Showing posts with label ပေးစာ. Show all posts
Showing posts with label ပေးစာ. Show all posts

Sunday, June 27, 2010

သံလွင်အိပ်မက် မဂ္ဂဇင်း အတွဲ(၃) အမှတ်(၄) တွင် နေဘုန်းလတ်၏ ပေးစာပါဝင်



အကျဉ်းချခံထားရသော နေဘုန်းလတ် အယ်ဒီတာအဖြစ် တာဝန်ယူလျက်ရှိသော သံလွင်အိပ်မက် မဂ္ဂဇင်း အတွဲ(၃) အမှတ်(၄) ကို ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က www.thanlwin.com မှ တဆင့် ဖြန့်ချီခဲ့ရာ သူ၏ “ညီလေးရေ (၃)” ပေးစာတစ်ပုဒ်ကို ဖတ်ရှုနိုင်ကြောင်းသိရသည်။





သံလွင်အိပ်မက်မဂ္ဂဇင်း (၅) နှစ်ပြည့်အထူးထုတ်တွင် နေဘုန်းလတ်၏ ဝတ္ထုတိုအသစ် တစ်ပုဒ်နှင့် ပေးစာပါဝင်

၂၀၀၄ ခုနှစ် သြဂုတ်လ ၁၇ ရက်မှ စတင်ဖြန့်ချီခဲ့သော သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း၏ (၅) နှစ်ပြည့် အထူးထုတ်အဖြစ် အတွဲ (၃) ၊ အမှတ် (၃) ကို ၂၀၀၉ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က ဖြန့်ချီလိုက်ရာ အထူးကဏ္ဍများ၊ ပင်တိုင် စာရေးဆရာများ၏ လက်ရေးမူဖြင့် ရေးသားထားသော အမှတ်တရစကားများ၊ ယခုလအတွက် ခေါင်းစဉ်ဖြစ်သော “ဆင်းရဲမွဲတေမှုပြဿနာ” ဆိုင်ရာ ဆောင်းပါးများ၊ အကျဉ်းချခံထားရသည့် သံလွင်အိပ်မက် အယ်ဒီတာ နေဘုန်းလတ်၏ ဝတ္ထုတိုအသစ် တစ်ပုဒ်နှင့် ပေးစာ၊ စိတ်ဝင်စားဖွယ် အင်တာဗျူးများ၊ အက်ဆေး၊ ဝတ္ထုတို အစရှိသော ပါဝင်နေကျကဏ္ဍများ ဝေဝေဆာဆာပါရှိလာကြောင်း သိရသည်။ ထို့အပြင် အထူးကဏ္ဍအောက်တွင် အယ်ဒီတာများ၏ အမှတ်တရ အက်ဆေးများကို စုစည်းဖော်ပြထားရာ နေဘုန်းလတ်၏ “ကျွန်တော်နှင့် သံလွင်အိပ်မက်” ကို ဖတ်ရှုရမည်ဖြစ်သည်။



ကိုနေဘုန်းလတ်၏ “ပွင့်ရဲတဲ့ပန်း” အမည်ရှိ ဝတ္ထုတိုကို ဤနေရာ တွင်လည်းကောင်း၊ “ ညီလေးရေ (၂)” အမည်ရှိ ပေးစာကို ဤနေရာ တွင်လည်းကောင်း ဖတ်ရှုနိုင်ပါသည်။


Saturday, July 4, 2009

ဆုတောင်းများ

နေဘုန်းလတ်၏ (၂၉) နှစ်ပြည့်မွေးနေ့အတွက် သူငယ်ချင်းများမှ ပေးပို့သည်။





Friday, July 4, 2008

မွေးနေ့မှာ မင်္ဂလာ ရှိပါစေ သူငယ်ချင်း နေဘုန်းလတ် (By ခွန်မြလှိုင်)

ဒီနှစ် ၂၈ ဇွန်မှာ ကျရောက်တဲ့ မွေးနေ့ မွေးရက် ထပ်တဲ့ နင့်မွေးနေ့ ကို ငါမမှတ်မိလို့ ဆုတောင်း နောက်ကျတာ မဟုတ် ပေမယ့် နောက်ကျတဲ့ အကြောင်းရင်းကို နင်သိရင် နင်ကျေနပ် နေမှာ သေချာ တယ်လို့ ငါသိ နေတယ် သူငယ်ချင်း .. ငါတို့ရဲ့ မွေးနေ့ လက်ဆောင် အယ်လ်ဘမ် လေးကို နင် ကြည့်ရတဲ့ အခါ ကျေနပ်နေမယ့် နင့်ကို ငါ မြင် ယောင် နေသေးတယ်။ မွေးနေ့မှာ ပျော်မပျော် မသေချာ မယ့် နင့်ကို ပျော်ရွှင် ပါစေလို့ ငါ ဆုတောင်း မပေးရက် ပါဘူး။ မင်္ဂလာ တရား ၃၈ပါးနဲ့ အညီ နေနိုင်ရင် မင်္ဂလာ ရှိတာပဲမို့ နင့်ကို ဒီလိုပဲ မွေးနေ့ ဆုတောင်း ပေးလိုက် တယ်နော်..

ပြီးတော့ မကြာခင်က ပြီးသွားတယ် ဆိုတဲ့ ဘောလုံးပွဲ တွေတိုင်းကို ကြားတိုင်း ဘောလုံးပွဲ ကြိုက်တဲ့ နင့်ရဲ့ စကား တစ်ခွန်းကို သတိ ရမိသေးတယ်...

ဘောလုံးလေးက ပြောတယ်.. သူတို့ ပြင်းပြင်း ကန်လေ.. ကိုယ် မြင့်မြင့် ရောက်လေပေါ့.. ကိုယ်မြင့်မြင့်ရောက်တော့ အားလုံးကို အပေါ်စီးက သေချာ မြင်ရတာပေါ့တဲ့...

တချိန်က ငါဟာ သူတပါး အောင်ပွဲ ရဖို့ အတွက် အပီ ကန် ပြီး ဂိုးသွင်း ခံလိုက် ရတဲ့ လူ သား ဘောလုံး ဖြစ်ခဲ့ စဉ်က နင်က ငါ့ကို ကဗျာလေး တစ်ပုဒ် မွေးနေ့ လက်ဆောင် ပေးပြီး နှစ်သိမ့် ခဲ့ဖူးတယ်.. ခုလဲ အဲ့ဒီ ကဗျာလေး ကိုပဲ ငါ နင့်ကို ပြန်ပြီး လက်ဆောင် ပေးပါ ရစေ... ငါထပ်ပြီး ဆန္ဒပြု ဆုတောင်း ပေးလိုက်ပါတယ်...

မွေးနေ့က စပြီး အမြဲတမ်း မင်္ဂလာ ရှိပါစေ သူငယ်ချင်း...

“ အကယ် ၍”

အကယ် ၍
မင်းအသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာမင်းကြောင့်လို့
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာခေါင်းအေးအေးနဲ့ ရင်ဆိုင်မယ်ဆိုရင် …

အကယ် ၍
အားလုံးကမင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကိုနားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် …

အကယ် ၍
စောင့်သင့်တဲ့အချိန်ကိုစောင့်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင် …

ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်မတရားမုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် …

ဒါမှမဟုတ်
မင်းကိုလူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင် …

ပြီးတော့
မင်းကိုယ်မင်း လူတော်တယောက်လို့မမြင်ဘဲ
ပညာရှိစကားတွေလည်း မပြောဘူးဆိုရင် …

အကယ် ၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ်မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင် …

ပြီးတော့
အတွေးအခေါ်စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာမဖြစ်ဘဲ တွေးခေါ်နိုင်မယ်ဆိုရင် …

အကယ် ၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသောလောကဓံတရားတွေရယ်ပါလားလို့ ခံယူနိုင်မယ်ဆိုရင် …

အကယ် ၍
မင်းရဲ့အမှန်တရားတွေကို
လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာတည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် …

ဒါမှမဟုတ်
မင်းဘ၀တစ်ခုလုံးပေးပြီး အရိပ်တကြည့်ကြည့်နဲ့
ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာအရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် …

အကယ် ၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတလှည့်ကြက်တခုန်ပမာ တလှည့်တခါထဲနဲ့ ဆုံးရှုံးသွားခဲ့ရင် …

ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် …

ပြီးတော့တခါ
ဆိုးလှတဲ့ကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် …

အကယ် ၍
သူများတကာလုပ်ပြီးသွားကြလို့

အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်ထဲပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် …

အဲဒီလိုပဲ
မင်းမှာစိတ်ဓာတ်အင်အားကလွဲလို့ ဘာဆိုဘာမှမရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင် …

အကယ် ၍
လူတွေနဲ့ ထိတွေ့ပြောဆိုဆက်ဆံတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် …

ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ
လမ်းလျှောက်နေရပေမဲ့
မာန်မာနသွေးမကြွဘူးဆိုရင် …

အကယ် ၍
ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ
မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင် …

အကယ် ၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမဲ့
စွဲလမ်းမှုသံယောဇဉ်တွေ ထားမနေဘူးဆိုရင် …

အကယ် ၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိလှတဲ့ စက္က့န်ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင် …

ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလဲ
ယောင်္ကျားကောင်း တစ်ယောက်ပဲပေါ့ ……


(Kiplin ရဲ့ IF ကဗျာကို ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာဘာသာသို့ ပြန်ဆိုပါသည်၊)

(စာကို ခွန်မြလှိုင် (http://khunmyahlaing.blogspot.com/2008/07/blog-post.html)မှ ရယူသည်)

Saturday, June 28, 2008

၂၈နှစ်ပြည့် မွေးနေ့ရှင်နေဘုန်းလတ်သို့ (By ဇင်ကိုလတ်)



မင်း အဖမ်းခံရတယ် ကြားကြားချင်းတုန်းက တစ်ရက်၊ နှစ်ရက်လား။ တစ်ပတ်၊ နှစ်ပတ်လားလို့ပဲ ထင်ခဲ့တာ။ ဒါနဲ့ပဲ မင်း အကြောင်းပါတဲ့ သတင်းတွေ၊ အသံလွှင့်ဌာနတွေက လွှင့်တဲ့ အသံတွေကို ငါသိမ်းထားတယ်။ မင်းလွတ်လာတဲ့ အချိန် ဖတ်လို့ရအောင်၊ နားထောင်လို့ရအောင်ပါ။ မင်း အထဲမှာ ရောက်နေတဲ့ အချိန် အပြင်မှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာ သိအောင်ပါ။ အခုတော့ မင်းကို ချစ်တဲ့ သူငယ်ချင်းတွေ၊ ဘလော့ခ်ကာတွေရဲ့ ခံစားချက်တွေကို Free နေဘုန်းလတ်ဆိုတဲ့ ဘလော့ခ်လေးမှာ ဖတ်လို့ ရနေပါပြီ။ တစ်လ၊ နှစ်လလောက်နဲ့ မင်း ပြန်လွတ်မလာတော့ အခုမေလပြီးရင် မင်းကို လွှတ်ပေးတော့မယ် ထင်ခဲ့တယ်။ ဒီ ၂၈နှစ်ပြည့်မွေးနေ့ကို အရင်နှစ်တုန်းကလိုပဲ ဘလော့ခ်တွေပေါ်မှာ၊ အွန်လိုင်းပေါ်မှာ ပြီးတော့ ဂျီတော့ခ်ပေါ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျင်းပနိုင်လိမ့်မယ်လို့ပဲ ထင်ခဲ့တာ။ ဒါပေမယ့်ကွာ ထင်သလို မဖြစ်လာခဲ့ဘူး။

မင်း အထဲမှာ ရောက်နေတုန်း ငါလည်း ဘလော့ခ်ကို ကောင်းကောင်းမရေးဖြစ်ပါဘူးကွာ။ မင်း ဘလော့ခ် မရေးနိုင်လို့ ငါလည်း လိုက်မရေးဘူးလို့ ပြောရင် ပြောမနာဆိုမနာ သူငယ်ချင်းဖြစ်တဲ့ မင်းက “မင်း စောက်ရူးပဲ၊ ကိုယ့်ဘာသာကိုယ် စောက်ပျင်းကြီးပြီး မရေးတာများ ငါ့ကို လွှဲချနေတယ်”ဆိုပြီး ပြောမှာ ငါသိတယ် သူငယ်ချင်း။ မင်းအထဲမှာ ရောက်နေလို့ သံလွင်အိပ်မက်ရပ်သွားတာမျိုး၊ လူမှုရေးလုပ်ငန်းတွေ ရပ်သွားတာမျိုး၊ ငါ ဘလော့ခ် ဆက်မရေးတော့တာမျိုးတွေကို မင်း မဖြစ်စေချင်မှန်းငါသိပါတယ်။ ဒါ့ကြောင့် မင်းရဲ့ ၂၈နှစ်မြောက် မွေးနေ့က စပြီး ငါ ဘလော့ခ်ပြန်ရေးတော့မယ်။ ပိုစ့်တွေ တသီကြီး မရေးနိုင်တောင် တပတ်ကို ပိုစ့်တစ်ခုလောက် ဖြစ်ဖြစ်ပေါ့။ မင်းရဲ့ မပြီးပြတ်သေးတဲ့ တာဝန်တွေကို ငါဆက်လက်ထမ်းရွက်မယ်။ မင်းရဲ့ ရင်ထဲက ဆန္ဒအမှန်တွေကို မင်းကိုယ်စား ငါ ပြောပြမယ်။

မင်း လွတ်လာတဲ့ အချိန်မှာ မင်းနားထောင်ဖို့ မင်းရဲ့ သတင်းတွေကို "ForNPL"ဆိုပြီး ငါ Folderတစ်ခုထဲမှာ ထည့်ထားတယ်။ မင်းလွတ်လာရင် ငါ့ဆီက တောင်းဖို့ မမေ့နဲ့ဦး။ မင်း အမြန်ဆုံး လွတ်မြောက်ပြီး မင်းချစ်တဲ့ မိသားစုနဲ့ တူတူ ပြန်လည်တွေ့ဆုံရပါစေလို့ ငါ ဆုတောင်းပေးပါတယ်ကွာ။ ကဲ . ဟက်ပီဘက်ဒေးပါ သူငယ်ချင်း။

(စာကို နေဘုန်းလတ်မွေးနေ့အတွက် ဇင်ကိုလတ်မှ ပေးပို့သည်)

၂၈ ရက်နေ့မှာ ၂၈ နှစ် ပြည့်ခဲ့တဲ့ မြို့တော်သို့ (By မောင်ပွတ်)

မနေ့ကလည်း ၂၄ နာရီရှိခဲ့တယ်။ ဒီနေ့လည်း ၂၄ နာရီပါပဲ။ မနက်ဖြန်လည်း ၂၄ နာရီပဲ ရှိဦးမှာပါ။ ဒါပေမယ့် ဒီနေ့ဆိုတဲ့ ဇွန်လ ၂၈ ရက်နေ့ရဲ့ ၂၄ နာရီမှာတော့ လက်ရှိအခြေအနေတွေကို ခဏမေ့လို့ အစ်ကို့ကို ကျွန်တော် ပျော်နေစေချင်တယ်ဗျာ။ အစ်ကို့မိသားစု၊ ကျွန်တော်နဲ့တကွ သူငယ်ချင်းတွေ၊ အစ်ကို့ စာဖတ်ပရိသတ်တွေရဲ့ “ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ” ဆိုတဲ့ ဆုတောင်းကြောင့် အစ်ကို တကယ်ပဲ ပျော်ရွှင်နေပါစေလို့ ကျွန်တော် ထပ်ဆုတောင်းပါတယ်။

ကိုနေဘုန်းလတ်ရေ -
စိတ်ဓါတ်ကြံ့ခိုင်တဲ့ အစ်ကိုကတော့ တသက်မှာတခါပဲရတဲ့ “၂၈” ရက်နေ့မှာ “၂၈” နှစ်ပြည့်တဲ့ မွေးနေ့ကို “မွေးနေ့ဆိုတာ နေ့တွေထဲက တစ်နေ့ပဲ” ဆိုပြီး ဖြတ်ရိုးဖြတ်စဉ်ပဲ ဖြတ်သန်းသွားဖို့ ကြိုးစားနေဦးမယ် ထင်ပါတယ်။ ကျွန်တော်တို့၊ အထူးသဖြင့် ဘလော့ဂ်ဂါတွေကတော့ မွေးနေ့တစ်ခုကို သာမန်နေ့တစ်နေ့လို့ ဘယ်တုန်းကမှ မတွေးခဲ့ကြဘဲ မွေးနေ့ရှင်ရဲ့ ဘလော့ဂ်မှာ နှုတ်ဆက်ကြ၊ ပို့စ်တင်ပေးကြ၊ ဂျီတော့ကနေ စကြနောက်ကြ၊ ဖုံးဆက်ကြနဲ့ နေခဲ့ကြတာ အစ်ကိုလည်း သတိရနေမှာပါ။ ဒီနှစ်တော့ မွေးနေ့ရှင်မပါတဲ့ မွေးနေ့ပွဲကို ကျွန်တော်တို့ ကျင်းပကြရတော့မယ်။ အစ်ကို့မွေးနေ့ဟာ တိတ်တဆိတ်နဲ့ပဲ စည်ကားနေတော့မယ်။ အစ်ကို့မွေးနေ့ကို သတိရလို့ “လွတ်ကျခဲ့တဲ့ မြို့တော်” ကိုရောက်လာသူတိုင်းဟာ မွေးနေ့အတွက် ပို့စ်အသစ်မရှိတဲ့ အစ်ကို့ဘလော့ဂ်အတွက် စိတ်ကောင်းကြမှာ မဟုတ်ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အစ်ကို နောက်ဆုံးတင်ထားပေးခဲ့တဲ့ ပို့စ်ကလည်း ကျွန်တော့်မွေးနေ့အတွက် ဖြစ်နေတော့ အစ်ကို့ဘလော့ဂ်ကို ရောက်တိုင်း ကျွန်တော် သတိတရနဲ့ စိတ်မကောင်းဖြစ်ရပါတယ်ဗျာ။

ကိုနေဘုန်းလတ်ရေ -
မနက်ဖြန်ဆို အစ်ကို့ကို ဖမ်းဆီးထားတာ ၅ လပြည့်ပြီ။ နှစ်တစ်နှစ်ရဲ့ သုံးပုံတစ်ပုံကျော်ကို အဓိပ္ပါယ်နည်းပါးစွာနဲ့ အစ်ကိုဖြတ်သန်းခဲ့ပြီးပြီပေါ့။ လူခန္ဓာကြီးက မလွတ်မြောက်နိုင်သေးပေမယ့် အစ်ကို့စိတ်တွေ၊ ခံယူချက်တွေ၊ အတွေးအခေါ်တွေကတော့ အရင်လိုပဲ ရင့်ရင့်ကျက်ကျက်နဲ့ လွတ်လပ်နေတုန်းပဲလို့ ကျွန်တော်ယုံကြည်ပါတယ်။ အစ်ကို မကြာခဏပြောတဲ့ “မောင်ပွတ် မင်းသိလား၊ ငါတို့တွေ အများကြီး လုပ်ကြရဦးမယ်” ဆိုတဲ့ စကားလေး အမြဲကြားယောင်နေမိတယ်။ တိုင်းပြည်တိုးတက်ဖို့၊ လူငယ်တွေ ပညာဥာဏ်ရှိဖို့၊ နည်းပညာတွေ အဆင့်မီဖို့ အမြဲတမ်း ထောက်ပြအကြံပေးနေတဲ့ ကိုနေဘုန်းလတ် - အစ်ကို့ဘက်မှာ အမှန်တရားတွေရှိနေပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်။

ကိုနေဘုန်းလတ်ရေ -
အစ်ကို ကျွန်တော့်မွေးနေ့တုန်းက ရေးပေးခဲ့တဲ့ စာသားလေးတွေ သတိရမိတယ်။

အချို့သောရက်တွေမှာ သိပ်မသိသာပေမယ့် ... မိမိတို့ရဲ့ ဘ၀မှာ အမှတ်ရစရာလေးတွေ ဖြစ်ခဲ့တဲ့ ... အလေးအနက်ထား မှတ်သားထားခဲ့တဲ့ အထိမ်းအမှတ်နေ့လေးတွေနဲ့ တိုက်ဆိုင်လာတဲ့အခါ ... ကျွန်တော်တို့ရဲ့ ရင်ထဲက လွမ်းဆွတ်တမ်းတစိတ်ဟာ ... တစ်ဆစ်ဆစ် နာကျင်လာတဲ့ အထိအောင်ကို ဖြစ်လာတတ်တာ ကိုယ်တိုင်ခံစားဖူးတဲ့ အတွက် ကျွန်တော် နားလည်ပါတယ် ...။
မောင်ပွတ်လဲ ... အဲဒီ့လိုပဲခံစားနေလိမ့်မယ်လို့ ကျွန်တော် မှန်းလို့ရပါတယ် ...။
အဲဒီ့လိုအခါမျိုးမှာ ကျွန်တော်တို့တွေအနေနဲ့ ဘယ်သူတစ်ဦးတစ်ယောက်မှ ကိုယ့်အနားမှာ ရှိမနေဘူး ဆိုတဲ့အတွေးတွေကို ဘေးချထားပြီး ... ကိုယ့်ကိုချစ်တဲ့သူတွေ၊ ကိုယ်နဲ့ ယုံကြည်ချက်တူတဲ့သူတွေ ဟာ တစ်နယ်စီခြားနေပေမယ့် စိတ်ချင်းနီးနေကြတယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ စိတ်ဓါတ်တွေကို ထိမ်းကြောင်း ရှေ့ဆက်ကြရပါတယ် ... ဆိုတာလေ။

ကျွန်တော့်ကို ဆုံးမသလိုပဲ အစ်ကိုလည်း တစိမ်းတရံတွေ၊ မချစ်မနှစ်သက်တွေကြားထဲကနေ အစ်ကို့ကို သံယောဇဉ်ရှိတဲ့လူတွေ၊ ချစ်ခင်လေးစားသူတွေအကြောင်းတွေးရင်း စိတ်ဓါတ်တွေကို ထိမ်းကြောင်းနိုင်နေဆဲလို့ ကျွန်တော်ယုံကြည်ပါတယ်။ ပြည်ပမှာ အလုပ်အကိုင်ကောင်းတွေ ရှိပေမယ့် မြန်မာပြည်မှာပဲ နေမယ်ဆိုတဲ့ အစ်ကို၊ နိုင်ငံတကာ အစားအစာတွေ ဘယ်လောက်စားစား “အမေ့လက်ရာ မမီဘူးကွ” လို့ အမြဲပြောနေတတ်တဲ့ အစ်ကို၊ ရောက်ရာနေရာမှာ တိုင်းပြည်နဲ့ လူငယ်တွေအတွက်ပဲ အမြဲချိန်ထိုး စဉ်းစားပေးနေတတ်တဲ့ အစ်ကို - တန်ဖိုးကြီးတဲ့ အချိန်တွေကို ရှိမနေသင့်တဲ့နေရာမှာပဲ အကြောင်းပြချက်မရှိ ဖြတ်သန်းနေရတာကို တွေးမိတိုင်း ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်ဗျာ။

ကိုနေဘုန်းလတ်ရေ -
မွေးနေ့ဆိုရင် ပျော်စရာကောင်းတာတွေ ရေးကြ၊ စကြ၊နောက်ကြ နေခဲ့ကြပေမယ့် အစ်ကို့မွေးနေ့မှာတော့ ပျော်စရာကောင်းတာတွေ တွေးမိတိုင်း စိတ်မကောင်းဖြစ်ရလို့ ကျွန်တော့်စာက အလွမ်းသီချင်းလို၊ ငိုချင်းတစ်ပုဒ်လို ဖြစ်နေရင်တော့ ခွင့်လွှတ်ပါ။ မနှစ်က ဘလော့ဂ်ဂါအစည်းအဝေးမှာ ကိတ်မုန့်လှီးပြီး cream တွေနဲ့ လိုက်တို့ကြတာ၊ အစ်ကို့မွေးနေ့မှာ ထမင်းလက်စုံစားကြတာတွေ မနေ့တစ်နေ့ကလို သတိရနေတုန်းပါပဲဗျာ။ ကျွန်တော်တို့ ဘလော့ဂ်ဂါတွေကြားထဲမှာ လေးစားစရာ Icon တစ်ခုအနေနဲ့ အစ်ကို့ကို အားလုံးက သတိရနေကြတုန်း၊ အစ်ကို့စာတွေကို မျှော်လင့်နေကြတုန်း၊ လွတ်မြောက်လာဖို့ ဆုတောင်းနေကြတုန်းပါပဲ။ လောလောဆယ်မှာ အုပ်ထိန်းသူမဲ့နေတဲ့ လွတ်ကျထားတဲ့ မြို့တော်ကြီး ပြန်လည်စည်ကားလာတဲ့ နေ့ကြရင် ကျွန်တော်တို့တွေအားလုံး စည်းစည်းလုံးလုံးနဲ့ အရင်လို ပျော်ပျော်ပါးပါး ဆုံကြဦးမယ်ဗျာ။ တစ်ယောက်နဲ့တစ်ယောက် စိတ်မဆိုးတမ်း စနောက်ကြဦးမယ်၊ လိုတဲ့အကူအညီတွေ ပေးကြဦးမယ်၊ တိုင်းပြည်အတွက်၊ ဘလော့ဂ်ဂါတွေအတွက် အလုပ်လုပ်ကြဦးမယ်လေဗျာ။

ကိုနေဘုန်းလတ်ရေ -
အစ်ကို့မွေးနေ့မှာ ဘယ်လိုခါးသီးတဲ့ ပတ်ဝန်းကျင်မျိုးမှာ ကျင်လည်နေရစေကာမူ ပျော်ရွှင်ငြိမ်းချမ်းတဲ့ မွေးနေ့အချိန်ပိုင်းလေးတွေ ပိုင်ဆိုင်နိုင်ဖို့၊ လူရောစိတ်ပါ ကျန်းမာဖို့၊ အမြန်ဆုံး ပြန်လည်လွတ်မြောက်လာဖို့ ကျွန်တော် အလေးအနက်ဆုတောင်း လိုက်ပါတယ်ဗျာ။

သတိရလျက်
ခင်တဲ့ညီငယ်
မောင်ပွတ်

(မနှစ်က ကိုနေဘုန်းလတ် မွေးနေ့အတွက် ရေးပေးခဲ့တဲ့ ပို့စ်လေးဖတ်ချင်ရင် ဒီမှာ ဖတ်ပါ)

(စာကို နေဘုန်းလတ်မွေးနေ့အတွက် Mr.Pooh မှ ပေးပို့သည်)

Friday, April 4, 2008

ထာဝရ မြို့တော် သို့မဟုတ် ကိုနေဘုန်းလတ်

ကျနော် ဘလော့ဂ်စရေးတော့ ကိုယ့်အရှေ့မှာ ရေးခဲ့ကြတဲ့သူတွေရဲ့ နည်းပညာအရ၊ အနုပညာအရဖန်တီးမှု တွေကို လေ့လာပြီး ဘလော့်ဂ်လေးကို ပြင်ဆင်မွမ်းမံရတာပါ။ နည်းပညာအရဆိုရင် ကိုရန်အောင်တို့၊ ကိုဈာန်တို့၊ ကိုမောင်လှတို့ စသဖြင့်ကို ဖတ်ရပါတယ်။ အနုပညာအရဆိုရင်တော့ ကိုနေဘုန်းလတ် ဘလော့်ဂ်အပါအ၀င်၊ နိုင်းနိုင်းစနေ၊ ကိုယောဟန်အောင်၊ မမေငြိမ်း၊ ကိုမောင်ရင်၊ ကိုပုထုဇဉ် စသဖြင့် (အများကြီး ကျန်ပါသေးတယ်၊ မဖော်ပြနိုင်တာ နားလည်ပါ)။

သူ့ဘလောဂ့်ကတော့ ခေါင်းစဉ်လေးကအစ ကျနော်သဘောကျပါတယ်။ ဘလော့ဂ်ပါစာအရေးအသား တွေကလည်း လေးနက်ပါတယ်။ ကျနော့်ကို အတွေးပွားစေတာက Title Heading ကစပါတယ်။ ဒါကြောင့် ဘာတွေကို အတွေးပွားစေခဲ့တာလည်း ဆိုတာကို သူ့ဘလော့ဂ် တနှစ်ပြည့်အမှတ်တရမှာ ရေးလိုက်ပါတယ်။
နာမည်ပေးတာကိုက သူ့ဘလော့ဂ်နာမည်က လှပါတယ်။ “ကျနော်လွတ်ကျခဲ့တဲ့ မြို့တော်”… တဲ့။

အဲဒီ Title Heading အောက်မှာ ပါတဲ့ ကဗျာ အပိုင်းအစလေးဟာလည်း လှလှပပနဲ့ တွေးစရာတွေပေးပါ တယ်။
..ဖွဲ့ဆိုချင်နေတဲ့ သံစဉ်ချိုချိုတွေကို
ရင်ဘတ်ထဲမှာပဲ ကိုက်မျိုထားရတဲ့
ကြိုးပျက်နေတဲ့ ဂစ်တာတလက်ဟာ ကျနော်ဖြစ်တယ်..။

လွတ်ကျခဲ့တဲ့မြို့တော်…
သူ့ရဲ့လွတ်ကျခဲ့တဲ့ မြို့တော် ထဲမှာ ဘာတွေပါသွားခဲ့လဲ။ ပုဂ္ဂလိကခံစားချက်တွေလား၊ ပရဟိတ အနှောင့်အဖွဲ့ တွေလား။ ကျနော်အဲလို စဉ်းစားမိတယ်။ နောက် ဘယ်လို သံစဉ်ချိုချိုတွေကို ဖွဲ့မဆိုရက်ဘဲ တီးခတ်ချင် လျက်နဲ့ ဂစ်တာကို ကိုယ့်ကိုယ်ကိုယ် ကြိုးများဖြတ်တာလား။ အလိုအလျောက်ကြိုးပျက်သွားတာလား။ ဒါကတော့ ကိုနေဘုန်းလတ် တယောက်ထဲဘဲ ဖွင့်ဆိုနိုင်မှာပါ။

ကျနော်ကတော့ ကိုယ့်ဘာသာ အတွေးပွားနေမိတာတွေ ရှိတယ်။ ဖွဲ့ဆိုချင်နေတာက နှလုံးသားရေးရာလား။ မွန်းကျပ်မှုတွေလား။ အဖြစ်အပျက်တွေကိုဘဲလား။ မှောင်မှိုင်းနေတဲ့ ကောင်းကင်ကိုလား။ မရောက်နိုင် သေးတဲ့ နွေဦးကိုလား…။ ဒါမှမဟုတ်ရင် သူတောက်လျှောက် စွဲလမ်းခဲ့ရတဲ့ အနုပညာလား။ သူ့ရဲ့ စာအရေး အသားက မေးခွန်းများစွာ ပေးခဲ့တယ်။

အခုတော့ လွတ်ကျခဲ့တဲ့မြို့တော်ဟာ ပိုင်ရှင်ပါ ပျောက်ဆုံးခဲ့ရပြန်ပြီ။ ပိုင်ရှင်ဘယ်နေရာမှာ ရှိနေတယ် ဆိုတာ သိရက်နဲ့ မဲ့နေရတဲ့ အဖြစ်မျိုး။ ဟောဒီခေတ်ရဲ့ အကွဲအကွာဖြစ်ရမှုတွေဟာ မြန်ဆန်ကျယ်ပြန့်လွန်းလှ၊ မှောင်မိုက်လွန်းလှ … ရက်စက်မှုလေစိမ်းတွေက အရှိန်ပြင်းပြင်းနဲ့ နေရာအနှံ့တောက်လောင်ဆဲဘဲ။ ဒါကြောင့်ဘဲ မိသားစုဆန်မှုတွေ ပြိုလဲခဲ့ရတယ်။ မိတ်ဆွေတွေ ပျောက်ရှခဲ့ရတယ်။ သံယောဇဉ်တွေ တံတိုင်းအခြားခံခဲ့ရတယ်။ နှလုံးသားတွေ တဝေးတမြေ ဖြစ်ခဲ့ရတယ်။

ဘာဘဲဖြစ်ဖြစ်ပါ။ ခင်ဗျားဖန်တီးခဲ့တဲ့ ဘလော့ဂ် တနှစ်ပြည့်တဲ့နေ့မှာ အဝေးရောက်နေတဲ့ ခင်ဗျားကိုယ်စား ကျန်တဲ့ဘလော့ဂ်မောင်နှမတွေက ဂုဏ်ယူပီတိဖြစ်မှုတွေနဲ့ မွေးနေ့ပွဲကို ဖန်တီးကျင်းပနေခဲ့ကြတယ်။ ပြီးတော့ လွတ်ကျခဲ့တဲ့ မြို့တော်ဟာ ပျောက်ဆုံးသွားမှာ မဟုတ်ဘဲ ဘလော့ဂ်ဂါ မောင်နှမတွေ အပါအ၀င် အမှန်တရားချစ်တဲ့ ပြည်သူတွေရဲ့ သမိုင်းရင်ပြင်ထဲမှာ ထာဝရတည်တံ့တဲ့ မြို့တော်အဖြစ် ကျန်ခဲ့မှာပါ။

ပြီးတော့ ခင်ဗျားကလည်း ကျနော်တို့ လေးစားဦးညွှတ်တန်ဘိုးထားရတဲ့ သူရဲကောင်းအဖြစ် တည်တံ့နေ မှာပါ။

အမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေ။

(ကိုနေဘုန်းလတ်အကြောင်းကို ရေးသားနိုင်သူတွေ အကြားမှာ ကျနော်က မရင်းနှီးတော့ မပြည့်မစုံဘဲ ရေးလိုက်ရတာပါ။ ဒါပေမယ့် သူပြန်လည်ဖတ်ခွင့်ရတဲ့အချိန်မှာ နေရာအနှံ့၊ နယ်ပယ်အနှံ့၊ အမှန်တရားချစ်တဲ့သူတွေကြားမှာ သူကို ခင်မင်ခဲ့သူရော၊ မခင်မင်ခဲ့ရသူတွေရော ရှိခဲ့တယ် ဂုဏ်ယူခဲ့ကြ တယ် ဆိုတာ သူသိစေဘို့က အဓိကပါ။)

(ဘလော့ခ်ပို့စ်ကို http://myintzay.blogspot.com/ဤနေရာမှ ရယူပါသည်။)

Thursday, February 28, 2008

နေဘုန်းလတ်နှင့် တစ်လအကွာ (အထူးပို့စ် ၂)

ဖမ်းဆီးခံထားရသည်မှာ တစ်လတိတိကြာခဲ့ပြီဖြစ်သော နေဘုန်းလတ်အတွက် ရင်းနှီးသူများမှ ပေးပို့သော ခံစားချက်များ၊ ဆုတောင်းများကို တင်ဆက်ပေးလိုက်ပါသည်။ ဆက်လက်ပေးပို့လျက်ရှိသော စာများကို ဤပို့စ်တွင် ဖြည့်စွက်ဖေါ်ပြပေးသွားပါမည်။ ပေးပို့လိုသူများအနေဖြင့် comment ရေးသား၍ဖြစ်စေ၊ admin.free.npl@gmail.com သို့ဖြစ်စေ ပေးပို့နိုင်ပါသည်။
............................................................................

ကျနော့် အသက် 23 ရှိ ပြီ ကျနော့် ဘ၀ သက်တမ်း တလျှောက် လုံး ကျနော် နဲ့ တူတူ နေလာတဲ့ အကို။ကျနော့် အကို ဟာတသက်လုံးဘာမှမဟုတ်တာ မလုပ် ခဲ့ ပါဘူး ဘယ်သူ.ကို မှ ဒုက္ခ မပေးခဲ့ ပါဘူးဗျာ ခုတော.ဗျာ ဘယ်လိုလူတွေ ကများ သူ. ကို ဒုက္ခ ပေးနေကြတာလဲဗျာ................
ကိုသူ(နေဘုန်းလတ်၏ ညီ)

“သံလွင်အိပ်မက်တွေကို တို့တတွေဆက်မက်ကြမယ်... ဒဏ်ရာတွေဟာ ငါတို့ အတွက် အားမာန်တွေ ဖြစ်စေရမယ်...ဒါပေမယ့် နာကြည်းမှုတွေတော့မဟုတ်ဘူး..အားလုံးကို ခွင့်လွှတ်သည်းခံစိတ်တွေနဲ့ မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး ခရီးတွေဆက်ချီတက်မယ်...လွတ်သင့်တဲ့အချိန်တစ်ချိန်မှာ မင်းပြန်ရောက်လာဖို့ ငါတို့ မျှော်လင့်နေတယ်..”
သံလွင်အိပ်မက်

နေဘုန်းလတ်ရေ...ငါတို့ဟာ ဘယ်အရာကိုပဲ ဖြစ်ဖြစ် အတူတူတွဲပြီးလုပ်ခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်းတွေ မဟုတ်လား။ အခုလောလောဆယ်လည်း မင်းနဲ့ တူတူမရှိနေနိုင်ပေမယ့် ငါ့စိတ်ထဲမှာတော့ မင်းကို အမြဲရှိနေပါတယ်။ တောင့်ထားသူငယ်ချင်း . . .တောင့်ထား..... အဲဒီနေရိပ်တွေ လာမယ့်တစ်နေ့ကို.....
ဇင်ကိုလတ်

ဘာမှ မကြာလိုက်ဘူးထင်ရပေမယ့် ငါတို့ မင်းဘလော့ဂ်ပို့စ်အသစ်တွေ မဖတ်ရတာ တစ်လကြာခဲ့ပြီ။ မင်းအတွက် လုပ်ပေးနိုင်မယ်ထင်တာတွေကို လုပ်ပေးနိုင်တဲ့အတိုင်းအတာအထိ ဘယ်လိုအတားအဆီးတွေ့တွေ့ နောက်မဆုတ်တမ်းလုပ်ပေးသွားမယ်။ မင်းနဲ့ ငါတို့ ပြန်ဆုံတဲ့အခါ .. ငါတို့ရဲ့ မျိုးဆက်သစ်တွေ ဒီလို အိပ်မက်ဆိုးတွေ နောက်ဘယ်တော့မှ မကြုံတွေ့ရအောင် ငါတို့ အတူကြိုးစားကြမယ် သူငယ်ချင်း..။ မကြာခင်ကာလမှာပဲ မင်းရဲ့ အတွေ့အကြုံသစ်တွေကို ဘလော့ဂ်ပို့စ်တွေ အဖြစ် အသွင်ပြောင်းနိုင်မယ့်နေ့ ရောက်မယ်လို့ ငါယုံကြည်ထားလိုက်မယ်။
ညီညီ(သံလွင်)

ထမင်းစားလို့ မင်းမသိတဲ့ဟင်း မစားဘူးတဲ့ဟင်းဆိုရင် နမ်းကြည့်တယ်.. နောက်ပြီး “ငါ့အဘိုးက အဲလိုနမ်းကြည့်ရင် ခွေးတွေကပဲ မစားခင် နမ်းကြည့်တာလို့ “ ရယ်မောပြီး မင်းပြောခဲ့တယ်..
အခုရော ထောင်ထဲမှာ ထောင်ထမင်းထောင်ထမင်းကို မင်းဘယ်လိုစားနေမလဲ..
လောကဓံရိုက်နှက်ချက်တွေကို မင်းကျော်ဖြတ်နိုင်ပါစေလို့..
ငယ်လေး

အပြစ်ရှိတဲ့လူတိုင်း အရေးယူမခံရသလို အရေးယူခံရတဲ့လူတိုင်းကလည်း အပြစ်မရှိနိုင်ပါဘူး။ အပြစ်ကင်းလို့ အရေးယူခံထားရတာ ... ကိုနေဘုန်းလတ် ... အစ်ကိုပဲရှိမယ်ထင်တယ်။ အစ်ကို နှစ်သက်တဲ့ မိသားစုထမင်းဝိုင်း၊ အစ်ကို တောင့်တတဲ့ ဘလော့ဂါစကားဝိုင်းနဲ့ ကျွန်တော်တို့ ပျော်ရွှင်ခဲ့တဲ့ ရက်ပိုင်းတွေ မကြာခင် ပြန်လည်ရရှိနိုင်ပါစေလို့ အလေးအနက်ဆုတောင်းတယ်။
မောင်ပွတ်

နေဘုန်းလတ်ရေ မင်းဘလော့ကမ္ဘာကနေ ဝေးနေရတာ ဒီနေ့ဆို ၁ လပြည့်ပြီပေါ့။ ငါတို့ မင်းကိုမမေ့ဘူး။ ငါတို့ မကျေနပ်ဘူး။ မတရားမှုတွေ မကြာခင်ကွယ်ပျောက်တဲ့ နေ့သစ်ကို ရောက်ကိုရောက်လာရမှာပါ။ မင်းရဲ့လွတ်လပ်မှုသာမက ငါတို့လိုလားတဲ့ အားလုံးရဲ့ လွတ်လပ်မှုတွေဆီကို တို့တွေ မမေ့မလျော့ ခရီးဆက်နေကြဆဲပါ။
ပန်ဒိုရာ

ခင်ဗျား ဟောဒီ တစ်လကို ဘယ်လိုခက်ခဲကြမ်းတမ်းစွာ ကျော်ဖြတ်ခဲ့ရတယ်ဆိုတာ ကိုယ်ချင်းစာပါတယ်.။ ခင်ဗျားအကြောင်း စဉ်းစားတိုင်း အဲ့ဒီ စနစ်ဆိုး ဆိုတဲ့ကောင်ကြီးကို ပဲ ထိုင်ထိုင်ဆဲနေမိတယ်။ အမှန်တရားတွေက မြေသြဇာမကောင်းတဲ့ နယ်မြေမှာ ယက်ကန်ယက်ကန် နဲ့ ရှင်သန်နေရတယ်။ ခင်ဗျား ထိုးဖောက်ထွက်လာမယ်ဆိုတာ ကိုတော့ ယုံကြည်တယ်..။ အဲ့ဒီ နေ့ကို စောင့်နေမယ်..။
တက်စလာ

lone wa sate ma kg bu!
i'm still angry on the f*cking government
ကိုစိုးထက်

well he is one of the pioneer of the burmese blogger community
and he also did alot for the unity of burmese blogger community
so all the bloggers should pay tribute to him
and honor him
kerryht

နေဘုန်းလတ် နင်ဖမ်းခံရတာ ဘာလိုလိုနဲ့  တစ်လပြည့်တော့မယ်။ ငါတို့ လို အပြင်မှာနေနေရတဲ့ သူတွေအတွက်ကတော့ တစ်လဆိုတာ ဘာမှမကြာရှည်လိုက်တဲ့ အချိန်ပေမဲ့  နင့်လို ဒီအာဏာရှင်စစ်ဘီလူးတွေရဲ့  ငရဲတိုက်မှာနေနေရတဲ့ သူအတွက်ကတော့ တစ်လဟာ တစ်ကမ္ဘာလောက်ကြာရှည်မယ်ဆိုတာ နင်လာမပြောပေမဲ့  ငါတို့ သိနေပါတယ် သူငယ်ချင်း...နင်တစ်ယောက်အမြန်ဆုံးဒီငရဲခန်းကလွတ်မြောက်နိုင်ပါစေလို့  ငါဆုတောင်းနေပါတယ်..
မနေနေ(လမ်းပြကြယ်)

Nay Phone Lat, we are proud of having u. Be strong. we are never give up.Let's fight to get freedom for Burma....
မခိုင်

နေဘုန်းလတ်ဟာ ပန်းပျိုးတဲ့လက်လား။ အဆိပ်ခွက်လားတဲ့။
အမေရေ အမေသားဟာ ဥယျာဉ်မှူးပါ်။ အမေ့သားလို လူငယ်များ ရာထောင်သောင်းမက ပေါ်ပေါက်ဦးမှာပါ။ အမေလိုဂုဏ်ယူတတ်တဲ့အမေမျိုးတွေဟာ ကျနော်တို့သားတွေ အတွက် အကြီးအမားဆုံးသောအားပါ။ အမေရင်ကဖြစ်တဲ့သား အမေရင်ကို အမြန်ဆုံးပြန် ရောက်ပါစေသား။
အောင်ကျော်မိုး(ခေတ္တ-လန်ဒန်)

Nay Phone Latt.. We are sorry for you but you are in the history now. Show the whole world.. how strong you are and what you are made of. We will keep fighting until the real freedom comes to our people of Burma. as a parent of a little boy, we pray for all of you to reunite with your family soon.
Ko Nay Lin & Ma Moe (USA)

ကိုကျော်ရေ...အမှန်တရားတွေ ခေါင်းငုံ့နေရတဲ့ လက်ရှိကာလမှာ ကြုံလာသမျှကို ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးရုံကလွဲပြီး တခြားမရှိတော့ပါဘူး။ အကိုရေးခဲ့ဖူးတဲ့ အင်္ဂလိပ်ကဗျာလေးထဲကလို ဘောလုံးကွင်းထဲက ရည်မှန်းချက်တူတဲ့ သူငယ်ချင်းတွေအားလုံးက အကို့ကို မျှော်နေကြပါတယ်။ အကို အမြန်ဆုံး ပြန်လည် လွတ်မြောက်ခွင့် ရပါစေ။
ဆုဝေ

နေဘုန်းလတ်ရေ
ခင်ဗျားကို တကယ် ချစ်တတ်သူတွေ များပါစေကွာ။
မျက်လုံး

နေဘုန်းလတ်နဲ့ တစ်လအကွာတဲ့လား.. ဟင့်အင်းးး.. တစ်ရက်မှ မကွာပါဘူးလေ.. ငါတို့ သူငယ်ချင်းတွေရဲ့ စိတ်ထဲ နင် အမြဲ မကွဲမကွာ ရှိနေပါတယ် သူငယ်ချင်း.. လူမှန် နေရာမှန် အမြန်ရောက်ပါစေ.. ပြည်သူပေးတဲ့ နာမည်၊ နေရာကိုပဲ လူတွေက အဓိက သတ်မှတ်တာပါကွာ.. ဒေါ်စံရှားတင် ပြောသလိုပေါ့.. ပြည်သူပေးတဲ့အကယ်ဒမီ သန်းပေါင်းများစွာ ရပြီးမှတော့ အရုပ်ကို မမက်ဘူးတဲ့..
ခွန်မြလှိုင်

Tuesday, February 26, 2008

နေဘုန်းလတ်အတွက် အဒေါ်ဖြစ်သူထံမှ ပေးစာ

နေဘုန်းလတ်အတွက် အဒေါ်ဖြစ်သူ (မိခင်၏ညီမ) မှ ပေးပို့သောစာကို ဖေါ်ပြလိုက်ပါသည်။

ကိုကျော်ရေ
…..ဒီနေ့ဆို မိသားစုနဲ့ဝေးနေရတာ တစ်လနီးခဲ့ပြီနော်

တနေ့မှမမေ့ဘူး ကိုကျော်…မိသားစုပိတ်ရက်ဆို ... တခုခုလုပ်စားလေ့ရှိတယ်နော် ……အဲလိုရက်တွေ ဆို ဖေဖေနဲ့မေမေကလည်း လူစုံလာမှ ကြိုက်တာ …လူမစုံရင် ဖုံးဆက်ခေါ်တတ်တယ်နော် ..အဲဒီအချိန်တုံးက မင်း..တနေရာရာ ရောက်နေရင်တောင် ဖုံးဆက်ခေါ်ရင် ..အပြေးပြန်လာတတ်တယ်နော်

ခုများတော့………..


ကိုကျော်ရေ……..မင်းနဲ့တွေ့တိုင်း ပြောဖြစ်တာက စာပေအကြောင်းတွေများတယ်နောက်

အင်တာနက်အကြောင်း ချက်တင်အကြောင်း နောက် ဘောလုံးပွဲအကြောင်း တွေပေါ့။မင်း

နဲ့ဒို့ ကအကြိုက်ချင်းတူတယ် လေနော် ။မင်းကလီဗာပူးကြိုက်သလို ဒို့ကလည်း လီဗာပူးကို

အသည်းစွဲလေ အဲဒီအသင်းကို ဘာကြောင့်ကြိုက်သလဲဆိုရင် …မိုက်ကယ်အိုဝင်ကို ကြိုက်တာအပြင် သူတို့ရဲ့ဆောင်ပုဒ်လေးကို ကြိုက်လို့ လို့ပြောဘူးတဲ့ မင်းအသံလေးကိုကြားယောင်မိတယ်..အင်း ခုမှသတိရတယ် ဘောလုံးပွဲအကြောင်းတ၀က် တပျက်ရေးထားတဲ့ မင်းရဲ့ ဆောင်းပါးလေးကိုပေါ့ အဲဒီဆောင်းပါးရဲ့ခေါင်းစဉ်ကလေးကတော့….

ကျွန်တော်နှင့်ဘောလုံး တဲ့ ကိုကျော့် ရဲ့စာတွေ စာဖတ်သူတွေနဲ့ ဝေးနေချိန်မှာ အလွမ်းလေးများပြေစေနိုင်ဖို့ ဖော်ပြပေးလိုက်တယ်နော်


အခု ဒီစာကိုရေးနေတဲ့အချိန်မှာ အချိန်က နံနက် ၂ နာရီထိုးခါနီးနေပြီ …။ ဘာလုပ်နေတာလဲဆိုတော့ ၂နာရီ ၁၅မှာလာမယ့် ချန်ပီယံလိဂ်ဘောပွဲ၊ တိတိကျကျပြောရရင် ကျွန်တော်ကြိုက်တဲ့ လီဗာပူးအသင်းရဲ့ သေရေးရှင်ရေးပွဲလာမှာမို့လို့ မအိပ်ပဲစောင့်နေတာလို့ ဖြေရမှာပဲ …။ သေသေချာချာ စဉ်းစားကြည့်ရင် ဘောလုံးပွဲကြည့်ချင်ကြည့်၊ ဒါမှမဟုတ် ဖဲထိုင်ရိုက်ရင်ရိုက် ဒီအလုပ်နှစ်ခုအတွက် ဆိုရင်တော့ မိုးလင်းတဲ့အထိ မအိပ်ပဲ နေမိတာအခါခါလို့ပြောရမယ် …။ အခြား အရာတွေအတွက် ဆိုရင်တော့ ထားလိုက်ပါ … အိပ်ရေးဝအောင်ပဲအိပ်လိုက်တော့မယ်ဆိုတဲ့သူဟာ ကျွန်တော်ပါ။ လူဆိုတာက ကိုယ့်ဝါသနာနဲ့ ကိုယ်လေ …။ ငယ်ငယ်လေးတုန်းက ဘာရယ်ညာရယ် မဟုတ်ဘူး အနီရောင်ဝတ်တဲ့ အသင်းဆိုကြိုက်လိုက်တာပါပဲ (ကျွန်တော်တို့ မြန်မာအသင်းက အနီရောင်ဝတ်တယ်လေ) နိုင်ငံခြားကလပ်အသင်းတွေမှာဆိုရင်တော့ … လီဗာပူးနဲ့ မန်ယူပေါ့ …။ ဒါပေမယ့် နာမည်တွေကိုကြည့်ပြန်တော့ Liverpool , Manchester United … အဲဒီ့မှာမှ လီဗာပူးရဲ့ အဓိပ္ပါယ်လေးကိုပါ သဘောကျပြီး ကျွန်တော် လီဗာပူးပရိသတ်ဖြစ်သွားတာပဲ …။ နောက်တစ်ခုက မိုက်ကယ်အိုဝင် … ငယ်ကလည်းငယ်၊ ဖြောင့်ကလည်းဖြောင့်၊ ဂိုးသွင်းတာကလည်း တော်မှတော်၊ ဒီကောင်ကပါ လီဗာပူးမှာ ကစားနေတော့ ကျွန်တော်ပိုပြီး ခရေဇီဖြစ်သွားတယ်၊ လီဗာပူး အသင်းကို …။ နောက်ပိုင်း you will never walk alone … ဆိုတဲ့ လီဗာပူးအသင်းဆောင်ပုဒ်လေးရဲ့ အနှစ်သာရကို နားလည်တတ်လာတဲ့ အခါမှတော့ လီဗာပူးအသင်းကို ကြိုက်တဲ့စိတ်တွေပိုတိုးလာခဲ့တယ်။ ဘောလုံးကစားခြင်းဆိုတာ စည်းလုံးညီညွတ်ခြင်းရဲ့ အင်အားကို သရုပ်ဖော်ထင်ဟပ်ပြနေတဲ့ ကစားနည်းတစ်ခုပဲလေ


မင်းရေးတဲ့စာလေးကိုဖတ်ပြီးအတွေးလေးတွေပွားမိတယ် သိလား မင်းက စာရေးရင် အကြောင်းအရာတခုကနေ ဆင့်ပွားဖြန့်ကျက်တွေးလေ့ရှိတယ်လေ အဲဒီအတွေးလေးတွေကတဆင့် ဆောင်းပါးလေးတွေ ဖြစ်သွားရော …ခုလည်းမင်းသာ ဒီဆောင်းပါးလေးကို ဆက်ရေးနိုင်မယ်ဆိုရင် ဘာတွေများ ဆက်ရေးမလဲလို့ စိတ်ဝင်စားမိတယ် ဒို့အတွက် သာမန်အကြောင်းအရာလေးတွေဟာ မင်းအတွက် ရေးစရာ ကုန်ကြမ်းတွေ ဖြစ်ဖြစ်သွားတယ်နော်……

ခုများတော့………………………….


ကိုကျော်ရေ…..စနေ့နေ့ညတိုင်း အရမ်းသတိရတယ် မင်းနဲ့တူတူဘောလုံးပွဲကြည့်တိုင်း မင်းနဲ့ ဒို့အကြိုက်

အသင်းဘက်ကဂိုးသွားရင်……


`` ဂိုး တာပဲ ..ဟေ့..´´ လို့


အားပါးတရအော်လေ့ရှိတဲ့ မင်းအသံကို နားထဲကမထွက်ဘူး သိလား၊ နောက် ကိုယ့်အကြိုက်အသင်း ရှုံးခဲ့ရင်တောင် တဘက်အသင်းကို အပြစ်မပြောပဲ ရှုံ့မဲ့မဲ့ မျက်နှာလေးနဲ့ မချိပြုံးလေးပြုံးပြတတ်တဲ့.. မင်းကို အရမ်းလွမ်းတယ်ကွာ……..လူတွေကို အမြဲအကောင်းမြင်တတ်တဲ့ လွတ်လပ်ပေါ့ပါးစွာ ရီမောတတ်တဲ့ မင်းနေရာလွတ်ကလေးကို မိသားစုအားလုံး သတိရတိုင်းမျက်ရည်ဝဲရတယ်ကွာ မင်းသာသိရင် အရင်လိုပဲ ပြုံးပြနိုင်မှာလားဟင်

ခုများတော့………………..


