Sunday, February 17, 2008

ကျွန်တော်တို့ လွှတ်မချနိုင်တဲ့ မြို့တော်သို့ အ၀င်

သူငယ်ချင်းနေဘုန်းလတ် .. မင်း အဖမ်းခံလိုက်ရတယ်ဆိုတာ ကြားကြားချင်း စိတ်ထဲ အတော်လေး မကောင်းဖြစ်သွားတယ်။ မဟုတ်ပါစေနဲ့လို့လဲ ဆုတောင်းနေမိတယ်။ မင်း စင်္ကာပူကို အလည်ခဏလာပြီး ပြန်သွားတာတောင် မကြာသေးဘူး မဟုတ်လား။ ညနေရောက်တော့ အဲဒီသတင်းက သေချာသွားပြီတဲ့။ ငါကဗျာတစ်ပုဒ်ရေးဖြစ်တယ်။ အမှတ်မထင် လွှတ်ကျသွားတဲ့ကဗျာတဲ့။ မင်းစင်္ကာပူ ခဏလာရဦးမယ်လို့ ငါ့ကို ဂျီတော့မှာ ပြောတော့ ငါ့မင်္ဂလာဆောင်အတွက် အလှဓာတ်ပုံသွားရိုက်မယ့်နေ့ အမီ လာခဲ့လို့ ငါမှာ လိုက်သေးတယ်။ ဒါနဲ့ ငါ့ မင်္ဂလာဆောင် မတိုင်ခင် တစ်လလောက် အလိုမှာ မင်း ရောက်လာပြီး အလှဓာတ်ပုံတွေ သွားရိုက်တော့ မင်းရယ် ဇင်ကိုလတ်ရယ်က ဓာတ်ပုံဆရာတွေ .. ဗီဒီယိုကင်မရာသမားကတော့ မောင်ပွတ်ပေါ့လေ။ အားလုံးပျော်ပျော်ပါးပါး .. စကြနောက်ကြ ဓာတ်ပုံတွေရိုက်ကြနဲ့ နေ့လည်ကတည်းက သွားလိုက်တာ ည ၃ နာရီထိုးခါနီးမှ ငါတို့ အိမ်ပြန်ရောက်ကြတယ်။ လေယာဉ်လက်မှတ်က တစ်လလက်မှတ်ဆိုတော့ ငါ့ မင်္ဂဆောင်ကို တက်ရောက်အားပေးဖို့ မင်း အချိန်မမီဘူးဖြစ်နေတာနဲ့ ဖြစ်နိုင်ရင် ပြန်မယ့်ရက် နောက်ရွှေ့လိုက်ဖို့ ငါပြောသေးတယ်။ ဒါပေမယ့် တိုက်ဆိုင်စွာပဲ မင်းရဲ့ကိစ္စတစ်ခုကြောင့် ပြန်မယ့်ရက်ကို နောက်ရွှေ့လိုက်ရတယ်။ ငါ့ မင်္ဂလာဆောင်နေ့က ကင်မရာကိုယ်စီလွယ်ပြီး မင်းတို့တတွေ မှတ်တမ်းတင်ပေးခဲ့တာ ငါ ပြန်မြင်နေတုန်းပဲ။ ငါ ဟန်နီးမွန်းက ပြန်လာပြီး နောက်တစ်ရက်မှာ မင်း ရန်ကုန်ပြန်တယ်။ ငါလည်း ခရီးပန်းနေပြီး ညဥ့်အတော်နက်မှ ပြန်ရောက်လို့ နောက်တစ်နေ့ မနက်အစောကြီး မင်းပြန်တော့ လေဆိပ်ကို လိုက်မပို့ မိလိုက်ဘူး။ ငါနိုးတော့ ငါ့မိုဘိုင်းဖုန်းထဲမှာ မင်းပို့ထားတဲ့ sms က Goodbye Friend တဲ့။ မင်း ငါ့ကို သတိတရ နှုတ်ဆက်သွားခဲ့တယ်။

သူငယ်ချင်းနေဘုန်းလတ် .. မင်းတို့ ဇင်ကိုလတ်တို့ သူငယ်ချင်းတစ်စုရယ် ငါရယ် မန္တလေး၊ မေမြို့ဘက်ကို ခရီးအတူထွက်ခဲ့ကြတာ ငါ အမှတ်ရတုန်းပဲ။ ငါတို့ အားလုံး ရထားကြီး စီးလို့ပေါ့။ ငါ့မိဘတွေနဲ့ သွားတိုင်း အထူးတန်းက စီးခဲ့ရပေမယ့် အဲဒီ ခရီးစဉ်မှာတော့ တတ်နိုင်သူရော မတတ်နိုင်သူရော အဆင်ပြေအောင် အားလုံး ရိုးရိုးတန်းက သွားကြဖို့ သဘောတူခဲ့ကြတယ်။ ရိုးရိုးတန်းကနေ ဘယ်လိုမျိုးသွားရပါ့မလဲလို့ ထင့်နေတဲ့ ငါ့အတွေးတွေဟာ ရထားပေါ်ရောက်ပြီး သိပ်မကြာခင်မှာပဲ ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားခဲ့တယ်။ ငါတို့တတွေ ကိုယ်သန်ရာသန်ရာ ငြင်းခုံကြ၊ စကားဝိုင်းဖွဲ့ကြနဲ့ ရထားတစ်တွဲလုံး ငါတို့ အဖွဲ့ရဲ့ အသံတွေနဲ့ပဲ ညံနေခဲ့မယ် ထင်ပါရဲ့။ ရထားလူစီးတွဲက လူသွားလမ်းမှာ ပုဆိုးအဟောင်းလေးတွေ ခင်းပြီး ငါတို့တွေ အပျော်တမ်းဖဲကစားခဲ့ကြတာလည်း မှတ်မိသေးတယ်။ မေမြို့တက်တော့လည်း လမ်းတစ်လျှောက်လုံး ငြင်းခုန်သွားလိုက်တာ ကားပေါ်က လူတွေ အတော်နားငြီးခဲ့မယ် ထင်တယ်။ ခုခေတ် ဆယ်ကျော်သက်လူငယ်လေးတွေ ကားပေါ်မှာ ရထားပေါ်မှာ အဲဒီလို ဆူညံငြင်းခုန်နေတာ မြင်တိုင်း ငယ်ငယ်က ငါတို့တွေ ငြင်းကြခုန်ကြ စကားနိုင်လုခဲ့ကြတာတွေကို ပြန်ပြောင်းသတိရမိတယ်။ ပြီးတော့ အဲဒီတုန်းက ငါ ဂစ်တာ မတီးတတ်သေးဘူး။ မင်းကတော့ အဲဒီကတည်းက ဂစ်တာ အတော်လေး တီးဖြစ်နေပြီ။ အဲဒီကတည်းက ဖွဲ့ဆိုချင်တဲ့ သံစဉ်ချိုတွေကို ရင်ဘတ်ထဲ ကိုက်မျိုထားတဲ့ ကြိုးပြတ်နေတဲ့ ဂစ်တာတစ်လက်ဟာ မင်းဖြစ်ခဲ့သလား။

သူငယ်ချင်းနေဘုန်းလတ် .. မင်းစင်္ကာပူမှာ ရှိနေခဲ့တဲ့ ကာလတစ်ခုက တိုက်ဂါးဖလား ဘောလုံးပွဲရဲ့ ဆီမီးဖိုင်နယ်ကို ငါတို့ အတူသွားကြည့်ခဲ့ကြတာ မင်း မှတ်မိသေးလား။ ငါတို့ တစ်ဖွဲ့လုံး မြန်မာဆိုတဲ့ ခေါင်းစီးတွေစည်း မျက်နှာမှာ နှုတ်ခန်းနီတွေ ခြစ်ပြီး ကမ္ဘာမကြေအတူအော်ဆိုရင်း မြန်မာအသင်းကို မိုးရေတွေ ကြားထဲ အတူအားပေးခဲ့ကြတယ်။ စင်္ကာပူနဲ့ကန်တဲ့ အဲဒီပွဲမှာ မြန်မာအသင်းရှုံးသွားတော့ မင်းတို့ငါတို့ အားလုံး မကျေမနပ်နဲ့ ဒေါတွေပွနေခဲ့ကြတယ်။ အဲဒီတုန်းကတော့ စစ်ရှုံးလို့ သုံ့ပန်းမဖြစ်ချင်ဘဲ ဖြစ်သွားရတဲ့ မကျေမချမ်းဖြစ်နေတဲ့ တိုက်ပွဲဝင်တွေ အတိုင်းပဲ။ မင်းတို့ ငါတို့တွေဟာ ရှုံးရှုံးနိုင်နိုင် မြန်မာဘောလုံး အသင်းကို ချစ်တယ်။ အခြေအနေမလှလို့ မြန်မာပြည်နိမ့်ကျနေခဲ့ရပေမယ့် ရေခြားမြေခြားမှာ မြန်မာနိုင်ပြီဆိုပြီး ဂုဏ်ယူစွာနဲ့ ပြိုင်တူ ဟစ်ကြွေးချင်ခဲ့ကြတယ်။ ဘောလုံးဝါသနာထုံတဲ့မင်းဟာ ငါတို့ ပုဂံအလည်သွားကြတော့ ညစာစားနေတုန်း တီဗီကနေ တိုက်ရိုက်အသံလွှင့်တဲ့ မြန်မာအသင်းကန်တဲ့ပွဲကို ကြည့်ဖို့ ထမင်းကို အမြန်စားပြီး တီဗီရှေ့မှာ ငေးမော အားပေးနေခဲ့တာ ငါ သတိရသေးတယ်။ အင်္ဂလိပ်ပရီးမီးယားလိဂ်က ကြိုးကြာနီ လစ်ဗာပူးအသင်းကို အားပေးတဲ့ မင်းအတွက် ကြိုးကြာနီတို့ရဲ့ ဆောင်ပုဒ်အတိုင်း .. "You'll never walk alone" လို့ ငါ ရေရွတ်လိုက်မိတယ် သူငယ်ချင်း .. ။

