးနေ့ရှင် မသိနိုင်ပေမယ့် ကျွန်မ ရင်ထဲကတော့ မွေးနေ့ရှင်အတွက် လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးချင်ပါတယ်။

HAPPY BIRTHDAY KO NAY PHONE LATT!
MAY YOU BE FREE AS SOON AS POSSIBLE!!

ကိုနေဘုန်းလတ်ကို ချစ်ကြတဲ့ သူငယ်ချင်းတွေကလည်း ဒီနေရာလေးမှာ ၀ိုင်းဝန်းပြီး ဆုတောင်းတွေ လုပ်ထားကြပါတယ်။ ဘလောဂ့်ဂါတွေအတွက်၊ ဘလောဂ့်ဂါမဟုတ်တဲ့ သူတွေအတွက် အကျိုးပြုစာပေါင်း များစွာကို ရေးခဲ့တဲ့ စာရေးဆရာ၊ သူငယ်ချင်းတွေကို ချစ်ခင်တတ်တဲ့ သူငယ်ချင်းကောင်း၊ Blogging အပါအ၀င် တစ်ခြား IT နဲ့ပတ်သက်တဲ့ နည်းပညာတွေကို လူထုကြား ချပြချင်တဲ့ စေတနာကောင်းတဲ့ သူ၊ လူတွေကို ကူညီတတ်တဲ့၊ ခပ်ပြုံးပြုံးနေတတ်တဲ့ ကိုနေဘုန်းလတ်ရဲ့ မွေးနေ့ကို ဘလောဂ့်လာဖတ်တဲ့ သူတွေလည်း comment လေးတွေရေးပြီး ဆုတောင်းပေးစေချင်ပါတယ်။

(စာကို Pinkgold (http://www.cuttiepinkgold.info/2008/06/happy-birthday-ko-nay-phone-latt.html) ထံမှ ရယူသည်)

၂၈ ရက်နေ့မှာ ၂၈ နှစ် ပြည့်ခဲ့တဲ့ မြို့တော်သို့ (By မောင်ပွတ်)

မနေ့ကလည်း ၂၄ နာရီရှိခဲ့တယ်။ ဒီနေ့လည်း ၂၄ နာရီပါပဲ။ မနက်ဖြန်လည်း ၂၄ နာရီပဲ ရှိဦးမှာပါ။ ဒါပေမယ့် ဒီနေ့ဆိုတဲ့ ဇွန်လ ၂၈ ရက်နေ့ရဲ့ ၂၄ နာရီမှာတော့ လက်ရှိအခြေအနေတွေကို ခဏမေ့လို့ အစ်ကို့ကို ကျွန်တော် ပျော်နေစေချင်တယ်ဗျာ။ အစ်ကို့မိသားစု၊ ကျွန်တော်နဲ့တကွ သူငယ်ချင်းတွေ၊ အစ်ကို့ စာဖတ်ပရိသတ်တွေရဲ့ “ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ” ဆိုတဲ့ ဆုတောင်းကြောင့် အစ်ကို တကယ်ပဲ ပျော်ရွှင်နေပါစေလို့ ကျွန်တော် ထပ်ဆုတောင်းပါတယ်။

ကိုနေဘုန်းလတ်ရေ -
စိတ်ဓါတ်ကြံ့ခိုင်တဲ့ အစ်ကိုကတော့ တသက်မှာတခါပဲရတဲ့ “၂၈” ရက်နေ့မှာ “၂၈” နှစ်ပြည့်တဲ့ မွေးနေ့ကို “မွေးနေ့ဆိုတာ နေ့တွေထဲက တစ်နေ့ပဲ” ဆိုပြီး ဖြတ်ရိုးဖြတ်စဉ်ပဲ ဖြတ်သန်းသွားဖို့ ကြိုးစားနေဦးမယ် ထင်ပါတယ်။ ကျွန်တော်တို့၊ အထူးသဖြင့် ဘလော့ဂ်ဂါတွေကတော့ မွေးနေ့တစ်ခုကို သာမန်နေ့တစ်နေ့လို့ ဘယ်တုန်းကမှ မတွေးခဲ့ကြဘဲ မွေးနေ့ရှင်ရဲ့ ဘလော့ဂ်မှာ နှုတ်ဆက်ကြ၊ ပို့စ်တင်ပေးကြ၊ ဂျီတော့ကနေ စကြနောက်ကြ၊ ဖုံးဆက်ကြနဲ့ နေခဲ့ကြတာ အစ်ကိုလည်း သတိရနေမှာပါ။ ဒီနှစ်တော့ မွေးနေ့ရှင်မပါတဲ့ မွေးနေ့ပွဲကို ကျွန်တော်တို့ ကျင်းပကြရတော့မယ်။ အစ်ကို့မွေးနေ့ဟာ တိတ်တဆိတ်နဲ့ပဲ စည်ကားနေတော့မယ်။ အစ်ကို့မွေးနေ့ကို သတိရလို့ “လွတ်ကျခဲ့တဲ့ မြို့တော်” ကိုရောက်လာသူတိုင်းဟာ မွေးနေ့အတွက် ပို့စ်အသစ်မရှိတဲ့ အစ်ကို့ဘလော့ဂ်အတွက် စိတ်ကောင်းကြမှာ မဟုတ်ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အစ်ကို နောက်ဆုံးတင်ထားပေးခဲ့တဲ့ ပို့စ်ကလည်း ကျွန်တော့်မွေးနေ့အတွက် ဖြစ်နေတော့ အစ်ကို့ဘလော့ဂ်ကို ရောက်တိုင်း ကျွန်တော် သတိတရနဲ့ စိတ်မကောင်းဖြစ်ရပါတယ်ဗျာ။

ကိုနေဘုန်းလတ်ရေ -
မနက်ဖြန်ဆို အစ်ကို့ကို ဖမ်းဆီးထားတာ ၅ လပြည့်ပြီ။ နှစ်တစ်နှစ်ရဲ့ သုံးပုံတစ်ပုံကျော်ကို အဓိပ္ပါယ်နည်းပါးစွာနဲ့ အစ်ကိုဖြတ်သန်းခဲ့ပြီးပြီပေါ့။ လူခန္ဓာကြီးက မလွတ်မြောက်နိုင်သေးပေမယ့် အစ်ကို့စိတ်တွေ၊ ခံယူချက်တွေ၊ အတွေးအခေါ်တွေကတော့ အရင်လိုပဲ ရင့်ရင့်ကျက်ကျက်နဲ့ လွတ်လပ်နေတုန်းပဲလို့ ကျွန်တော်ယုံကြည်ပါတယ်။ အစ်ကို မကြာခဏပြောတဲ့ “မောင်ပွတ် မင်းသိလား၊ ငါတို့တွေ အများကြီး လုပ်ကြရဦးမယ်” ဆိုတဲ့ စကားလေး အမြဲကြားယောင်နေမိတယ်။ တိုင်းပြည်တိုးတက်ဖို့၊ လူငယ်တွေ ပညာဥာဏ်ရှိဖို့၊ နည်းပညာတွေ အဆင့်မီဖို့ အမြဲတမ်း ထောက်ပြအကြံပေးနေတဲ့ ကိုနေဘုန်းလတ် - အစ်ကို့ဘက်မှာ အမှန်တရားတွေရှိနေပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်။

ကိုနေဘုန်းလတ်ရေ -
အစ်ကို ကျွန်တော့်မွေးနေ့တုန်းက ရေးပေးခဲ့တဲ့ စာသားလေးတွေ သတိရမိတယ်။

အချို့သောရက်တွေမှာ သိပ်မသိသာပေမယ့် ... မိမိတို့ရဲ့ ဘ၀မှာ အမှတ်ရစရာလေးတွေ ဖြစ်ခဲ့တဲ့ ... အလေးအနက်ထား မှတ်သားထားခဲ့တဲ့ အထိမ်းအမှတ်နေ့လေးတွေနဲ့ တိုက်ဆိုင်လာတဲ့အခါ ... ကျွန်တော်တို့ရဲ့ ရင်ထဲက လွမ်းဆွတ်တမ်းတစိတ်ဟာ ... တစ်ဆစ်ဆစ် နာကျင်လာတဲ့ အထိအောင်ကို ဖြစ်လာတတ်တာ ကိုယ်တိုင်ခံစားဖူးတဲ့ အတွက် ကျွန်တော် နားလည်ပါတယ် ...။
မောင်ပွတ်လဲ ... အဲဒီ့လိုပဲခံစားနေလိမ့်မယ်လို့ ကျွန်တော် မှန်းလို့ရပါတယ် ...။
အဲဒီ့လိုအခါမျိုးမှာ ကျွန်တော်တို့တွေအနေနဲ့ ဘယ်သူတစ်ဦးတစ်ယောက်မှ ကိုယ့်အနားမှာ ရှိမနေဘူး ဆိုတဲ့အတွေးတွေကို ဘေးချထားပြီး ... ကိုယ့်ကိုချစ်တဲ့သူတွေ၊ ကိုယ်နဲ့ ယုံကြည်ချက်တူတဲ့သူတွေ ဟာ တစ်နယ်စီခြားနေပေမယ့် စိတ်ချင်းနီးနေကြတယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ စိတ်ဓါတ်တွေကို ထိမ်းကြောင်း ရှေ့ဆက်ကြရပါတယ် ... ဆိုတာလေ။

ကျွန်တော့်ကို ဆုံးမသလိုပဲ အစ်ကိုလည်း တစိမ်းတရံတွေ၊ မချစ်မနှစ်သက်တွေကြားထဲကနေ အစ်ကို့ကို သံယောဇဉ်ရှိတဲ့လူတွေ၊ ချစ်ခင်လေးစားသူတွေအကြောင်းတွေးရင်း စိတ်ဓါတ်တွေကို ထိမ်းကြောင်းနိုင်နေဆဲလို့ ကျွန်တော်ယုံကြည်ပါတယ်။ ပြည်ပမှာ အလုပ်အကိုင်ကောင်းတွေ ရှိပေမယ့် မြန်မာပြည်မှာပဲ နေမယ်ဆိုတဲ့ အစ်ကို၊ နိုင်ငံတကာ အစားအစာတွေ ဘယ်လောက်စားစား “အမေ့လက်ရာ မမီဘူးကွ” လို့ အမြဲပြောနေတတ်တဲ့ အစ်ကို၊ ရောက်ရာနေရာမှာ တိုင်းပြည်နဲ့ လူငယ်တွေအတွက်ပဲ အမြဲချိန်ထိုး စဉ်းစားပေးနေတတ်တဲ့ အစ်ကို - တန်ဖိုးကြီးတဲ့ အချိန်တွေကို ရှိမနေသင့်တဲ့နေရာမှာပဲ အကြောင်းပြချက်မရှိ ဖြတ်သန်းနေရတာကို တွေးမိတိုင်း ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်ဗျာ။

ကိုနေဘုန်းလတ်ရေ -
မွေးနေ့ဆိုရင် ပျော်စရာကောင်းတာတွေ ရေးကြ၊ စကြ၊နောက်ကြ နေခဲ့ကြပေမယ့် အစ်ကို့မွေးနေ့မှာတော့ ပျော်စရာကောင်းတာတွေ တွေးမိတိုင်း စိတ်မကောင်းဖြစ်ရလို့ ကျွန်တော့်စာက အလွမ်းသီချင်းလို၊ ငိုချင်းတစ်ပုဒ်လို ဖြစ်နေရင်တော့ ခွင့်လွှတ်ပါ။ မနှစ်က ဘလော့ဂ်ဂါအစည်းအဝေးမှာ ကိတ်မုန့်လှီးပြီး cream တွေနဲ့ လိုက်တို့ကြတာ၊ အစ်ကို့မွေးနေ့မှာ ထမင်းလက်စုံစားကြတာတွေ မနေ့တစ်နေ့ကလို သတိရနေတုန်းပါပဲဗျာ။ ကျွန်တော်တို့ ဘလော့ဂ်ဂါတွေကြားထဲမှာ လေးစားစရာ Icon တစ်ခုအနေနဲ့ အစ်ကို့ကို အားလုံးက သတိရနေကြတုန်း၊ အစ်ကို့စာတွေကို မျှော်လင့်နေကြတုန်း၊ လွတ်မြောက်လာဖို့ ဆုတောင်းနေကြတုန်းပါပဲ။ လောလောဆယ်မှာ အုပ်ထိန်းသူမဲ့နေတဲ့ လွတ်ကျထားတဲ့ မြို့တော်ကြီး ပြန်လည်စည်ကားလာတဲ့ နေ့ကြရင် ကျွန်တော်တို့တွေအားလုံး စည်းစည်းလုံးလုံးနဲ့ အရင်လို ပျော်ပျော်ပါးပါး ဆုံကြဦးမယ်ဗျာ။ တစ်ယောက်နဲ့တစ်ယောက် စိတ်မဆိုးတမ်း စနောက်ကြဦးမယ်၊ လိုတဲ့အကူအညီတွေ ပေးကြဦးမယ်၊ တိုင်းပြည်အတွက်၊ ဘလော့ဂ်ဂါတွေအတွက် အလုပ်လုပ်ကြဦးမယ်လေဗျာ။

ကိုနေဘုန်းလတ်ရေ -
အစ်ကို့မွေးနေ့မှာ ဘယ်လိုခါးသီးတဲ့ ပတ်ဝန်းကျင်မျိုးမှာ ကျင်လည်နေရစေကာမူ ပျော်ရွှင်ငြိမ်းချမ်းတဲ့ မွေးနေ့အချိန်ပိုင်းလေးတွေ ပိုင်ဆိုင်နိုင်ဖို့၊ လူရောစိတ်ပါ ကျန်းမာဖို့၊ အမြန်ဆုံး ပြန်လည်လွတ်မြောက်လာဖို့ ကျွန်တော် အလေးအနက်ဆုတောင်း လိုက်ပါတယ်ဗျာ။

သတိရလျက်
ခင်တဲ့ညီငယ်
မောင်ပွတ်

(မနှစ်က ကိုနေဘုန်းလတ် မွေးနေ့အတွက် ရေးပေးခဲ့တဲ့ ပို့စ်လေးဖတ်ချင်ရင် ဒီမှာ ဖတ်ပါ)

(စာကို နေဘုန်းလတ်မွေးနေ့အတွက် Mr.Pooh မှ ပေးပို့သည်)

ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ... (By နေဘုန်းလတ် )

(၂၀၀၇ ခုနှစ် အသက် ၂၇ နှစ်ပြည့်မွေးနေ့အတွက် နေဘုန်းလတ် ကိုယ်တိုင်ရေးခဲ့သောကဗျာကို www.nayphonelatt.net မှ ပြန်လည် ကူးယူတင်ပြပေးလိုက်ပါသည်)

၂၈.၀၆.၂၀၀၇
အချိန်ကာလဆိုတာကြီးက
ငါ့ရဲ့ဘ၀ထဲကို
ကိန်းဂဏန်းတစ်ခုထပ်ပေါင်းထည့်တယ်
တစ်နှစ်တဲ့
ရက်ပေါင်း ၃၆၅ရက်
ငါနောက်ထပ်ဖြတ်သန်းခဲ့ပြီးပြန်ပြီ ...။

တစ်ခါတစ်ခါ
မနက်ဖြန်တွေကို မှန်းမှန်းမျှော်ရင်း
လွန်ခဲ့သောနေ့တွေကို လှမ်းလှမ်းခေါ်နေမိတယ်
ငါ့စိတ်တွေက ...
တစ်ခါတစ်ခါ
အနာဂတ်ကို ပုံဖော်နေရင်း
အတိတ်တွေထဲမှာ အိပ်ပျော်သွားတတ်တယ်
ငါ့အတွေးတွေက ...
အဲဒီ့လိုနဲ့ပဲ
ကုန်ခဲတဲ့အချိန်တွေ
တဖြုတ်ဖြုတ်ကြွေသွားလိုက်တာ
ငါ့အတွက် ဘာမှမကြာလိုက်သလို ...။

၂၇နှစ်တဲ့ ...
ကလေးငယ်တစ်ယောက်ဘဝ
ဘာလိုလိုနဲ့ပြုတ်ကျကျန်ခဲ့ပြီ ...
ခဏခဏဖြစ်တတ်တဲ့
ပြန်မရနိုင်တော့တာတွေ တနင့်တပိုးကို
ပြန်လိုချင်နေမိတဲ့ စိတ်တစ်ခု
နောင်တလို့ အမည်တပ်ပြီး စုထားလိုက်တယ်။

စိတ်ကူးတည့်ရာမှာရှိတဲ့
လမ်းတကာလမ်းတွေကို
ဦးနှောက်ရဲ့စေရာအတိုင်းလှမ်းရင်း
နှလုံးသားက
လွမ်းစရာရှိတာကိုလွမ်းတယ်
အဲဒီ့လိုပါပဲ ...
ငါနဲ့ ငါ့ရင်ခုန်သံတွေ
မလွတ်မလပ်ခမ်းနားခဲ့ရ ...
ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...။

အတုနဲ့ အစစ်
အမုန်းနဲ့ အချစ်
အနိုင်နဲ့ အရှုံး
အငိုနဲ့ အပြုံး
အဆိုးနဲ့ အကောင်း
အကျိုးနဲ့ အကြောင်းတွေကို
ခွဲရင်းနဲ့လွဲ လွဲရင်းနဲ့ခွဲခဲ့
ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...။

ခပ်မှိန်မှိန်မျှော်လင့်ချက်တွေအတွက်
ခပ်တိမ်တိမ် အတ္တတွေကို
အပြန်အလှန် မှီခိုနေကြတဲ့
ဟိုလိုဒီလိုလူတွေကြားမှာ
စိတ်ဓါတ်ကို ပိုးမွေးသလိုမွေးရင်း
ပုခုံးပေါ်ထမ်းတင်ထားခဲ့ရ ...
ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...။

ကံကြမ္မာဆိုတာကပေးတဲ့
အသီးအပွင့်အခက်အလက်တွေထဲက
အဆိပ်အတောက်တွေကိုလိုက်ဖယ်ရင်း
ဖြူစင်သန့်ရှင်းခဲ့တဲ့
လွတ်ကျသွားတဲ့မြို့တော်တွေကိုတမ်းတ
ငါဖြတ်သန်းပြီးခဲ့တဲ့ဘ၀တစ်ခုထဲမှာ ...။

ကွက်လပ်တွေလိုက်ဖြည့်ဖို့
နှလုံးသားတွေကိုဆေးကြောဖို့
နောက် ... ကမ္ဘာလောကကြီးကိုထမ်းပိုးဖို့
မဖြစ်စလောက် ဦးနှောက်လေးနဲ့တက်ကြွ
ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...။

အငြိမ်းချမ်းဆုံး စကားလုံးတွေနဲ့
သီကုံးချင်ခဲ့တဲ့အထ္တုပ္ပတိထဲမှာ
ကိန်းဂဏန်းတွေ နေရာဝင်ယူကြ
ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...။

ပျော်ခဲ့ ငိုခဲ့ ပြုံးခဲ့ မဲ့ခဲ့
နိုင်ခဲ့ ရှုံးခဲ့ တက်ခဲ့ ကျခဲ့
ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...။

သိခဲ့တာတွေများစွာထဲက မသိခြင်းတွေများစွာထွက်ထွက်ကျ
ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...။

နေဘုန်းလတ်

ဇွန် ၂၈ အတွက် မွေးနေ့ဆုတောင်း (By ဆုသက်လင်း)

မနက်ဖြန် ဇွန်လ( ၂၈ ) ရက်နေ့ဟာ ကျွန်မတို့ရဲ့ အကိုကြီး ကိုနေဘုန်းလတ်ရဲ့ ၂၈ နှစ်ပြည့် မွေးနေ့ပါ။ သူ ညီအကိုလို ချစ်ခင်သံယောဇဉ်ရှိတဲ့ အိုအေစစ်မောင်ပွတ်အတွက် မွေးနေ့အမှတ်တရပို့စ် တင်ပြီးကတည်းက သူ့ရဲ့ အနုပညာလက်ရာတွေကို ဖတ်ရှုခွင့်မရခဲ့တာ အခုဆို သူ့မွေးနေ့ ရောက်ခဲ့ပါပြီ။

မိသားစုကို သံယောဇဉ်ကြီးလွန်းလှတဲ့ အကိုတစ်ယောက် မွေးနေ့မှာ မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်ချင်မှာ သေချာပါတယ်။ ပြီးတော့ သူ့ရဲ့ ဘလော့ဂါညီအစ်ကိုမောင်နှမ သူငယ်ချင်းတွေကိုလဲ သတိရနေမှာ အမှန်ပါပဲ။ ကျွန်မတို့တွေ အားလုံးကလဲ ရင်းနှီးပွင့်လင်းစွာ အော်ဟစ်ရီမောတတ်တဲ့ သူ့ရဲ့ရီသံတွေကို ကြားယောင်မိရင်း ဇွန် ၂၈ ကို ကျော်ဖြတ်ရမှာပါ။ ၂၈ နှစ်ပြည့် မှတ်တိုင်တစ်ခုအနေနဲ့ သူ့လက်ကနေ လွှတ်ချပေးမယ့် ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ်ကိုလဲ ဒီအချိန်မှာ တမ်းတမိပါတယ်။

ဒီနှစ်မွေးနေ့မှာ ပျော်ရွှင်နိုင်မှာ မဟုတ်ဘူးဆိုတာကို သိနေပေမယ့်လည်း နောင်နှစ်နောင်နှစ်တွေအတွက် ရည်ရွယ်ပြီး Happy Birthday လို့ ဆုတောင်းပေးပါရစေ။ နောင်လာမယ့် အနာဂတ်နေ့ရက်တွေမှာ လွတ်လပ်မှုအပြည့်နဲ့ သူမြတ်နိုးတဲ့ အနုပညာတွေကို ဖန်တီးခွင့်ရပါစေ။ သူချစ်တဲ့ မိသားစုဆီကိုလဲ အမြန်ဆုံး ပြန်လာခွင့်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဒီကဗျာလေးကတော့ အကိုနေဘုန်းလတ် မွေးနေ့အတွက် အမှတ်တရပါ။

သူ သို့မဟုတ် နေဘုန်းလတ်

လူ့ဘ၀ရဲ့ ၂၈ နှစ်တာခရီးတလျှောက်
ရိုးဖြောင့်စွာနဲ့ လျှောက်လှမ်းခဲ့သူ

အမှန်တရားကို ချစ်မြတ်နိုးပြီး
လိုအပ်တဲ့အခါ ရဲရင့်ပြတတ်သူ

ကလေးငယ်တွေရဲ့ အနာဂတ်ပညာရေးအတွက်
အလေးထားစဉ်းစားနေတတ်သူ

မြို့တော်ကြီးတစ်ခုကို လွှတ်ချပြီး
အနုပညာတွေ ခင်းကျင်းပြသခဲ့သူ

ပိုက်ဆံကလွဲပြီး ဘာမှမရတဲ့အလုပ်မျိုး
ဒီတသက်မလုပ်ဘူးလို့ ပြောခဲ့ဖူးသူ

ခိုင်မာတဲ့ယုံကြည်ချက်
လေးနက်တဲ့ခံယူချက်တွေနဲ့
အိပ်မက်တွေကို အကောင်အထည်ဖော်နေသူ

…………သူဟာ…………
`ကျွန်တော်လွှတ်ချခဲ့တဲ့မြို့တော်´ကြီးထဲက
`နေဘုန်းလတ်´သာ ဖြစ်ပါတယ်။ ။

ကဗျာကို ဆုသက်လင်း (http://suthetlin.blogspot.com/2008/06/blog-post_27.html) မှ ရယူသည်။

သမိုင်းနဲ့ .. လူ (By မိုးလှိုင်ည)

ဆိုကရေးတီးကို

အဆိပ်ပေးသတ်လို့ရတယ်

သူ့အတွေးအခေါ်တွေကို

အဆိပ်ပေးသတ်လို့မရဘူး….။


သောမတ်မိုးကိုထောင်ချထားလို့ရတယ်

ယူတိုးပီးယားကိုထောင်ချထားလို့မရဘူး…။


မင်ဒဲလားကိုနှစ်ရှည်လများ

ချုပ်နှောင်ထားလို့ရတယ်…

တရားမျှတမှုကိုချုပ်နှောင်ထားလို့မရဘူး॥။


ဂန္ဓီကို

လုပ်ကြံသတ်ဖြတ်လို့ရတယ်

အဟိံ့သ၀ါဒကိုလုပ်ကြံလို့မရဘူး…။


နေဘုန်းလတ်ကိုလည်း

ဖမ်းဆီးထားလို့ရတယ်

သူ့အနုပညာ၊ သူ့စေတနာ

သူ့စာပေကိုဖမ်ဆီးချုပ်နှောင်လို့မရနိုင်ဘူး…။

စာရေးဆရာတွေဟာ

နောက်ဆုံးတော့အောင်ပွဲရသူတွေလို့

ဂါဆီယာမားကွဖ်က တစ်ခါကပြောဖူးတယ်…

အမှန်တရားကိုရဲရင့်သူတွေကို

သမိုင်းကမှတ်တမ်းထားတယ်…

အမှောင်နက်လေကြယ်ရောင်လက်လေပဲ…။

မိုးလှိုင်ည

ကဗျာကို နေဘုန်းလတ်မွေးနေ့အတွက် မိုးလှိုင်ညမှ ပေးပို့သည်။

Thursday, June 19, 2008

ဘလော့ဂ်ဂါ နေဘုန်းလတ် ကို တကျော့ပြန် စစ်ဆေးမှုလုပ်နေ

၅ လခန့် ဖမ်းဆီး ခံနေရသည့် စာရေးဆရာ ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်အား ယခုတိုင် အာဏာပိုင်များက တကျော့ပြန် စစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေသည်။

ရုံးထုတ်ခြင်း မရှိဘဲ အာဏာပိုင်များက အင်းစိန်ထောင် အတွင်းသို့ မုန်တိုင်းကျအပြီး တကြိမ်နှင့် ယမန်နေ့က တကြိမ် ဘလော့ဂ်နှင့် ပတ်သက်၍ စစ်ဆေး မေးမြန်းနေဆဲ ဖြစ်သည်ဟု သိရခြင်း ဖြစ်သည်။

“ထောင်တွင်းမှာပဲ ခေါ်မေးတာပေါ့နော်။ စစ်ကြောရေးလို့ ပြောရမှာပေါ့နော်။ နာဂစ်အပြီး နောက်ပိုင်းမှာလို့ ပြောတယ်လေ။ နှစ်ကြိမ်ရှိပြီလို့ ပြောတယ်။ ဘလော့ဂ်အကြောင်းပဲ မေးတယ် ပြောတာပဲလေ။ သူ့နာမည်ဝှက် ရှိလား မေးတယ်တဲ့။ တချို့က နာမည်ဝှက်နဲ့ ရေးတာပေါ့နော်။ ဆရာမ မေငြိမ်းတို့၊ ဒေါက်တာ လွဏ်းဆွေတို့က နာမည်နဲ့တကွ ရေးတယ်ပေါ့နော်။ အဲဒီလူတွေရဲ့ နာမည်ကို သိလားလို့ မေးတယ်တဲ့” ဟု ယနေ့ ထောင်ဝင်စာ သွားတွေ့ခဲ့သူ မိခင် ဒေါ်အေးသန်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ထူးဆန်းတယ်။ နာဂစ်အလွန်မှာမှ ဘလော့ဂ်ကိစ္စကိုပဲ ထပ်ခါထပ်ခါ မေးနေတော့ ဘယ်လို သဘောလဲပေါ့နော်။ အန်တီ ထင်တာကတော့ သူ့ကို အပြစ်မရှိ အပြစ်ရှာပြီးတော့ စွဲချက်တင်လို့ ရအောင် လုပ်နေတယ်လို့ပဲ ထင်တာပဲ။ အန်တီ သိသလောက်ကတော့လေ၊ သူ့မှာ သတင်းပို့တာတို့၊ ဘာမှ မရှိတာ။ သူတို့ဟာ သူတို့ ထင်ယောင်ထင်မှားနဲ့ မေးနေတာပဲ” ဟု ပြောသည်။

ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်အား ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အာဏာပိုင်များက ဖမ်းဆီးကာ ဗီဒီယို အက်ဥပဒေ ၃၂ (ခ) ဖြင့် တရားစွဲဆိုရန် ပုဒ်မတပ်ခဲ့သည်။

သူ့ကို လူတွေ့ ညွန်ကြားချက် ရယူခွင့် စာရရန် ရှေ့နေ ဦးအောင်သိန်းမှ တွေ့ဆုံခွင့်ပြုရန် ယနေ့တွင် အင်းစိန်ထောင်၌ စာတင်ခဲ့သည်။

ကိုနေဘုန်းလတ်ကို မေးမြန်းမှုများ လုပ်ခဲ့ကြောင်း ပြည်ထဲရေး သတင်းရပ်ကွက်ကလည်း အတည်ပြုခဲ့ပြီး နိုင်ငံအတွင်းမှ အမည်မဖော်ဘဲ တင်သော ဘလော့ဂ်များ နှင့်ပတ်သက်၍ အထက်အရာရှိများ သိလိုနေကြသည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။

ရှေ့နေ ဦးအောင်သိန်းက “ထောင်ကို လျှောက်ရတယ်။ တခါမှ မပေးသေးဘူး။ သူတို့ တွေ့ပေးမယ်ဆိုတဲ့ သဘောမျိုး စာကပ်ထားလို့ လျှောက်ကြည့်တာ။ တွေ့ခွင့်ရရင် သွားတွေ့မယ်။ (power) အပြည့်ပေးထားပြီပဲ။ ပုံမှန်အားဖြင့်တော့ ဒီနေ့ကနေ သောကြာနေ့အထိ သူ့ကို တွေ့ခွင့်ရမယ်ဆိုရင် သွားတွေ့မယ်” ဟု ပြောသည်။

ဒေါ်အေးသန်းက “တပ်ထားတာက ဗီဒီယို အက်ဥပဒေ ၃၂ (ခ) ပဲလေ။ အခုဟာက အဲဒီဟာနဲ့ မဆိုင်တော့ဘူး။ ဘလော့ဂ်ကိစ္စပဲ ထပ်မေးတာ တဲ့လေ။ အဲဒါနဲ့လည်း ရုံးမထုတ်ဘူးကွယ်။ အခုဟာက နောက်ကိစ္စ။ ၃၂ (ခ) က ခိုင်မာမှုမရှိလို့ နောက်တခု အပြစ်ရှာနေတဲ့သဘော ရှိတယ် ပေါ့နော်။ လူတယောက်ကို ဖမ်းထားချင်လို့ ပုဒ်မတခု တပ်လိုက်တာပေါ့နော်။ ဖမ်းတုန်းက စင်္ကာပူအငြိမ့်ခွေ တစုံပဲ ရတာကိုး” ဟု ပြောသည်။

(သတင်းကို မဇ္ဈိမ http://www.mizzimaburmese.com/news/1295-2008-06-16-10-56-07 မှ ရယူသည်)