ကိုကျော်ရေ………………အချိန်တိုင်းလေ တိုက်ဆိုင်တာတွေပဲတွေ့တွေ့ သတိရစရာတွေပဲမြင်မြင် မင်းကို သတိရနေတယ် သိလား မင်းကအစားအသောက်လည်း အကောင်းကြိုက်တယ်နော် ထမင်းဆိုလည်း ပျော့ပျော့ပြောင်းပြောင်းလေးမှ ဟင်းဆိုလည်း ပုဇွန်ထုပ်ကြီး ဆီပြန်မှ ကြိုက်တတ်တဲ့ ကလေးရယ် … နောက် မင်းကအနံအသက်တွေကို သိပ်ဂရုစိုက်တာနော် …ဟင်းကအနံ့နဲနဲတမျိုးဖြစ်ရင် နှာခေါင်းတရှုံရှုံနဲ့ ဖြစ်လေ့ရှိတဲ့ သူတစ်ယောက်

ခုများတော့…………….


``မိဘမဲ့ကလေးတွေကို ဘာလှူအုံးမလဲ ´´ လို့ဆော်သြတတ်တဲ့ သူတစ်ယောက် ဘုန်းကြီးကျောင်းတွေမှာ ..ပညာဒါနအနေနဲ့ အချိန်ပိုင်းဆရာလုပ်ပေးတတ်တဲ့ လူတစ်ယောက် ငွေကြေးချို့တဲ့သူတွေ ကို အချိန်ပိုင်းစာလိုက်သင်ပေးရင်း ပျော်မွှေ့သူတစ်ယောက်။ လူငယ်တွေကို စာအရမ်းဖတ်စေချင်လို့ စာအုပ်ဆိုင်လေးကို အရှုံးခံဖွင့်ဘူးတဲ့ သူတစ်ယောက်။ `ကျွန်တော်တတ်နိုင်ရင် စေတနာ့ဆေးရုံလေး တခုလောက်ဖွင့်ပြီး လူနာတွေကို အလကား ကုပေးချင်လိုက်တာ´လို့ ပြောဘူးသူတစ်ယောက်……………

ခုများတော့…………………….


ကျမတို့ရဲ့ ……..ပျောက်ဆုံးသွားတဲ့ မိသားစုကွက်လပ်ကလေးကို ဘယ်တော့များမှ ပြန်ဖြည့်နိုင်မလဲဆိုတဲ့ မရေရာတဲ့ အတွေးတွေနဲ့ မသေချာတဲ့ အနာဂတ်တွေအတွက် မျှော်လင့်စောင့်စားရင်း………


ကိုကျော်ရဲ့ ဒေါ်လေး

Tuesday, February 19, 2008

သား နေဘုန်းလတ် အတွက် အမေ့စာ

နေဘုန်းလတ်မိခင်၏ ပေးစာကို ပြင်ဆင်ဖြည့်စွက်ခြင်းမရှိ ဖေါ်ပြလိုက်ပါသည်။

29.1.08 နေ့လည်မှ စ၍ အမေတို့ မိသားစုတစ်ခုလုံး၏ ရင်ထဲသို့ အပူမီးတစ်ခု ၀င်ရောက်ခဲ့သည်မှာ ယနေ့ဆိုလျှင် ရက်ပေါင်း ( ၂၀ ) တိုင်ခဲ့ပါပြီ။

အတိတ်က ၀ဋ်ကြွေးရှိခဲ့သည် ဟုဆိုလျှင် သားရဲ့ အဖိုး၊ သားရဲ့ အမေ၊ အခုသား လက်ထက်အထိ အဆက်ဆက်ပေးဆပ်ခဲ့ ရပြီးဖြစ်၍ ဒီဝဋ်ကြွေးသည် သားလက်ထက်မှာ အဆုံးသတ်ပါစေဟု အမေ ဆုတောင်းမိပါတယ်။ အမေ့ရဲ့ မြေးမြစ်များ လက်ထက်တွင် ဒီလိုအဖြစ်ဆိုးမျိုး မကြုံဆုံပါရစေနှင့်ဟုသာ အခါခါဆုတောင်းမိပါတယ်။

တကယ်တော့ ရဲစခန်း၊ အကျဉ်းထောင် ဆိုတာတွေဟာ ရာဇ၀တ် ပြစ်မှုကျူးလွန်သူများအတွက်ဟု အားလုံးသိထားခဲ့ကြပါတယ်။ ခုအခါမှာတော့ ဆရာဝန်၊ ရှေ့နေ၊ စာနယ်ဇင်းသမား၊ ကဗျာဆရာ၊ စာရေးဆရာ၊ ကျောင်းသား အစရှိသည့် ပညာတတ်အများ နားခိုရာ နေရာ ဖြစ်နေပါတော့သည်။ တိုင်းပြည်အတွက် တန်ဖိုးရှိပြီး အကျိုးပြု လုပ်ငန်းများ လုပ်ပေးနိုင်သည့် လူများစွာ၏ တန်ဖိုးရှိ အချိန်များကို ပေးဆပ်နေရခြင်းကို အမေ နှမြောနေမိပါသည်။

သားရဲ့ တန်ဖိုးရှိ အချိန်တွေကို အလဟဿ မဖြစ်ပါစေနဲ့။ အိမ်မှာနေရင် မီးလာတာနဲ့ ကွန်ပျူတာရှေ့က မထတတ်တဲ့ အမေ့သားက အခုအချိန်မှာ ရင်ထဲမှာဘဲစာစီနေရပြီပေါ့။ သားရဲ့ ဘလော့ဂ် တနှစ်ပြည့်တဲ့နေ့မှာ သားသူငယ်ချင်းတွေက သားအတွက် ပို့စ်တွေ တင်ပေးကြပါတယ်။ သားအတွက် ၀ိုင်းဝန်းလုပ်ဆောင်ပေးတဲ့ သားရဲ့ သူငယ်ချင်း အားလုံးကိုလည်း အမေ ကျေးဇူးတင်ပါတယ်။

လွန်ခဲ့တဲ့ ၁၀နှစ် အမေဖြစ်ခဲ့တဲ့ အချိန်က ` တစ်ယောက်ကစ တစ်ရာဖြစ်မှာ စိုးလို့´ လို့ သူတို့ ပြောခဲ့ကြတယ်။ အခု သားအလှည့်ကျတော့ ` တစ်ယောက်ကစ တစ်ကမ္ဘာ ´ ဖြစ်နေတဲ့ အတွက် အမေ ကျေနပ်ရမှာပေါ့ သားရယ်။ သားတစ်ယောက် အရာရာကို ကြံ့ကြံ့ခံနိုင်ပါစေ။ ဒူးမထောက် ခေါင်းမငုံ့တဲ့ သားလို့ အမေ ယုံကြည်ပါတယ်။

သားကို မွေးတာ လမစေ့ဘဲ မွေးတော့ ၄၅ ရက်လုံးလုံး သား မငိုတတ်ခဲ့ဘူး။ နေမကောင်းလို့ ဆေးရုံတင်ရတော့ ဆေးထိုးလိုက်မှဘဲ သားနာကျင်ပြီး ငိုကြွေးတတ်ခဲ့တယ်။ အဲဒီတုန်းက ဆေးထိုးလို့ နာကျင်လို့ ငိုခဲ့တာ။ အခုတော့ ဆေးထိုးသလို အဖြစ်ဆိုးတွေကြောင့် သားရင်ထဲမှာ နာကျင်သွားမှာ နာကျည်းသွားမှာ စိုးတယ်။ မေတ္တာတရားနဲ့သာ အရာရာကို အနိုင်ယူပါ သားရယ်။

တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့ အမေ့သားဟာ အကျိုးပြု စာပေတွေသာ ရေးသားခဲ့တဲ့ အတွက် သားစာကို ဖတ်ရသူတိုင်း နေဘုန်းလတ်သည် တိုင်းပြည်အတွက် ပန်းပျိုးသည့် လက်လား၊ အဆိပ်ခွက်လားဆိုတာကို ခွဲခြား သိမြင်နိုင်ပါတယ်။ ဒါကြောင့် သားရောက်တဲ့ နေရာတိုင်းမှာ လူသားချင်း စာနာတတ်တဲ့ သူတော်ကောင်းတွေနဲ့သာ တွေ့ဆုံရပါစေလို့ ဆုတောင်းရင်း …………
အမေ

Sunday, February 17, 2008

ကျွန်တော်တို့ လွှတ်မချနိုင်တဲ့ မြို့တော်သို့ အ၀င်

သူငယ်ချင်းနေဘုန်းလတ် .. မင်း အဖမ်းခံလိုက်ရတယ်ဆိုတာ ကြားကြားချင်း စိတ်ထဲ အတော်လေး မကောင်းဖြစ်သွားတယ်။ မဟုတ်ပါစေနဲ့လို့လဲ ဆုတောင်းနေမိတယ်။ မင်း စင်္ကာပူကို အလည်ခဏလာပြီး ပြန်သွားတာတောင် မကြာသေးဘူး မဟုတ်လား။ ညနေရောက်တော့ အဲဒီသတင်းက သေချာသွားပြီတဲ့။ ငါကဗျာတစ်ပုဒ်ရေးဖြစ်တယ်။ အမှတ်မထင် လွှတ်ကျသွားတဲ့ကဗျာတဲ့။ မင်းစင်္ကာပူ ခဏလာရဦးမယ်လို့ ငါ့ကို ဂျီတော့မှာ ပြောတော့ ငါ့မင်္ဂလာဆောင်အတွက် အလှဓာတ်ပုံသွားရိုက်မယ့်နေ့ အမီ လာခဲ့လို့ ငါမှာ လိုက်သေးတယ်။ ဒါနဲ့ ငါ့ မင်္ဂလာဆောင် မတိုင်ခင် တစ်လလောက် အလိုမှာ မင်း ရောက်လာပြီး အလှဓာတ်ပုံတွေ သွားရိုက်တော့ မင်းရယ် ဇင်ကိုလတ်ရယ်က ဓာတ်ပုံဆရာတွေ .. ဗီဒီယိုကင်မရာသမားကတော့ မောင်ပွတ်ပေါ့လေ။ အားလုံးပျော်ပျော်ပါးပါး .. စကြနောက်ကြ ဓာတ်ပုံတွေရိုက်ကြနဲ့ နေ့လည်ကတည်းက သွားလိုက်တာ ည ၃ နာရီထိုးခါနီးမှ ငါတို့ အိမ်ပြန်ရောက်ကြတယ်။ လေယာဉ်လက်မှတ်က တစ်လလက်မှတ်ဆိုတော့ ငါ့ မင်္ဂဆောင်ကို တက်ရောက်အားပေးဖို့ မင်း အချိန်မမီဘူးဖြစ်နေတာနဲ့ ဖြစ်နိုင်ရင် ပြန်မယ့်ရက် နောက်ရွှေ့လိုက်ဖို့ ငါပြောသေးတယ်။ ဒါပေမယ့် တိုက်ဆိုင်စွာပဲ မင်းရဲ့ကိစ္စတစ်ခုကြောင့် ပြန်မယ့်ရက်ကို နောက်ရွှေ့လိုက်ရတယ်။ ငါ့ မင်္ဂလာဆောင်နေ့က ကင်မရာကိုယ်စီလွယ်ပြီး မင်းတို့တတွေ မှတ်တမ်းတင်ပေးခဲ့တာ ငါ ပြန်မြင်နေတုန်းပဲ။ ငါ ဟန်နီးမွန်းက ပြန်လာပြီး နောက်တစ်ရက်မှာ မင်း ရန်ကုန်ပြန်တယ်။ ငါလည်း ခရီးပန်းနေပြီး ညဥ့်အတော်နက်မှ ပြန်ရောက်လို့ နောက်တစ်နေ့ မနက်အစောကြီး မင်းပြန်တော့ လေဆိပ်ကို လိုက်မပို့ မိလိုက်ဘူး။ ငါနိုးတော့ ငါ့မိုဘိုင်းဖုန်းထဲမှာ မင်းပို့ထားတဲ့ sms က Goodbye Friend တဲ့။ မင်း ငါ့ကို သတိတရ နှုတ်ဆက်သွားခဲ့တယ်။

သူငယ်ချင်းနေဘုန်းလတ် .. မင်းတို့ ဇင်ကိုလတ်တို့ သူငယ်ချင်းတစ်စုရယ် ငါရယ် မန္တလေး၊ မေမြို့ဘက်ကို ခရီးအတူထွက်ခဲ့ကြတာ ငါ အမှတ်ရတုန်းပဲ။ ငါတို့ အားလုံး ရထားကြီး စီးလို့ပေါ့။ ငါ့မိဘတွေနဲ့ သွားတိုင်း အထူးတန်းက စီးခဲ့ရပေမယ့် အဲဒီ ခရီးစဉ်မှာတော့ တတ်နိုင်သူရော မတတ်နိုင်သူရော အဆင်ပြေအောင် အားလုံး ရိုးရိုးတန်းက သွားကြဖို့ သဘောတူခဲ့ကြတယ်။ ရိုးရိုးတန်းကနေ ဘယ်လိုမျိုးသွားရပါ့မလဲလို့ ထင့်နေတဲ့ ငါ့အတွေးတွေဟာ ရထားပေါ်ရောက်ပြီး သိပ်မကြာခင်မှာပဲ ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားခဲ့တယ်။ ငါတို့တတွေ ကိုယ်သန်ရာသန်ရာ ငြင်းခုံကြ၊ စကားဝိုင်းဖွဲ့ကြနဲ့ ရထားတစ်တွဲလုံး ငါတို့ အဖွဲ့ရဲ့ အသံတွေနဲ့ပဲ ညံနေခဲ့မယ် ထင်ပါရဲ့။ ရထားလူစီးတွဲက လူသွားလမ်းမှာ ပုဆိုးအဟောင်းလေးတွေ ခင်းပြီး ငါတို့တွေ အပျော်တမ်းဖဲကစားခဲ့ကြတာလည်း မှတ်မိသေးတယ်။ မေမြို့တက်တော့လည်း လမ်းတစ်လျှောက်လုံး ငြင်းခုန်သွားလိုက်တာ ကားပေါ်က လူတွေ အတော်နားငြီးခဲ့မယ် ထင်တယ်။ ခုခေတ် ဆယ်ကျော်သက်လူငယ်လေးတွေ ကားပေါ်မှာ ရထားပေါ်မှာ အဲဒီလို ဆူညံငြင်းခုန်နေတာ မြင်တိုင်း ငယ်ငယ်က ငါတို့တွေ ငြင်းကြခုန်ကြ စကားနိုင်လုခဲ့ကြတာတွေကို ပြန်ပြောင်းသတိရမိတယ်။ ပြီးတော့ အဲဒီတုန်းက ငါ ဂစ်တာ မတီးတတ်သေးဘူး။ မင်းကတော့ အဲဒီကတည်းက ဂစ်တာ အတော်လေး တီးဖြစ်နေပြီ။ အဲဒီကတည်းက ဖွဲ့ဆိုချင်တဲ့ သံစဉ်ချိုတွေကို ရင်ဘတ်ထဲ ကိုက်မျိုထားတဲ့ ကြိုးပြတ်နေတဲ့ ဂစ်တာတစ်လက်ဟာ မင်းဖြစ်ခဲ့သလား။

သူငယ်ချင်းနေဘုန်းလတ် .. မင်းစင်္ကာပူမှာ ရှိနေခဲ့တဲ့ ကာလတစ်ခုက တိုက်ဂါးဖလား ဘောလုံးပွဲရဲ့ ဆီမီးဖိုင်နယ်ကို ငါတို့ အတူသွားကြည့်ခဲ့ကြတာ မင်း မှတ်မိသေးလား။ ငါတို့ တစ်ဖွဲ့လုံး မြန်မာဆိုတဲ့ ခေါင်းစီးတွေစည်း မျက်နှာမှာ နှုတ်ခန်းနီတွေ ခြစ်ပြီး ကမ္ဘာမကြေအတူအော်ဆိုရင်း မြန်မာအသင်းကို မိုးရေတွေ ကြားထဲ အတူအားပေးခဲ့ကြတယ်။ စင်္ကာပူနဲ့ကန်တဲ့ အဲဒီပွဲမှာ မြန်မာအသင်းရှုံးသွားတော့ မင်းတို့ငါတို့ အားလုံး မကျေမနပ်နဲ့ ဒေါတွေပွနေခဲ့ကြတယ်။ အဲဒီတုန်းကတော့ စစ်ရှုံးလို့ သုံ့ပန်းမဖြစ်ချင်ဘဲ ဖြစ်သွားရတဲ့ မကျေမချမ်းဖြစ်နေတဲ့ တိုက်ပွဲဝင်တွေ အတိုင်းပဲ။ မင်းတို့ ငါတို့တွေဟာ ရှုံးရှုံးနိုင်နိုင် မြန်မာဘောလုံး အသင်းကို ချစ်တယ်။ အခြေအနေမလှလို့ မြန်မာပြည်နိမ့်ကျနေခဲ့ရပေမယ့် ရေခြားမြေခြားမှာ မြန်မာနိုင်ပြီဆိုပြီး ဂုဏ်ယူစွာနဲ့ ပြိုင်တူ ဟစ်ကြွေးချင်ခဲ့ကြတယ်။ ဘောလုံးဝါသနာထုံတဲ့မင်းဟာ ငါတို့ ပုဂံအလည်သွားကြတော့ ညစာစားနေတုန်း တီဗီကနေ တိုက်ရိုက်အသံလွှင့်တဲ့ မြန်မာအသင်းကန်တဲ့ပွဲကို ကြည့်ဖို့ ထမင်းကို အမြန်စားပြီး တီဗီရှေ့မှာ ငေးမော အားပေးနေခဲ့တာ ငါ သတိရသေးတယ်။ အင်္ဂလိပ်ပရီးမီးယားလိဂ်က ကြိုးကြာနီ လစ်ဗာပူးအသင်းကို အားပေးတဲ့ မင်းအတွက် ကြိုးကြာနီတို့ရဲ့ ဆောင်ပုဒ်အတိုင်း .. "You'll never walk alone" လို့ ငါ ရေရွတ်လိုက်မိတယ် သူငယ်ချင်း .. ။

သူငယ်ချင်းနေဘုန်းလတ် .. မင်းဘလော့ဂ် စရေးဖြစ်ပုံလေး မှတ်မိသေးလား။ ငါ ဘလော့ဂ်ပြန်ပြီး အရေးစိတ်လာတဲ့ ကာလတစ်ခုမှာ အသစ်တင်တိုင်း မင်းကို ပြဖြစ်ခဲ့တယ်။ မင်းကိုလည်း ဘလော့ဂ်ရေးဖို့ တိုက်တွန်းအားပေးခဲ့တယ်။ လိုအပ်တဲ့ နည်းပညာပိုင်း အကူအညီ ငါလုပ်ပေးမယ်လို့ လိုလိုလားလား ပြောဖြစ်ခဲ့တယ်။ မင်း ဘလော့ဂ်မရေးခင်ကတည်းက မင်းက စံပယ်ဖြူမဂ္ဂဇင်းမှာ လူငယ်တွေဖတ်ဖို့ ရည်ရွယ်ပြီး ပင်တိုင်ဆောင်းပါးတွေ ရေးနေတဲ့ စာရေးဆရာတစ်ယောက် ဖြစ်နေပြီ။ မင်း ဘလော့ဂ်ရေးမယ်ဆိုရင်လည်း လူငယ်တွေအတွက် အကျိုးဖြစ်စေတဲ့ စာတွေ ရေးဖြစ်မှာပဲလို့ ငါယုံကြည်ပြီးသားပါ။ တစ်ယောက်တည်း ရေးရမှာ ပျင်းတယ်ဆိုပြီး မင်းနဲ့ ညီအစ်ကိုလို ခင်တဲ့ ဇင်ကိုလတ်ကိုပါ အဖော်ညှိပြီး မင်းတို့ နှစ်ယောက်လုံး
မရှေးမနှောင်းမှာပဲ ဘလော့ဂ်တွေ စပြီး ရေးဖြစ်ကြတယ်။ မင်းဘလော့ဂ်ရဲ့ နာမည်က ကဗျာဆန်ဆန်.. “ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်” တဲ့။ တစ်နှစ်တာ ကာလအတွင်းမှာပဲ မင်းရဲ့ လွတ်ကျခဲ့တဲ့မြို့တော်ကို မင်း အင်တာနက်ပေါ် ရောက်အောင် အောင်မြင်စွာ ဆွဲတင်နိုင်ခဲ့တယ်။ မင်းရဲ့ ကိုယ်ပိုင်မြို့တော်ကို မင်းရဲ့ စိတ်ကူးစိတ်သန်း မင်းရဲ့ အနုပညာနဲ့ တခမ်းတနားဆောက်ပြခဲ့တယ်။ အလင်းနဲ့ရေးတဲ့ပန်းချီဆိုတဲ့ ဓာတ်ပုံဘလော့ဂ်လေးတစ်ခုကိုလည်း မင်းဖန်တီးနိုင်ခဲ့တယ်။