သူငယ်ချင်းနေဘုန်းလတ် .. မင်းဘလော့ဂ် စရေးဖြစ်ပုံလေး မှတ်မိသေးလား။ ငါ ဘလော့ဂ်ပြန်ပြီး အရေးစိတ်လာတဲ့ ကာလတစ်ခုမှာ အသစ်တင်တိုင်း မင်းကို ပြဖြစ်ခဲ့တယ်။ မင်းကိုလည်း ဘလော့ဂ်ရေးဖို့ တိုက်တွန်းအားပေးခဲ့တယ်။ လိုအပ်တဲ့ နည်းပညာပိုင်း အကူအညီ ငါလုပ်ပေးမယ်လို့ လိုလိုလားလား ပြောဖြစ်ခဲ့တယ်။ မင်း ဘလော့ဂ်မရေးခင်ကတည်းက မင်းက စံပယ်ဖြူမဂ္ဂဇင်းမှာ လူငယ်တွေဖတ်ဖို့ ရည်ရွယ်ပြီး ပင်တိုင်ဆောင်းပါးတွေ ရေးနေတဲ့ စာရေးဆရာတစ်ယောက် ဖြစ်နေပြီ။ မင်း ဘလော့ဂ်ရေးမယ်ဆိုရင်လည်း လူငယ်တွေအတွက် အကျိုးဖြစ်စေတဲ့ စာတွေ ရေးဖြစ်မှာပဲလို့ ငါယုံကြည်ပြီးသားပါ။ တစ်ယောက်တည်း ရေးရမှာ ပျင်းတယ်ဆိုပြီး မင်းနဲ့ ညီအစ်ကိုလို ခင်တဲ့ ဇင်ကိုလတ်ကိုပါ အဖော်ညှိပြီး မင်းတို့ နှစ်ယောက်လုံး
မရှေးမနှောင်းမှာပဲ ဘလော့ဂ်တွေ စပြီး ရေးဖြစ်ကြတယ်။ မင်းဘလော့ဂ်ရဲ့ နာမည်က ကဗျာဆန်ဆန်.. “ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်” တဲ့။ တစ်နှစ်တာ ကာလအတွင်းမှာပဲ မင်းရဲ့ လွတ်ကျခဲ့တဲ့မြို့တော်ကို မင်း အင်တာနက်ပေါ် ရောက်အောင် အောင်မြင်စွာ ဆွဲတင်နိုင်ခဲ့တယ်။ မင်းရဲ့ ကိုယ်ပိုင်မြို့တော်ကို မင်းရဲ့ စိတ်ကူးစိတ်သန်း မင်းရဲ့ အနုပညာနဲ့ တခမ်းတနားဆောက်ပြခဲ့တယ်။ အလင်းနဲ့ရေးတဲ့ပန်းချီဆိုတဲ့ ဓာတ်ပုံဘလော့ဂ်လေးတစ်ခုကိုလည်း မင်းဖန်တီးနိုင်ခဲ့တယ်။

သူငယ်ချင်းနေဘုန်းလတ် .. ငါ့ဘလော့ဂ်မှာ မင်းရဲ့ မွေးနေ့ပို့စ်ဆိုပြီး အမှတ်တရ တင်တော့ လွတ်ကျခဲ့တဲ့မြို့တော်မှ မြို့စားကြီးနေဘုန်းလတ်အတွက် ဆိုပြီး နောက်ပြောင်ခေါ်ခဲ့တာကနေ မြို့စားကြီးဆိုပြီး နာမည်တွင်သွားခဲ့တာ မင်း မှတ်မိပါ့ဦးမလား။ ဘလော့စာအုပ်အတွက် ၀ိုင်းဝန်းလုပ်ကိုင်ကြရင်း အစစ အနစ်နာခံတာဝန်ယူတတ်တဲ့ ဦးဆောင်တတ်တဲ့ မင်းရဲ့ အရည်အချင်းကို ငါ ဘယ်လိုမှ အသိအမှတ် မပြုဘဲ မနေနိုင်ခဲ့ဘူး။ ရန်ကုန်မှာ ဘလော့ဂ်ဂါတွေ အချင်းချင်း ရင်းနှီးခင်မင်မှုရှိအောင် တွေ့ဆုံပွဲတွေ လုပ်ခဲ့ရာမှာလည်း မင်း အဓိကဆောင်ရွက်ပေးခဲ့တယ်။ ဘလော့ဂ်နေ့ အထိမ်းအမှတ် Seminar ကို ရန်ကုန် MICT Park မှာ လုပ်ခဲ့တော့လည်း မင်း အစအဆုံး တာဝန်ယူလုပ်ပေးခဲ့တယ်။ MRTV4 နဲ့ အင်တာဗျူးလုပ်ဖြစ်ခဲ့တဲ့ ကိစ္စမှာလည်း မင်းပဲ ရှေ့ထွက်ခဲ့တယ်။ မင်း တာဝန်ယူထားတဲ့ ကိစ္စတွေကို ပြီးစလွယ် ဖြစ်သလို မလုပ်တတ်တာ၊ ပြီးမြောက်အောင် အသေအချာလုပ်ပေးတတ်တာတွေကြောင့်လည်း မင်းတာဝန်ယူမယ်ဆိုတာနဲ့ ငါအပါအ၀င် မင်းနဲ့ ရင်းနှီးခင်မင်တဲ့ အခြား ဘလော့ဂ်ဂါတွေ အားလုံးက စိတ်ချပြီးသားပဲလေ။

သူငယ်ချင်းနေဘုန်းလတ် .. ငါတို့ ငယ်ငယ် အထက်တန်းကျောင်းသားဘ၀က ကဗျာစာအုပ်တွေ စုထုတ်ကြကတည်းက ဇင်ကိုလတ်နဲ့ ငယ်ပေါင်းလိုဖြစ်နေတဲ့မင်းနဲ့ ငါ လူချင်းမရင်းနှီးပေမယ့် အနုပညာချင်း ရင်းနှီးခဲ့ကြတယ်။ မင်းရဲ့ကလောင်နာမည်က နွေလေ တဲ့။ ငါတို့ ဒြပ်မဲ့ကမ္ဘာ (၁) (၂) ဆိုပြီး ကဗျာစာအုပ်တွေ အတူ ထုတ်ဖြစ်ကြတယ်။ အဲဒီ ကဗျာစာအုပ်လေးတွေ ငါ ခုထိ သိမ်းထားတုန်းပဲ။ မင်းရေးဖူးတဲ့ ကဗျာတစ်ပုဒ်ထဲကလို မင်းပြန်လာမယ့်နေ့ကို မင်းအမေသာမက မင်းရဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ စာဖတ်ပရိသတ်တွေက မင်းကို ဘယ်တော့မှ လွှတ်မချဘဲ စောင့်နေကြမယ်ဆိုတာ အသေအချာပဲ သူငယ်ချင်း...။ ။

........
ဒီလိုနဲ့ပဲ
နှစ်လတွေဟောင်း ရာသီပြောင်းလေတော့
ယုံကြည်မှုတစ်ခုအတွက် သားခရီးထွက်ခဲ့ရပြီ အမေ
ရိုင်းစိုင်းတဲ့ မုန်တိုင်း တိုက်ခတ်ကြမ်းပုံက
အန်တုသူမှန်သမျှ ဖဲ့ခြွေခံရသတဲ့လေ
အဝေးတစ်နေရာက ကြယ်စင်တွေ ကြွေကျခဲ့တာ
အမေ မသိလိုက်လေတော့
အခုအချိန်ဆို မျှော်လင့်ချက်တွေနဲ့ နေ့ရက်တွေတည်ဆောက်
သားပြန်လာမယ့်နေ့ကို အမေစောင့်နေမှာပဲနော်။ ။

(နွေလေ၏ “အမေ” ကဗျာမှ )

(စာကို ညီညီ(သံလွင်) http://nyinyithanlwin.blogspot.com/2008/02/blog-post_16.html ထံမှ ကူးယူဖော်ပြသည်။)

No comments: