Saturday, July 4, 2009

ဆုတောင်းများ

နေဘုန်းလတ်၏ (၂၉) နှစ်ပြည့်မွေးနေ့အတွက် သူငယ်ချင်းများမှ ပေးပို့သည်။





Tuesday, June 30, 2009

လွတ်မကျတော့တဲ့ မြို့တော်

“ ဖွဲ့ဆိုချင်တဲ့ သံစဉ်ချိုတွေကို
ရင်ဘတ်ထဲမှာပဲ ကိုက်မြိုထားရတဲ့
ကြိုးပြတ်နေတဲ့ ဂစ်တာတစ်လက်ဟာ ကျွန်တော်ဖြစ်တယ်… ”(နေဘုန်းလတ်) .....တဲ့။
လောကအလှတရား
ခံစားချင်တိုင်း ခံစားလို့ ရနေတဲ့ လူသားတွေထဲမှာ
ငါတို့မပါတာ နာလိုက်တာ။
ရင်ဖွင့်ချင်တဲ့ စကား
နှုတ်ဖျားက ပွင့်ပွင့်လင်းလင်းပြောနေကြတဲ့ လူသားတွေထဲမှာ
ငါတို့မပါတာ နာလိုက်တာ။
ကမ္ဘာမြေမှာ ခြေစုံရပ်
သွားချင်တဲ့ အရပ် သွားလို့ရနေတဲ့ လူသားတွေထဲမှာ
ငါတို့မပါတာ နာလိုက်တာ။
အရသာစုံ ဆီဦးထောပတ်
လျှာအရသာခံ စားတတ်ကြတဲ့ လူသားတွေထဲမှာ
ငါတို့မပါတာ နာလိုက်တာ။
ငါတို့ရဲ့ရှင်သန်မှု
ငါတို့ရဲ့ လွတ်လပ်မှု
ငါတို့ရဲ့ပျော်ရွှင်မှုတွေအတွက်
ငါတို့ရဲ့သတ္တိတွေ ဓါးသွားလိုထက်
လှပတဲ့ မြို့တော်သစ်လေး တည်ဆောက်ကြဖို့ ခရီးဆက်
ငါ့တို့လက်ထဲက မြို့တော် လွတ်မကျစေရဘူး...
ဒီတစ်ခါ...
ညီလေး…မင်းလက်ထဲက မြို့တော်လွတ် မကျစေနဲ့တော့....။

(ဝင်းလတ်)
ကိုနေဘုန်းလတ် ဇွန်၂၈ရက်နေ့ (၂၉)နှစ်ပြည့်မွေးနေ့ လက်ဆောင်

(မူရင်း http://winnlatt.blogspot.com/2009/06/blog-post_29.html)

မွေးနေ့ရှင် မရှိတဲ့ မွေးနေ့များ

ဒီဇွန်လပေါ့
ရုပ်ဆိုးလွန်းတယ်
မွေးနေ့ရှင် မရှိတဲ့ မွေးနေ့တွေ
မြန်မာနိုင်ငံမှာ ကျင်းပ
ကမ္ဘာမှာ ကျင်းပ
ဘာကြောင့် ကိုးရက်ပဲ ခြားရသလဲ
မွေးနေ့ရှင်တွေ မရှိတဲ့ မွေးနေ့ပွဲ
ပြည်တွင်းပြည်ပမှာ ခြိမ့်ခြိမ့်သဲနေတယ်

နေဘုန်းလတ်ရေ
နင်တခါပြောဖူးရဲ့
ဘာမှ ကိုယ်ထိလက်ရောက် ကူညီမှု မလုပ်နိုင်
ဘာမှ ကိုယ်တိုင်ရပ်တည်မှုတောင် မလုပ်နိုင်ပေမယ့်
ဖြစ်တည်မှုလေး တစ်ရပ်တည်းနဲ့တင်
ပတ်ဝန်းကျင်မှာ အားသစ်ဝေစေနိုင်တဲ့ သူတွေ ရှိသတဲ့

အဲဒီစကား မှန်ကြောင်း
ဒီမွေးနေ့ပွဲတွေက သက်သေပြခဲ့ပေါ့

မွေးနေ့ရှင်တို့ရေ
ရှင်တို့ ကျမ်းမာအောင် နေရမယ်
ရှင်တို့ ကြံ့ခိုင်အောင် နေရမယ်
ရှင်တို့ ရဲ့ လွတ်မြောက်မှုဟာ
ကျွန်မတို့ရဲ့ လွတ်မြောက်မှုကို ဖော်ဆောင်နေတယ်
ရှင်တို့ရဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုဟာ
ကျွန်မတို့ အတွက် ခွန်အားလဲ ဖြစ်တယ်

ဒါကြောင့်
ဘယ်နေရာ ရောက်ရောက်
ဘယ်လိုအခြေအနေရောက်ရောက်
မွေးနေ့ပွဲပေါင်း များစွာကို
ကျန်းမာ ကြံ့ခိုင်စွာနဲ့
ကျော်ဖြတ်နိုင်ကြပါစေ
ရှင်တို့ရဲ့နောက်
ကျွန်မတို့ ရောက်နေပေါ့…

(ခွန်မြလှိုင်)

(၂၀၀၉ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင်ကျရောက်သော ကိုနေဘုန်းလတ်၏ ၂၉ နှစ်မြောက် မွေးနေ့အတွက် ခွန်မြလှိုင် ခံစားရေးဖွဲ့သည်)
(မူရင်း - http://khunmyahlaing.blogspot.com/2009/06/blog-post_29.html)

Sunday, June 28, 2009

၂၀၀၉/၂၉ ထောင့်မကျိုးတဲ့ ကမ္ဘာ

(၂၀၀၉ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင်ကျရောက်သော ကိုနေဘုန်းလတ်၏ ၂၉ နှစ်မြောက် မွေးနေ့အတွက် မိုးလှိုင်ည ခံစားရေးဖွဲ့သည်)

၂၀၀၉/၂၉ ထောင့်မကျိုးတဲ့ ကမ္ဘာ

လက်ခုပ်သံတဖြောင်းဖြောင်းတော့
မပါဘူးပေါ့အစ်ကို...။
ကျွန်တော်တို့ အစ်ကို့အတွက် ဆုတောင်းနေတယ်...။
ပြီးတော့ ကျွန်တော်တို့ တစ်နိုင်ငံလုံးအတွက်ဆုတောင်းနေတယ်
ပြန်ပေးသမားလက်ကနေ
ကျွန်တော်တို့ တရားဥပဒေတွေလွတ်မြောက်ဖို့
ကျွန်တော်တို့ နိုင်ငံတော် လွတ်မြောက်ဖို့
၂၀၀၉ မှာ အစ်ကို့အသက် ၂၉ နှစ်ပြည့်ပြီ
အစ်ကိုနဲ့ ကျွန်တော်တို့ ချစ်မက်ခဲ့တဲ့ ကမ္ဘာကြီးကတော့
၂၀၀၉ အထိဒေါင့်မကျိုးသေးဘူးအစ်ကို
ကမ္ဘာဟာ ကျွန်တော်တို့အတွက် ဘယ်တုန်းကမှမပြားသေးပါဘူး
အစ်ကိုကတော့ အမှောင်တိုက်ထဲမှာ တိတ်တိတ်ဆိတ်ဆိတ်
ရင့်ကျက်နေမယ်...
ကျွန်တော်တို့ က အလင်းတစ်ဝက် အမှောင်တစ်ဝက်
ဘ၀ကို ပြာယာခတ်နေတုန်း...
တာဝန်မကြေတာကို မုန်းတယ်အစ်ကို
တာဝန်မသိတာကို ပိုမုန်းတယ်
အဲဒီထက်အဆိုးဆုံးကတော့
တသုံးလုံးသမားတွေပါပဲ...
အဲဒါကို အစ်ကိုလည်းရေးခဲ့ဖူးတယ်
ကျွန်တော်လည်းရေးနေတုန်းပဲ
(မိုးလှိုင်ညရေ ... ကျည်ဆန်တွေပလူပျံနေတဲ့ ကောင်းကင်မှာ မင်းတို့ငါတို့ရဲ့ ကလောင်သွားတွေက အသက်ခန္ဓာမြဲနေသရွေ့ ရေးသင့်တဲ့စာသားတွေကို ရေးခြစ်နေဦးမှာပါ ...။ ဓါးသွားထက် ကလောင်သွားက ပိုထက်တယ်တဲ့ ... ဒါဆို စစ်သေနတ်တွေထက်ရော ... ငါတို့ကလောင်သွားတွေ ပိုပြီးထက်မြက်နိုင်ဦးမလား ။ ဘာပဲဖြစ်ဖြစ် အမဲရောင် ကားချပ်မှာ တစ်ချက်လေးပဲဖြစ်ဖြစ် အလင်းစစ်တွေကို ငါတို့ ဆက်လက်ရေးခြစ်ကြမယ် ...။)
အလင်းစစ်စစ်တွေအတွက်လားအစ်ကို
အစ်ကိုအတွက် ကဗျာတစ်ပုဒ်၊ အက်ဆေးတစ်ပုဒ်၊
ဝတ္ထုတစ်ပုဒ်အတွက် တန်ဖိုးကြီးကြီးပေးထားခဲ့ရပြီလား...
ကမ္ဘာမကြေမပါဘူး ...
အနင်းခံရတဲ့မြက်တွေပိုသန်သလို...
ခေတ်ကြီး ခါးချိုးချလည်း
ကျွန်တော်တို ဦးခေါင်းတွေဘယ်တော့မှ
ဦးညွှတ်မကျစေရဘူးအစ်ကို....။


မိုးလှိုင်ည

(ဘားအံအကျဉ်းထောင်ထဲမှာ တစ်ကိုယ်တော်မွေးနေ့ပွဲကျဉ်းပနေရတဲ့ ကိုနေဘုန်းလတ်သို့)

(မူရင်း - http://moehlaingnya.blogspot.com/2009/06/blog-post_27.html )

Wednesday, June 24, 2009

ကိုနေဘုန်းလတ်၏ အယူခံ ပယ်ချခံရ

ဘားအံထောင်တွင် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသော ဘလော့ဂါ ကိုနေဘုန်းလတ်၏ အယူခံကို ရန်ကုန်တိုင်း တရားရုံးချုပ်က သောကြာနေ့တွင် ပယ်ချလိုက်သည်ဟု သိရသည်။

ကိုနေဘုန်းလတ်ကို ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ အင်တာနက်ဆိုင်တစ်ခုမှ ဖမ်းဆီးသွားခဲ့ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အင်းစိန်ထောင်တွင်း မျက်ကွယ်တရားရုံးက ဗီဒီယိုအက်ဥပဒေ၊ အီလက်ထရောနစ်ဥပဒေ၊ နိုင်ငံတော် အကြည်ပျက်စေမှုများဖြင့် ထောင်ဒဏ် နှစ် ၂၀ နှင့် ၆ လကျခံရန် အမိန့်ချမှတ်ခဲ့သည်။ ကိုနေဘုန်းလတ်၏ မိခင်ဖြစ်သူ ဒေါ်အေးအေးသန်းက အယူခံလွှာကို ရန်ကုန်တိုင်းတရားရုံးသို့ တင်ပြခဲ့ရာ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် တရားရုံးက ထောင်ဒဏ် ၈ နှစ်နှင့် ၆ လကို လျှော့ပေါ့ပေးခဲ့သဖြင့် ကျန်ရှိသော ထောင်ဒဏ် ၁၂ နှစ်ကို ဝေးလံလှသော ဘားအံထောင်တွင် ကျခံနေရသည်။ ထို့ကြောင့် ဒေါ်အေးအေးသန်းက အမှုမှ တရားသေလွတ်မြောက်ရေးအတွက် တရားရုံးချုပ်သို့ ဆက်လက်အယူခံဝင်ခဲ့ရာ ယခုကဲ့သို့ ပယ်ချခံလိုက်ရခြင်းဖြစ်သည်။

ကိုနေဘုန်းလတ်အတွက် အယူခံကို မနက်ပိုင်းတွင် တင်ပြခဲ့ပြီး ညနေပိုင်းတွင် ပယ်ချလိုက်ခြင်းဖြစ်သည်ဟု ဒေါ်အေးအေးသန်းက RFA ရေဒီယိုသို့ ပြောကြားခဲ့သည်။ သူမကဆက်ပြောရာတွင် “အန်တီတို့က အမှုတွေမှာ သက်သေအထောက်အထားမရှိဘူးဆိုပြီး တင်ပြတာပဲလေ။ ဒါပေမယ့် သူတို့ဘက်က ထည့်သွင်းစဉ်းစားမှု လုံးဝမရှိဘူးဆိုတဲ့ သဘောပေါ့။ အန်တီတို့ လျှောက်ထားချက်ကို ဖတ်ပြီးတော့ အစကတည်းက ပယ်ထားပြီးသားဖြစ်မှာပါ။ အထက်ကိုဆက်ပြီးတော့ တက်ဖို့တော့ စဉ်းစားထားတာပေါ့။ တရားရုံးကို ယုံကြည်လို့တော့ မဟုတ်ဘူးပေါ့နော်။ ကိုယ့်သားသမီးမှာ အပြစ်မရှိကြောင်း ပြောနိုင်တာ ဒီတစ်နေရာပဲရှိတယ်လေ” ဟု ပြောကြားခဲ့သည်။ ယခုကဲ့သို့ အယူခံကို ပယ်ချခံရခြင်းကြောင့် နေပြည်တော် ဗဟိုတရားရုံးချုပ်သို့ ဆက်လက်အယူခံဝင်သွားမည်ဟု သိရသည်။

မကြာသေးမီကမှ ဘားအံတွင် ထောင်ဝင်စာတွေ့ပြီး ပြန်လာသည့် မိခင်ဒေါ်အေးအေးသန်းက ကိုနေဘုန်းလတ်၏ အခြေအနေမှာ ကောင်းမွန်ကြောင်း ပြောကြားခဲ့သော်လည်း မျက်စိဝေဒနာ ခံစားနေသည်ဟုလည်း ပြောကြားခဲ့သည်။ ကိုနေဘုန်းလတ်သည် “ကျွန်တော် လွတ်ကျခဲ့တဲ့ မြို့တော်” အမည်ရ ဘလော့ကို ရေးသားသူဖြစ်ပြီး သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း၏ အယ်ဒီတာတစ်ဦးလည်းဖြစ်သည်။

(မူရင်း - http://www.thanlwin.com/new/index.php?option=com_content&task=view&id=973 )

Tuesday, April 21, 2009

သံလွင်အိပ်မက် အတွဲ ၃ ၊ အမှတ် ၂ ထုတ်ဝေ၊ နေဘုန်းလတ်၏ ကဗျာနှင့် ဝတ္ထုတစ်ပုဒ်ပါဝင်လာ

ဘားအံထောင်တွင် မတရားအကျဉ်းချခံထားရသော ဘလော့ဂါ နေဘုန်းလတ် အယ်ဒီတာအဖြစ် တာဝန်ယူလျက်ရှိသော သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်း အတွဲ ၃ အမှတ် ၂ ကို ဧပြီလ ၂၁ ရက်နေ့က ဖြန့်ချီခဲ့ရာ ၄င်း၏ ကဗျာ အသစ်တစ်ပုဒ်နှင့် ပေးစာပုံစံ ရေးထားသော ဝတ္ထုတို အသစ်တစ်ပုဒ်ပါဝင်လာသည်ဟု သိရသည်။


နေဘုန်းလတ်၏ “စိတ်ကူးအိမ်ပြန်” ကဗျာဖတ်ရန်
နေဘုန်းလတ်၏ “ညီလေးရေ” ဝတ္ထုတိုဖတ်ရန်

သင်ရိုးမရှိတဲ့ကျောင်း


ခေါင်းလောင်းသံမညံပေမယ့်
ဒေါင်ဒင်သံမှန်မှန်နဲ့စဖွင့်
ဒီကျောင်းတော်ကြီးဟာ
တခါးကို လှစ်ယုံသာလှစ်တယ်။

ဒီကျောင်းတော်ကြီးမှာ
ကံ့ကော်လည်းမပွင့်
စိန်ပန်းလည်းမဝေ
အဓိပတိလမ်းဆိုတာဝေး
ခေါက်တုံ့ခေါက်ပြန် လမ်းကလေးတော့ရှိတယ်။

“စာမျက်နှာတွေ မရှိပေမယ့်
နှလုံးသားနဲ့ တွေးကြည့်ရင်
ပြဌာန်းစာအုပ်ကို မြင်လိမ့်မယ်” တဲ့
စီနီယာတစ်ယောက်ရဲ့စကား
ပထမဆုံး မှတ်သားထားလိုက်တယ်။

ခေါက်ရိုးကျိုးနေတဲ့
စာရွက်ဟောင်းတစ်ခုရဲ့အသံ
“နာခံမှုကို သင်ယူလိုက်ဦး” ပေါ့တဲ့
ဟင့်အင်း . . . စိတ်ရဲ့လွတ်လပ်ခြင်းကိုပဲ
ငါလေ့လာကြီးပြင်းမယ်
သင်ရိုးဟောင်းတွေ အကုန်ဘေးဖယ်။

နေဘုန်းလတ်

(မူရင်း - http://www.thanlwin.com/new/index.php?option=com_content&task=view&id=624&Itemid=194)

နေဘုန်းလတ်ကို ထောင်ဒဏ် လျှော့


စစ်အစိုးရက ထောင်ဒဏ် နှစ်ရှည် ချမှတ်ထားသော လူငယ်ဘလော့ဂါ ကိုနေဘုန်းလတ်ကို ယနေ့တွင် ထောင်ဒဏ် ၈ နှစ်ခွဲ လျှော့လိုက်ကြောင်း မိသားစုဝင် တဦးက ပြောသည်။


အဆိုပါ ကိုနေဘုန်းလတ်ကို ထောင်ဒဏ် နှစ် ၂၀ နှင့် ၆ လချမှတ်ထားရာမှ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း တရားရုံးက ပုဒ်မ ၂ ခုအတွက် ထောင်ဒဏ် ၈ နှစ်နှင့် ၆ လ လျှော့ချလိုက်ခြင်း ဖြစ်သည်ဟု မိခင်ဖြစ်သူ ဒေါ်အေးအေးသန်းက ပြောသည်။

“၈ နှစ်ခွဲ လျှော့လိုက်ပါတယ်၊ ၃၂(ခ)၃၆ ဗီဒီယို အက် က ၃ နှစ်ခွဲချထားတာကို ၆ လလျှော့လိုက်တယ်၊ အီလက် ထရွန်နစ် ပုဒ်မ တခုအတွက်ကို ၈ နှစ် လျှော့လိုက်တယ်၊ သားကတော့ ဘားအံထောင်မှာပဲ”ဟု ၎င်းက ဧရာဝတီ သို့ ပြောသည်။

အသက်(၂၈)နှစ်ရှိ ကိုနေဘုန်းလတ်(ခေါ်)ကိုနေမျိုးကျော်ကို ၂၀၀၈ ခု နိုဝင်ဘာလ ၁၀ ရက်တွင် ရန်ကုန်အင်းစိန် ထောင်တွင်းရှိ အနောက်ပိုင်း ခရိုင် တရားရုံးက ပုဒ်မ ၅၀၅(ခ) ၂ နှစ် ၊ ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ) ၃၆ အရ ၃ နှစ်နှင့် ၆ လ ၊ အီလက်ထရွန်းနစ် ပုဒ်မအတွက် ၁၅ နှစ် စုစုပေါင်း ပြစ်ဒဏ် အနှစ်၂၀ နှင့် ၆ လ ချမှတ်ခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)အဖွဲ့ဝင်လူငယ်တဦးဖြစ်သည့် ယင်း ကိုနေဘုန်းလတ်အား ၂၀၀၈ ခုနှစ် ဇန်န၀ါရီလကုန်ပိုင်းတွင် စစ်အာဏာပိုင်များက မည်သည့်အကြောင်းပြချက်မှမပေးဘဲ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ နေအိမ်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဒေါ်အေးအေးသန်းကမူ ယခုကဲ့သို့ထောင်သက်တမ်းလျှော့ပေးခြင်းကို ၀မ်းသာသော်လည်း မည်သည့်ပြစ်မှုမှကျူး လွန်ခြင်းမရှိသည့်အတွက် ကိုနေဘုန်းလတ်အား ပြစ်ဒဏ်မှကွင်းလုံးကျွတ် လွှတ်ပေးသင့်ကြောင်း ပြောသည်။

“အီလက်ထရွန်နစ်နဲ့ပတ်သက်ပြီးတော့ ထောင်ချထားတယ် ဆိုတာကလည်း သားက ဘာမှ ကျူးလွန်မှုမှလည်း မရှိဘဲနဲ့ချထားတာ၊ ၈ နှစ် လျှော့တယ်ဆိုတာက အန်တီတို့ အနေနဲ့ ဒါကိုဝမ်းတော့သာတာပေါ့၊ ဒါပေမယ့် အပြည့် အ၀ ၀မ်းမသာနိုင်ဘူး၊ အန်တီ့အနေနဲ့ကတော့ ကွင်းလုံးကျွတ်ပဲ လွတ်စေချင်တာပေါ့၊ သူကျူးလွန်ထားတဲ့ ပြစ်မှုမှ မဟုတ်တာ ၊ သက်သက် အမှုဆင်ထားတဲ့ ကိစ္စ”ဟု ဒေါ်အေးအေးသန်း က ပြောသည်။

လွန်ခဲ့သည့် ၂ ရက် ခန့်ကလည်း နိုင်ငံရေး အကျဉ်းသားများဖြစ်သော အန်အယ်လ်ဒီ လူငယ် ခေါင်းဆောင် တဦး ဖြစ်သူ ကိုသိန်းဆွေနှင့် ကိုရဲမြတ်ဟိန်းတို့ကို ထောင်ဒဏ်၂ နှစ်ခွဲစီ လျှော့ချပေးလိုက်ကြောင်း ထောင်ဝန်ထမ်း အသိုင်းအ၀န်း၏ ပြောပြချက်အရ သိရသည်။

နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားသော လူရွှင်တော် ဇာဂနာ၊ အားကစား အယ်ဒီတာ ကိုဇော်သက်ထွေး၊ ကိုသန့်ဇင်အောင်နှင့် ကိုတင်မောင်အေးတို့ကိုလည်း ဖောဖော်ဝါရီ ၁၃ ရက်နေ့က ထောင်ဒဏ်များ လျှော့ချပေး လိုက် ကြောင်း မိသားစုဝင်များကပြောသည်။

ထောင်ဒဏ် ၅၉ နှစ် ချမှတ်ထားပြီး မြစ်ကြီးနားထောင်တွင်ထားရှိသော ကိုဇာဂနာကို အီလက်ထရွန်နစ်အမှု တမှု လျှင် ၈ နှစ်ဖြင့် ၃ မှုအတွက် ထောင်ဒဏ် ၂၄ နှစ် လျှော့ပေးလိုက်သည်ဟု ဆိုသည်။

တခြားသော ထောင်ဒဏ် ၁၉ နှစ် ချမှတ်ထားသည့် ကိုဇော်သက်ထွေးကိုမူ အီလက်ထရွန်နစ်မှု ၁ မှု အတွက် ထောင် ဒဏ် ၈ နှစ် လျှော့ပေးလိုက်ပြီး ထောင်ဒဏ် ၁၈ နှစ် ချမှတ်ထားသော ကိုသန့်ဇင်အောင်ကို အီလက် ထရွန်နစ်မှု ၁ မှုအတွက် ၈ နှစ်လျှော့ပေးလိုက်ကြောင်းနှင့် ထောင်ဒဏ်၂၉ နှစ် ချမှတ်ထားသော ကိုတင်မောင် အေး ကို အီလက်ထရွန်နစ်မှု ၁ မှုအတွက် ၈ နှစ်အပါအ၀င် တရားမ၀င် စာရွက်စာတန်းအမှု ၇ နှစ် ပေါင်း ၁၅ နှစ် လျှော့ပေးလိုက်ကြောင်းလည်း သိရသည်။စစ်အစိုးရက ယခုကဲ့သို့ ထောင်ဒဏ်များလျှော့ပေးခြင်းသည် ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၉ ရက်အထိ မြန်မာနိုင်ငံသို့ လူ့အခွင့်အရေး အခြေအနေများ စုံစမ်းရန် လာရောက်သော ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တာနာ ၏ ခရီးစဉ်နှင့် ဆက်စပ်မှု ရှိနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသား အသိုင်း အ၀န်းက ယူဆနေကြသည်။

သို့သော် အန်အယ်လ်ဒီ နှင့် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့ကမူ ယင်းသို့ ထောင်ဒဏ်များ လျှော့ချရန်အတွက် မစ္စတာ ကင်တာနာ၏ ခရီးစဉ်က မည်သို့မျှ စွမ်းဆောင်နိုင်မည်ဟု မထင်မြင်ကြောင်းပြောဆိုထားသည်။

AAPP ၏ ထုတ်ပြန်ချက်အရ နိုင်ငံတ၀န်းရှိ စစ်အစိုးရ အကျဉ်းထောင်များအတွင်း နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသူပေါင်း ၂၁၃၇ ဦးရှိကြောင်း သိရသည်။

(မူရင်း - http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=743:2009-02-20-12-20-59&catid=1:news&Itemid=2)