သူငယ်ချင်းနေဘုန်းလတ် .. ငါ့ဘလော့ဂ်မှာ မင်းရဲ့ မွေးနေ့ပို့စ်ဆိုပြီး အမှတ်တရ တင်တော့ လွတ်ကျခဲ့တဲ့မြို့တော်မှ မြို့စားကြီးနေဘုန်းလတ်အတွက် ဆိုပြီး နောက်ပြောင်ခေါ်ခဲ့တာကနေ မြို့စားကြီးဆိုပြီး နာမည်တွင်သွားခဲ့တာ မင်း မှတ်မိပါ့ဦးမလား။ ဘလော့စာအုပ်အတွက် ၀ိုင်းဝန်းလုပ်ကိုင်ကြရင်း အစစ အနစ်နာခံတာဝန်ယူတတ်တဲ့ ဦးဆောင်တတ်တဲ့ မင်းရဲ့ အရည်အချင်းကို ငါ ဘယ်လိုမှ အသိအမှတ် မပြုဘဲ မနေနိုင်ခဲ့ဘူး။ ရန်ကုန်မှာ ဘလော့ဂ်ဂါတွေ အချင်းချင်း ရင်းနှီးခင်မင်မှုရှိအောင် တွေ့ဆုံပွဲတွေ လုပ်ခဲ့ရာမှာလည်း မင်း အဓိကဆောင်ရွက်ပေးခဲ့တယ်။ ဘလော့ဂ်နေ့ အထိမ်းအမှတ် Seminar ကို ရန်ကုန် MICT Park မှာ လုပ်ခဲ့တော့လည်း မင်း အစအဆုံး တာဝန်ယူလုပ်ပေးခဲ့တယ်။ MRTV4 နဲ့ အင်တာဗျူးလုပ်ဖြစ်ခဲ့တဲ့ ကိစ္စမှာလည်း မင်းပဲ ရှေ့ထွက်ခဲ့တယ်။ မင်း တာဝန်ယူထားတဲ့ ကိစ္စတွေကို ပြီးစလွယ် ဖြစ်သလို မလုပ်တတ်တာ၊ ပြီးမြောက်အောင် အသေအချာလုပ်ပေးတတ်တာတွေကြောင့်လည်း မင်းတာဝန်ယူမယ်ဆိုတာနဲ့ ငါအပါအ၀င် မင်းနဲ့ ရင်းနှီးခင်မင်တဲ့ အခြား ဘလော့ဂ်ဂါတွေ အားလုံးက စိတ်ချပြီးသားပဲလေ။

သူငယ်ချင်းနေဘုန်းလတ် .. ငါတို့ ငယ်ငယ် အထက်တန်းကျောင်းသားဘ၀က ကဗျာစာအုပ်တွေ စုထုတ်ကြကတည်းက ဇင်ကိုလတ်နဲ့ ငယ်ပေါင်းလိုဖြစ်နေတဲ့မင်းနဲ့ ငါ လူချင်းမရင်းနှီးပေမယ့် အနုပညာချင်း ရင်းနှီးခဲ့ကြတယ်။ မင်းရဲ့ကလောင်နာမည်က နွေလေ တဲ့။ ငါတို့ ဒြပ်မဲ့ကမ္ဘာ (၁) (၂) ဆိုပြီး ကဗျာစာအုပ်တွေ အတူ ထုတ်ဖြစ်ကြတယ်။ အဲဒီ ကဗျာစာအုပ်လေးတွေ ငါ ခုထိ သိမ်းထားတုန်းပဲ။ မင်းရေးဖူးတဲ့ ကဗျာတစ်ပုဒ်ထဲကလို မင်းပြန်လာမယ့်နေ့ကို မင်းအမေသာမက မင်းရဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ စာဖတ်ပရိသတ်တွေက မင်းကို ဘယ်တော့မှ လွှတ်မချဘဲ စောင့်နေကြမယ်ဆိုတာ အသေအချာပဲ သူငယ်ချင်း...။ ။

........
ဒီလိုနဲ့ပဲ
နှစ်လတွေဟောင်း ရာသီပြောင်းလေတော့
ယုံကြည်မှုတစ်ခုအတွက် သားခရီးထွက်ခဲ့ရပြီ အမေ
ရိုင်းစိုင်းတဲ့ မုန်တိုင်း တိုက်ခတ်ကြမ်းပုံက
အန်တုသူမှန်သမျှ ဖဲ့ခြွေခံရသတဲ့လေ
အဝေးတစ်နေရာက ကြယ်စင်တွေ ကြွေကျခဲ့တာ
အမေ မသိလိုက်လေတော့
အခုအချိန်ဆို မျှော်လင့်ချက်တွေနဲ့ နေ့ရက်တွေတည်ဆောက်
သားပြန်လာမယ့်နေ့ကို အမေစောင့်နေမှာပဲနော်။ ။

(နွေလေ၏ “အမေ” ကဗျာမှ )

(စာကို ညီညီ(သံလွင်) http://nyinyithanlwin.blogspot.com/2008/02/blog-post_16.html ထံမှ ကူးယူဖော်ပြသည်။)

Friday, February 15, 2008

ကူညီတတ်သော နေမျိုးကျော် (ခ) နေဘုန်းလတ် အတွက် အဖေ့ပေးစာ

နေဘုန်းလတ်အတွက် ဖခင်ဖြစ်သူကိုယ်တိုင်ရေးသား ပေးပို့သောစာကို ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

သားတစ်ယောက်အချူပ်အနှောင်ခံရပြီဆိုကတည်းက အဖေတစ်ရောက်အနေဖြင့် ခံစားရပါသည်။ အဖေ့အတွက် သိရသလောက် နေမျိုးကျော်ဟာအများအကျိုးအတွက်ကို အမြဲကူညီဆောင်ရွက် ပေးနေသူ တစ်ဦးပါ။ ပရဟိတဘုန်းကြီးကျောင်းတွေမှာသူ့သူငယ်ချင်းအပေါင်းအသင်းတွေနဲ. ပေါင်းပြီး လိုအပ်တာတွေ လှူဒါန်းခဲ့တာတွေ၊သွေးလှူရှင်တွေစုစည်းပြီးလိုအပ်တဲ့အခါ သွေလှူဒါန်းတာတွေ၊ ငွေကြေးမတတ်နိုင်သူတွေကို ပညာဒါနပေးလှူခဲ့တာတွေ ကောင်းတာတွေချည်း လုပ်နေသူပါ။ သူ့ကို ဘယ်သူကအကူအညီ တောင်းတောင်း ခေါင်းခါပြီး မငြင်းဘူးခဲ့သူပါ။ အဲဒီလိုအကူအညီပေးတတ်တဲ့သား နေမျိုးကျော် ဟာ ဘ၀နဲ့ရင်းပြီး ခံစားနေ ရပါပြီ်။ ဗုဒ္ဒဘာသာလူမျိုးတစ်ယောက်အနေနဲ. ၀်ကြွေးရှိ ခဲ့လို့ ခံရတာပဲလို့ ဖြေသာပေမဲ့ အဖေတစ်ယောက် အဖို့ အများအကျိုးဆောင်ရွက်ပြီး မကောင်းတာဘာမှမလုပ်ခဲ့တဲ့ သားအတွက် ခံစားချက်က ပြင်းထန်လှ ပါတယ်။

မွေးပြီး ၁ နှစ်နဲ့ ၆ လ လောက်ကတည်းက အဖေနဲ့ အတူ အိပ် အတူစား ၊ ညဘက်မအိပ်တတ် ကလေးဘ၀ကတည်းက အဖေနဲ့ အတူညဘက်ကစားပြီး ၊ ညအချိန်တွေကို ကျော်လွှားခဲ့တဲ့ ဖအေ နဲ့ သား ဘ၀ပါ။ ဘယ်သူမွေးတာလဲ မေးတာတောင် အဖေမွေးတာလို့ သိတတ်တဲ့ အချိန်ထိ ဖြေနေ သေးတဲ့သားပါ၊ အဲဒီလို သား ဟာဘာမှန်းမသိတဲ့ ကိစ္စလေးတစ်ခုနဲ့ ကံကြမ္မာရဲ့သားကောင်ဖြစ်ခဲ့ရပြီး အကျဉ်းအကျပ်ထဲ ရောက် ခဲ့ရတာပါသားရယ်....။

အဖေဘယ်လိုဖြေရမလဲသားရယ် ......... ၊ စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်၊ အိပ်လည်းဒီစိတ်နဲ့ ဖြေစရာ မရှိခဲ့ပါဘူး၊ အဖေ ထမင်းစားချိန်ဆိုရင် သားတစ်ယောက် ပန်းကန်ခွက်ယောက် မပြည့် မစုံနဲ့ ထမင်းစားနေရတာတွေ အဖေအိပ်တော့လည်း အဖေ့မှာမွေှ့ယာ ခြင်ထောင်အပြည့် သားမှာ သံမံတလင်းကို မွှေ့ယာထားပြီး ခြုံစရာစောင်မရှိ အေးမြတဲ့အချမ်းဒါဏ်ကိုခံစားပြီး အိပ်နေ ရတဲ့အဖြစ်၊ စားတိုင်းအိပ်တိုင်း တွေးမြင်နေရတဲ့ အဖေ့မှာ ဘယ်လိုအိပ်လို ဘယ်လိုစားနိုင်မှာလဲ အချိန်နဲ့အမျှ သွားမှုလာမှု နေထိုင်မှု ဒုက္ခအ စုစုကို ခံစားနေရတာကို အဖေအချိန်နဲ့အမျှ ခံစားနေရတာပါ အကျဉ်းအကြပ်ထဲမှာ သားဘယ်လိုခံစား နေရမလဲလို့ သားမရှိတဲ့နေ့ကတည်းက အဖေတွေးပြီး ခံစားနေရတာပါ။ ဒါတွေဟာ ချစ်ခြင်းရဲ့ဒုက္ခတွေ ဘဲပေါ့။ သားကိုအဖေကချစ်တာကို။

ခေတ်စနစ်ရဲ့ ဆိုးဝါးတဲ့ထဲမှာ မှန်တာပြော ဟုတ်တာလုပ်တဲ့သူတွေ အကျဉ်းကျခံနေရတာ ရင်နာစရာပါ။ ဒီခေတ်ဒီစနစ်ကြီး ဘယ်တော့ပြီးဆုံးသွားမှာလဲ။ အမြန်ဆုံး ပြီးဆုံးချင်ပါပြီသားရယ်။ သားနဲ့ပါတ်သတ်ပြီး သားရေးတဲ့စာတွေကို အဖေဖတ်သလို အများလည်းဖတ်စေချင်ပါတယ်။ နေဘုန်းလတ်ဆိုတဲ့ ကလောင်အမည် နဲ့ သားရေးခဲ့တဲ့စာတွေဟာ အင်တာနက် ကွန်ပျူတာသုံးတဲ့သူတွေ ဗဟုသုတ တိုးတက်စေဖို့ အတွေးအမြင် ကျယ်စေဘို့ ရေးခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးစာတွေ ဆိုတာ အဖေနားလည်ပါတယ်။ အဲဒီလိုတိုင်းပြည်အပေါ် စေတနာထားတဲ့ သူမျိုးကို အငြိုးတကြီး မတွေ့ရ မမြင်ရ အကျဉ်းခံထားထားတာကိုတော့ အဖေဘယ်လိုမှနား လည်လို့မရဘူး။ တစ်ချိန်ချိန်မှာ တိုင်းပြည်အပေါ် စေတနာထားလုပ်တတ်တဲ့သူတွေ တိုင်းပြည်သာယာဖို့အနစ် နာခံတတ်တဲ့သူတွေ ကိုယ်ကျိုးစွန့်ပြီး အများကောင်းစားဖို့ စိတ်စေတနာရှိကြတဲ့သူတွေ ပေါများလာပြီး တိုင်း ပြည်ကြီးပြုပြင် ပြောင်းလဲလာပါစေဟု ဆုတောင်းရင်း သားအတွက် ရင်နှင့်အမျှ ခံစားနေရတဲ့ အဖေ ဒီစာကို ရပ်နားလိုက်ပါရစေ...။


သားကိုချစ်တဲ့

အဖေ