Saturday, July 4, 2009

ဆုတောင်းများ

နေဘုန်းလတ်၏ (၂၉) နှစ်ပြည့်မွေးနေ့အတွက် သူငယ်ချင်းများမှ ပေးပို့သည်။





Tuesday, June 30, 2009

လွတ်မကျတော့တဲ့ မြို့တော်

“ ဖွဲ့ဆိုချင်တဲ့ သံစဉ်ချိုတွေကို
ရင်ဘတ်ထဲမှာပဲ ကိုက်မြိုထားရတဲ့
ကြိုးပြတ်နေတဲ့ ဂစ်တာတစ်လက်ဟာ ကျွန်တော်ဖြစ်တယ်… ”(နေဘုန်းလတ်) .....တဲ့။
လောကအလှတရား
ခံစားချင်တိုင်း ခံစားလို့ ရနေတဲ့ လူသားတွေထဲမှာ
ငါတို့မပါတာ နာလိုက်တာ။
ရင်ဖွင့်ချင်တဲ့ စကား
နှုတ်ဖျားက ပွင့်ပွင့်လင်းလင်းပြောနေကြတဲ့ လူသားတွေထဲမှာ
ငါတို့မပါတာ နာလိုက်တာ။
ကမ္ဘာမြေမှာ ခြေစုံရပ်
သွားချင်တဲ့ အရပ် သွားလို့ရနေတဲ့ လူသားတွေထဲမှာ
ငါတို့မပါတာ နာလိုက်တာ။
အရသာစုံ ဆီဦးထောပတ်
လျှာအရသာခံ စားတတ်ကြတဲ့ လူသားတွေထဲမှာ
ငါတို့မပါတာ နာလိုက်တာ။
ငါတို့ရဲ့ရှင်သန်မှု
ငါတို့ရဲ့ လွတ်လပ်မှု
ငါတို့ရဲ့ပျော်ရွှင်မှုတွေအတွက်
ငါတို့ရဲ့သတ္တိတွေ ဓါးသွားလိုထက်
လှပတဲ့ မြို့တော်သစ်လေး တည်ဆောက်ကြဖို့ ခရီးဆက်
ငါ့တို့လက်ထဲက မြို့တော် လွတ်မကျစေရဘူး...
ဒီတစ်ခါ...
ညီလေး…မင်းလက်ထဲက မြို့တော်လွတ် မကျစေနဲ့တော့....။

(ဝင်းလတ်)
ကိုနေဘုန်းလတ် ဇွန်၂၈ရက်နေ့ (၂၉)နှစ်ပြည့်မွေးနေ့ လက်ဆောင်

(မူရင်း http://winnlatt.blogspot.com/2009/06/blog-post_29.html)

မွေးနေ့ရှင် မရှိတဲ့ မွေးနေ့များ

ဒီဇွန်လပေါ့
ရုပ်ဆိုးလွန်းတယ်
မွေးနေ့ရှင် မရှိတဲ့ မွေးနေ့တွေ
မြန်မာနိုင်ငံမှာ ကျင်းပ
ကမ္ဘာမှာ ကျင်းပ
ဘာကြောင့် ကိုးရက်ပဲ ခြားရသလဲ
မွေးနေ့ရှင်တွေ မရှိတဲ့ မွေးနေ့ပွဲ
ပြည်တွင်းပြည်ပမှာ ခြိမ့်ခြိမ့်သဲနေတယ်

နေဘုန်းလတ်ရေ
နင်တခါပြောဖူးရဲ့
ဘာမှ ကိုယ်ထိလက်ရောက် ကူညီမှု မလုပ်နိုင်
ဘာမှ ကိုယ်တိုင်ရပ်တည်မှုတောင် မလုပ်နိုင်ပေမယ့်
ဖြစ်တည်မှုလေး တစ်ရပ်တည်းနဲ့တင်
ပတ်ဝန်းကျင်မှာ အားသစ်ဝေစေနိုင်တဲ့ သူတွေ ရှိသတဲ့

အဲဒီစကား မှန်ကြောင်း
ဒီမွေးနေ့ပွဲတွေက သက်သေပြခဲ့ပေါ့

မွေးနေ့ရှင်တို့ရေ
ရှင်တို့ ကျမ်းမာအောင် နေရမယ်
ရှင်တို့ ကြံ့ခိုင်အောင် နေရမယ်
ရှင်တို့ ရဲ့ လွတ်မြောက်မှုဟာ
ကျွန်မတို့ရဲ့ လွတ်မြောက်မှုကို ဖော်ဆောင်နေတယ်
ရှင်တို့ရဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုဟာ
ကျွန်မတို့ အတွက် ခွန်အားလဲ ဖြစ်တယ်

ဒါကြောင့်
ဘယ်နေရာ ရောက်ရောက်
ဘယ်လိုအခြေအနေရောက်ရောက်
မွေးနေ့ပွဲပေါင်း များစွာကို
ကျန်းမာ ကြံ့ခိုင်စွာနဲ့
ကျော်ဖြတ်နိုင်ကြပါစေ
ရှင်တို့ရဲ့နောက်
ကျွန်မတို့ ရောက်နေပေါ့…

(ခွန်မြလှိုင်)

(၂၀၀၉ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင်ကျရောက်သော ကိုနေဘုန်းလတ်၏ ၂၉ နှစ်မြောက် မွေးနေ့အတွက် ခွန်မြလှိုင် ခံစားရေးဖွဲ့သည်)
(မူရင်း - http://khunmyahlaing.blogspot.com/2009/06/blog-post_29.html)

Sunday, June 28, 2009

၂၀၀၉/၂၉ ထောင့်မကျိုးတဲ့ ကမ္ဘာ

(၂၀၀၉ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင်ကျရောက်သော ကိုနေဘုန်းလတ်၏ ၂၉ နှစ်မြောက် မွေးနေ့အတွက် မိုးလှိုင်ည ခံစားရေးဖွဲ့သည်)

၂၀၀၉/၂၉ ထောင့်မကျိုးတဲ့ ကမ္ဘာ

လက်ခုပ်သံတဖြောင်းဖြောင်းတော့
မပါဘူးပေါ့အစ်ကို...။
ကျွန်တော်တို့ အစ်ကို့အတွက် ဆုတောင်းနေတယ်...။
ပြီးတော့ ကျွန်တော်တို့ တစ်နိုင်ငံလုံးအတွက်ဆုတောင်းနေတယ်
ပြန်ပေးသမားလက်ကနေ
ကျွန်တော်တို့ တရားဥပဒေတွေလွတ်မြောက်ဖို့
ကျွန်တော်တို့ နိုင်ငံတော် လွတ်မြောက်ဖို့
၂၀၀၉ မှာ အစ်ကို့အသက် ၂၉ နှစ်ပြည့်ပြီ
အစ်ကိုနဲ့ ကျွန်တော်တို့ ချစ်မက်ခဲ့တဲ့ ကမ္ဘာကြီးကတော့
၂၀၀၉ အထိဒေါင့်မကျိုးသေးဘူးအစ်ကို
ကမ္ဘာဟာ ကျွန်တော်တို့အတွက် ဘယ်တုန်းကမှမပြားသေးပါဘူး
အစ်ကိုကတော့ အမှောင်တိုက်ထဲမှာ တိတ်တိတ်ဆိတ်ဆိတ်
ရင့်ကျက်နေမယ်...
ကျွန်တော်တို့ က အလင်းတစ်ဝက် အမှောင်တစ်ဝက်
ဘ၀ကို ပြာယာခတ်နေတုန်း...
တာဝန်မကြေတာကို မုန်းတယ်အစ်ကို
တာဝန်မသိတာကို ပိုမုန်းတယ်
အဲဒီထက်အဆိုးဆုံးကတော့
တသုံးလုံးသမားတွေပါပဲ...
အဲဒါကို အစ်ကိုလည်းရေးခဲ့ဖူးတယ်
ကျွန်တော်လည်းရေးနေတုန်းပဲ
(မိုးလှိုင်ညရေ ... ကျည်ဆန်တွေပလူပျံနေတဲ့ ကောင်းကင်မှာ မင်းတို့ငါတို့ရဲ့ ကလောင်သွားတွေက အသက်ခန္ဓာမြဲနေသရွေ့ ရေးသင့်တဲ့စာသားတွေကို ရေးခြစ်နေဦးမှာပါ ...။ ဓါးသွားထက် ကလောင်သွားက ပိုထက်တယ်တဲ့ ... ဒါဆို စစ်သေနတ်တွေထက်ရော ... ငါတို့ကလောင်သွားတွေ ပိုပြီးထက်မြက်နိုင်ဦးမလား ။ ဘာပဲဖြစ်ဖြစ် အမဲရောင် ကားချပ်မှာ တစ်ချက်လေးပဲဖြစ်ဖြစ် အလင်းစစ်တွေကို ငါတို့ ဆက်လက်ရေးခြစ်ကြမယ် ...။)
အလင်းစစ်စစ်တွေအတွက်လားအစ်ကို
အစ်ကိုအတွက် ကဗျာတစ်ပုဒ်၊ အက်ဆေးတစ်ပုဒ်၊
ဝတ္ထုတစ်ပုဒ်အတွက် တန်ဖိုးကြီးကြီးပေးထားခဲ့ရပြီလား...
ကမ္ဘာမကြေမပါဘူး ...
အနင်းခံရတဲ့မြက်တွေပိုသန်သလို...
ခေတ်ကြီး ခါးချိုးချလည်း
ကျွန်တော်တို ဦးခေါင်းတွေဘယ်တော့မှ
ဦးညွှတ်မကျစေရဘူးအစ်ကို....။


မိုးလှိုင်ည

(ဘားအံအကျဉ်းထောင်ထဲမှာ တစ်ကိုယ်တော်မွေးနေ့ပွဲကျဉ်းပနေရတဲ့ ကိုနေဘုန်းလတ်သို့)

(မူရင်း - http://moehlaingnya.blogspot.com/2009/06/blog-post_27.html )