Wednesday, October 22, 2008

နေဘုန်းလတ်ဘလော့ ဒိုမိန်းသက်တမ်းပြည့်သွားဖြင့် ကြည့်ရှုမရနိုင်

အင်းစိန်ထောင်တွင် မတရားထိမ်းသိမ်းခံထားရသော ဘလော့ဂါ နေဘုန်းလတ်၏ ကိုယ်ပိုင်ဘလော့ဒိုမိန်းဖြစ်သော www.nayphonelatt.net မှာ မှတ်ပုံတင်ထားသည့် တစ်နှစ်သက်တမ်းကုန်ဆုံးသွားသဖြင့် ဝန်ဆောင်မှု ခတ္တရပ်ဆိုင်းကာ ဝင်ရောက်ကြည့်ရှုမရနိုင်သေးကြောင်း သိရသည်။ ယခင် Blogspot လိပ်စာဖြစ်သော www.nayphonelatt.blogspot.com ကို ကိုယ်ပိုင်ဒိုမိန်းဖြစ်သော www.nayphonelatt.net သို့ redirect လုပ်ထားခြင်းဖြစ်ပြီး ယခုအခါ နှစ်စေ့သွားသဖြင့် အမြန်ဆုံး သက်တမ်းတိုးရန် လိုအပ်လျက်ရှိသည်။ ထိုသို့သက်တမ်းတိုးရန် လိုအပ်သော အချက်အလက်များကို ပိုင်ရှင်ဖြစ်သူ နေဘုန်းလတ်သာ သိရှိသဖြင့် အခြားမိတ်ဆွေ သူငယ်ချင်းများအနေဖြင့်လည်း ကူညီရန်ခက်ခဲနေသောကြောင့် အချိန်အနည်းငယ် ကြန့်ကြာနေခြင်းဖြစ်သည်။ နေဘုန်းလတ်၏ စာဖတ်ပရိသတ်များက ဘလော့ကို စစ်အစိုးရဘက်တော်သားများက တိုက်ခိုက်ခြင်းဖြစ်မည်ကို စိုးရိမ်စွာ မေးမြန်းမှုများရှိခဲ့ပြီး IT နားလည်တတ်ကျွမ်းသူများက ဒိုမိန်းသက်တမ်းစေ့သွားခြင်းကြောင့်သာ ဖြစ်သည်ဟု မှတ်ချက်ပေးသည်။

သံလွင်အိပ်မက် အမှတ် ၂ ၊ အတွဲ ၃ တွင် နေဘုန်းလတ်၏ ကဗျာနှင့်ဆောင်းပါးပါဝင်

မတရားအကျဉ်းချခံထားရသော ဘလော့ဂါ နေဘုန်းလတ် အယ်ဒီတာအဖြစ် တာဝန်ယူလျက်ရှိသော သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်း အတွဲ ၂ အမှတ် ၃ ကို အောက်တိုဘာလ ၁၉ ရက်နေ့က ဖြန့်ချီခဲ့ရာ ၄င်း၏ ကဗျာတစ်ပုဒ်နှင့် ဆောင်းပါးတစ်ပုဒ်ပါဝင်လာသည်ဟု သိရသည်။


နေဘုန်းလတ်၏ “ဝေါဟာရတစ်ခု၏နောက်ကွယ်” ဆောင်းပါးမှာ စံပယ်ဖြူမဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြဖူးသော ဆောင်းပါးကောင်းတစ်ပုဒ်ဖြစ်ပြီး နေဘုန်းလတ်၏ ပင်ကိုရေးဟန်အတိုင်း လူငယ်တို့အတွက်၊ ပညာရေးအတွက် စေတနာဖြင့် ထောက်ပြတိုက်တွန်းချက်လေးများကို ဖတ်ရှုရမည်ဖြစ်သည်။ ကဗျာကိုတော့ နေဘုန်းလတ်ကို ရုံးထုတ်စစ်ဆေးစဉ် သံလွင်အိပ်မက်အတွက် ရည်ရွယ်ကာ နှုတ်ဖြင့်အလွတ်ရွတ်ဆိုပေးခဲ့ခြင်းဖြစ်သည်။

နေဘုန်းလတ်၏ ဆောင်းပါးကို http://www.thanlwin.com/new/index.php?option=com_content&task=view&id=324&Itemid=189 နှင့် ကဗျာကို http://www.thanlwin.com/new/index.php?option=com_content&task=view&id=334&Itemid=178 တို့တွင်ဖတ်ရှုနိုင်သည်။