Wednesday, June 24, 2009

ကိုနေဘုန်းလတ်၏ အယူခံ ပယ်ချခံရ

ဘားအံထောင်တွင် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသော ဘလော့ဂါ ကိုနေဘုန်းလတ်၏ အယူခံကို ရန်ကုန်တိုင်း တရားရုံးချုပ်က သောကြာနေ့တွင် ပယ်ချလိုက်သည်ဟု သိရသည်။

ကိုနေဘုန်းလတ်ကို ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ အင်တာနက်ဆိုင်တစ်ခုမှ ဖမ်းဆီးသွားခဲ့ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အင်းစိန်ထောင်တွင်း မျက်ကွယ်တရားရုံးက ဗီဒီယိုအက်ဥပဒေ၊ အီလက်ထရောနစ်ဥပဒေ၊ နိုင်ငံတော် အကြည်ပျက်စေမှုများဖြင့် ထောင်ဒဏ် နှစ် ၂၀ နှင့် ၆ လကျခံရန် အမိန့်ချမှတ်ခဲ့သည်။ ကိုနေဘုန်းလတ်၏ မိခင်ဖြစ်သူ ဒေါ်အေးအေးသန်းက အယူခံလွှာကို ရန်ကုန်တိုင်းတရားရုံးသို့ တင်ပြခဲ့ရာ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် တရားရုံးက ထောင်ဒဏ် ၈ နှစ်နှင့် ၆ လကို လျှော့ပေါ့ပေးခဲ့သဖြင့် ကျန်ရှိသော ထောင်ဒဏ် ၁၂ နှစ်ကို ဝေးလံလှသော ဘားအံထောင်တွင် ကျခံနေရသည်။ ထို့ကြောင့် ဒေါ်အေးအေးသန်းက အမှုမှ တရားသေလွတ်မြောက်ရေးအတွက် တရားရုံးချုပ်သို့ ဆက်လက်အယူခံဝင်ခဲ့ရာ ယခုကဲ့သို့ ပယ်ချခံလိုက်ရခြင်းဖြစ်သည်။

ကိုနေဘုန်းလတ်အတွက် အယူခံကို မနက်ပိုင်းတွင် တင်ပြခဲ့ပြီး ညနေပိုင်းတွင် ပယ်ချလိုက်ခြင်းဖြစ်သည်ဟု ဒေါ်အေးအေးသန်းက RFA ရေဒီယိုသို့ ပြောကြားခဲ့သည်။ သူမကဆက်ပြောရာတွင် “အန်တီတို့က အမှုတွေမှာ သက်သေအထောက်အထားမရှိဘူးဆိုပြီး တင်ပြတာပဲလေ။ ဒါပေမယ့် သူတို့ဘက်က ထည့်သွင်းစဉ်းစားမှု လုံးဝမရှိဘူးဆိုတဲ့ သဘောပေါ့။ အန်တီတို့ လျှောက်ထားချက်ကို ဖတ်ပြီးတော့ အစကတည်းက ပယ်ထားပြီးသားဖြစ်မှာပါ။ အထက်ကိုဆက်ပြီးတော့ တက်ဖို့တော့ စဉ်းစားထားတာပေါ့။ တရားရုံးကို ယုံကြည်လို့တော့ မဟုတ်ဘူးပေါ့နော်။ ကိုယ့်သားသမီးမှာ အပြစ်မရှိကြောင်း ပြောနိုင်တာ ဒီတစ်နေရာပဲရှိတယ်လေ” ဟု ပြောကြားခဲ့သည်။ ယခုကဲ့သို့ အယူခံကို ပယ်ချခံရခြင်းကြောင့် နေပြည်တော် ဗဟိုတရားရုံးချုပ်သို့ ဆက်လက်အယူခံဝင်သွားမည်ဟု သိရသည်။

မကြာသေးမီကမှ ဘားအံတွင် ထောင်ဝင်စာတွေ့ပြီး ပြန်လာသည့် မိခင်ဒေါ်အေးအေးသန်းက ကိုနေဘုန်းလတ်၏ အခြေအနေမှာ ကောင်းမွန်ကြောင်း ပြောကြားခဲ့သော်လည်း မျက်စိဝေဒနာ ခံစားနေသည်ဟုလည်း ပြောကြားခဲ့သည်။ ကိုနေဘုန်းလတ်သည် “ကျွန်တော် လွတ်ကျခဲ့တဲ့ မြို့တော်” အမည်ရ ဘလော့ကို ရေးသားသူဖြစ်ပြီး သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း၏ အယ်ဒီတာတစ်ဦးလည်းဖြစ်သည်။

(မူရင်း - http://www.thanlwin.com/new/index.php?option=com_content&task=view&id=973 )

No comments: