Thursday, February 14, 2008

နေဘုန်းလတ် မမေ့တဲ့ ရက်စွဲနဲ့ ကဗျာ

ကိန်းဂဏန်းတွေကို မုန်းတဲ့၊ ရက်စွဲတွေကို မေ့တတ်လွန်းတဲ့ နေဘုန်းလတ် တစ်ယောက် သူ့ဘလော့လေးမှာ သူမမေ့တဲ့ ရက်စွဲ အဖြစ် သူ့ဘလော့လေး စတင်တဲ့ ရက်စွဲ (၀၇- ၀၂- ၂၀၀၇) ကို ရေးထားခဲ့သလို ‘သူ မြတ်နိုးတဲ့ သူ့ဘလော့  လေးရဲ့ တစ်နှစ်ပြည့် မွေးနေ့ကို သူမှတ်မိနေမှာ သေချာပါတယ်။ ‘ဒါပေမယ့် သူ မှတ်မိမယ့် ရက်စွဲမှာ သူက တော့ ဖမ်းဆီး ထိန်းသိမ်း ခံနေရ တဲ့အတွက် သူ့ဘလော့လေးရဲ့ တစ်နှစ်ပြည့် မွေးနေ့ အတွက် ဘာ ပို့စ်မှ တင်နိုင် ရှာမှာ မဟုတ်ပါဘူး။ သူ သံယောဇဉ် ကြီးတဲ့ သူ့ဘလော့လေးရဲ့ မွေးနေ့ကို သူမြတ်နိုးချစ်ခင်တဲ့ ဘလော့ဂါ ရပ်ဝန်းက သူငယ်ချင်းများက ၀ိုင်းဝန်း ပြုလုပ်ပေးရင်း သူ့ကို ခင်မင်လေးစား တန်ဖိုးထားမှုကို ပြသ နေခဲ့ ကြပါတယ်။

ကျောင်းနေဖက် သူငယ်ချင်း တစ်ယောက် အနေနဲ့ ငါ့ဘ၀ထဲ မုန်တိုင်း ထန်နေ စဉ်က နင်ဟာ ငါ့ရဲ့ မိတ်ဆွေ ကောင်း၊ သူငယ်ချင်းကောင်း၊ ငါရင်ဖွင့် သမျှ နားထောင် ဖေးမ အကြံတွေ ပေးခဲ့တဲ့ နင်.. အမိမြေကို ခွာ ကာနီး ငါ့ကို တဘ၀စာ အမှတ်တရ ‘အကယ်၍ ဆိုတဲ့ ကဗျာလေးကို အမှတ်တရ ပေးခဲ့တဲ့ နင်.. အခု နင် ဒုက္ခရောက်တဲ့ အခါ နင့်ဘေးနားမှာ ငါမရှိနေခဲ့နိုင်ဘူးနော်..

မင်းရဲ့ ဖြူစင်ရိုးသားမှုတွေကို
လူလိမ်လူညာတွေက
မုသားတွေ အဖြစ်
ထောင်ချောင်ဆင် ညစ်တဲ့ အခါ
မင်းဟာ တည်တည်ငြိမ်ငြိမ်နဲ့ နာကြားနိုင်မယ် ဆိုရင်..

မင်းကလဲ သူတို့ကို အလိမ်အညာတွေနဲ့ ပြန်လည် မတုံ့ပြန်ဘူး ဆိုရင်..

သူငယ်ချင်း.. နင်ပေးခဲ့တဲ့ ကဗျာလေး ထဲက နင် ပြန်ပြီး အထူး Bold လုပ်ပေးခဲ့တဲ့ ကဗျာပိုဒ်လေးပါပဲ။

သင်္ဃန်းကျွန်း အိမ်ကနေ သုဝဏ အိမ်ကို ပြောင်းသွားတာ မကြာသေးတဲ့ နင့်ကို ပြည်ထဲရေး က ဗိုလ်မှူးက အချိန်တစ်ခုမှာ ဘယ်မှာ နေခဲ့လဲ မေးစဉ်က နင် အဲသည် အချိန်မှာ နေခဲ့တဲ့ နင့်ရဲ့ သင်္ဃန်းကျွန်း အိမ်လိပ်စာ ကို နင်ပြောခဲ့တယ်။ ‘ဒါပေမယ့် လက်ရှိ အချိန်မှာ အဲသည်အိမ်မှာ နင့်ဘိုးဘွားတွေ ပြောင်းရွှေ့ နေခဲ့ပြီးပြီ။ ‘ဒါကို နင်က အိမ်နေရာကို လိမ်ပြောတယ်လို့ စွပ်စွဲပြီး ပါးရိုက်မယ်လို့ ကြိမ်းဝါး ပြောဆိုတာ ခံခဲ့ ရတယ်။

နင်ပေးခဲ့တဲ့ ကဗျာလေး ထဲက လိုပါပဲ.. လိမ်ညာ မပြောတတ်တဲ့ နင့်ရဲ့ ရိုးသားဖြူစင်မှုတွေကို ဘယ်သူတွေ က ထောင်ချောက်ဆင် ညစ်ပါစေ ငါတို့က နင့်ရဲ့ ဖြူစင်ရိုးသားမှုကို အမြဲ ယုံကြည်နေတယ် သူငယ်ချင်း..

ရန်သူက ဖြစ်စေ မိတ်ဆွေက ဖြစ်စေ
မင်းကို နာကျင်အောင် မလုပ်နိုင် စေခဲ့ရင်

ပျားရည်ထဲ ခပ်ထည့်ထားတဲ့ အဆိပ်တွေလို မာယာတွေနဲ့ နင့်ကို ပိုမို ဒုက္ခ ရောက်အောင် တမင် လုပ်သူတွေ ရှိသလို နင့်ကို ကူညီချင်လျက်နဲ့ တကယ် ခင်မင်လျက်နဲ့ ကူညီဖို့ကြိုးစားရင်း နင့်ကို ပိုနွံနစ်အောင် လုပ်မိ သလို ဖြစ်ခဲ့တဲ့ အဖြစ်တွေ ရှိကောင်း ရှိမယ် သို့သော် နင့်ကို၊ နင့်ရဲ့ အနာဂတ်ကို၊ နင့်ရဲ့ ခံစားချက်တွေကို ဘယ်သူကမှ နာကျင်အောင် မလုပ်နိုင် ပါစေနဲ့လို့ ငါဆုတောင်းပေးနေတယ် သူငယ်ချင်း..

သူများ လုပ်ပြီးသွားကြတဲ့ အရာ တစ်ခုကို အစစ နောက်ကျ ပြီးမှ လုပ်ခဲ့ရပြီး အဲသည် အတွက်လဲ မမောပန်း ဘဲ နင်စောင့်နိုင်မယ် ဆိုရင်...

သူတပါးကို သိပ်ငဲ့ညှာ တတ်လွန်းတဲ့ နင်.. ရိုးရိုး သားသား မှန်မှန် ကန်ကန် နစ်နာမှုတွေ အတွက် တာဝန်ယူတတ် လွန်းတဲ့ နင်.. လူငယ်တွေကို တိုးတက်စေ ချင်လွန်းတဲ့ နင်.. လူငယ်တွေကို စည်းလုံး ညီညွတ် စေချင် လွန်းတဲ့နင်.. အများအကျိုး အတွက် ကိုယ်ကျိုး စွန့်တတ်တဲ့ နင်.. နင် လုပ်ချင် တာတွေ အတွက် အချိန် တစ်ခု ကို နင် စိတ်ရှည်ရှည်နဲ့ စောင့်နိုင်ပါစေ သူငယ်ချင်း... စိတ်ရောကိုယ်ပါ ကြံ့ခိုင်မှု တွေ ပိုမို တိုးပွားလာပါစေ...

ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ သူငယ်ချင်း.. နင်ပေးခဲ့တဲ့ မွေးနေ့ လက်ဆောင် ကဗျာလေးကိုပဲ ငါ ပြန်ရေးရင်း နင့်ကို ငါတို့ ပြန်လည်တွေ့ဆုံဖို့ အဓိဌာန် ပြုနေကြမယ်

မိုးကောင်းကင်မှာ
တိမ်ညစ်တို့ အုပ်စိုး
ပြီးတော့ အက်ဆစ်မိုးတို့ ရွာချ
ဘ၀တွေ နစ်မွန်း သွားကြတယ်

ကျေးငှက်တို့က တောင်ပံတွေကို တမ်းတ
စမ်းချောင်းတွေက စီးဆင်းခွင့်တွေကို မျှော်လင့်ကြရင်း
တိတ်တဆိတ် ခရီးဆက်ခဲ့ကြတယ်

တနေ့မှာပေါ့
တိမ်ညစ်တို့ ဖရိုဖရဲ
မိုးစက်တို့ စဲတဲ့တနေ့
ငြိမ်းချမ်းခြင်းရဲ့ ရှေ့မှောက်
ငါတို့ ပြန်တွေ့ကြမယ်

ဟုတ်တယ်.. ငါတို့ ပြန်တွေ့ကြမယ် သူငယ်ချင်း..

(စာကို ခွန်မြလှိုင် http://khunmyahlaing.myanmarbloggers.org/2008/02/blog-post_07.html ထံမှ ကူးယူဖေါ်ပြပါသည်)

No comments: