Wednesday, February 13, 2008

နေဘုန်းလတ် ပြည်ထဲရေးမှာလား

နယူးဒေလီ။ ။ ရက်အတန်ကြာ ပျောက်ဆုံးနေသူ ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်ကို ရန်ကုန်မြို့ရှိ ပြည်ထဲရေး ဝန်ကြီးဌာနတွင် တွေ့မြင်ခဲ့ရသည်ဟု ယနေ့တွင် လွတ်မြောက်လာသော ