Sunday, June 27, 2010

ကိုနေဘုန်းလတ်ကို နိုင်ငံတကာ လူ့အခွင့်အရေးဆု ချီးမြှင့်

နယူးယောက် (ဧပြီ ၁၄) - ကရင်ပြည်နယ် ဘားအံထောင်တွင် အကျဉ်းချခံထားရသော ဘလော့ဂါ ကိုနေဘုန်းလတ်ကို အမေရိကန် အခြေစိုက် PEN American Center/IFEX ခေါ် International Freedom of Expression eXchange မှ PEN/Barbara Goldsmith Freedom to Write Award (လွတ်လပ်စွာ ဖော်ထုတ်ရေးသားခြင်းဆိုင်ရာဆု) ကို ချီးမြှင့်လိုက်ကြောင်း သိရသည်။

အဆိုပါဆုသည် လွတ်လပ်စွာ ဖော်ထုတ်ရေးသားခြင်းကြောင့် ပြစ်ဒဏ်အသီးသီး ကျခံနေရသူများအား ဂုဏ်ပြုချီးမြှင့်သည့် လူ့အခွင့်အရေးဆိုင်ရာ ဆုတစ်ခုဖြစ်သည်။ ယခုနှစ်အတွက် ကိုနေဘုန်းလတ်ကို သူ၏ စာပေ၊ လူငယ်များအတွက် ရည်ရွယ်ရေးသားချက်များအား ရည်ရွယ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယခုလ ၂၇ ရက်နေ့တွင် နယူးယောက်မြို့ အမေရိကန် သဘာဝသမိုင်းပြတိုက်တွင် ကျင်းပမည်ဖြစ်ပြီး PEN American Center အဖွဲ့၏ နှစ်ပတ်လည် အခမ်းအနားလည်းဖြစ်သည်။

PEN American Center ၏ ဥက္ကဌဖြစ်သူ Kwame Anthony Appiah က “နေဘုန်းလတ်ဟာ အမှန်တရားကို ခုခံကာကွယ်ပြောဆိုရဲပြီး လွတ်လပ်မှုကိုလိုလားတဲ့ လူငယ်ထုကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်ပါ” ဟု ပြောကြားခဲ့သည်။ ဆုချီးမြှင့်ခံရခြင်းနှင့် ပတ်သတ်၍ ကိုနေဘုန်းလတ်၏ မိခင်ဖြစ်သူ ဒေါ်အေးအေးသန်းကို DVB သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ “အန်တီတော့ ဝမ်းသာတာပေါ့။ သားရဲ့ စာပေအတွက် ဆုချီးမြှင့်ခံရတဲ့အတွက်ကြောင့်၊ ကမ္ဘာ့နိုင်ငံအသီးသီး အသိအမှတ်ပြုတာ ဝမ်းသာပါတယ်။ သားလည်း ဝမ်းသာမှာပါ။ ဒီလိုအသိအမှတ်ပြုခံရတာကို အားလုံးကို ကျေးဇူးတင်ပါတယ် ” ဟု ဖြေကြားခဲ့သည်။

သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း၏ အယ်ဒီတာ တစ်ဦးလည်းဖြစ်သူ ကိုနေဘုန်းလတ်ကို ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ဖမ်းဆီးခဲ့ပြီး ထောင်တွင်း မျက်ကွယ်တရားရုံးမှ ထောင်ဒဏ် နှစ် ၂၀ နှင့် ၆ လချမှတ်ခဲ့ကာ ဘားအံထောင်သို့ ပို့ဆောင်ခဲ့သည်။ မိသားစုမှ အယူခံအဆင့်ဆင့် ဝင်ရောက်ခဲ့ရာမှ ၂၀၀၉ ခုနှစ် ဧပြီလတွင် ထောင်ဒဏ် ၁၂ နှစ်သို့ ပြောင်းလဲပေးခဲ့သည်။ ယခု ကိုနေဘုန်းလတ် ချီးမြှင့်ခဲ့ရသောဆုသည် သူ့အတွက် ဒုတိယမြောက် နိုင်ငံတကာဆုတစ်ခုဖြစ်သည်။ ပထမဆုံး ချီးမြှင့်ခံရသည့်ဆုမှာ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလအတွင်းက RSF ခေါ် နယ်စည်းမခြား သတင်းထောက်များအဖွဲ့မှ ပေးအပ်ခဲ့သော ဆိုက်ဘာအတိုက်အခံဆုဖြစ်ပြီး သရုပ်ဆောင် ဇာဂနာနှင့်အတူ ပူးတွဲရရှိခဲ့ခြင်းဖြစ်သည်။

(မူရင်း http://www.thanlwin.com/new/index.php?option=com_content&view=article&id=1998%3A2010-04-17-06-27-32&Itemid=105)


No comments: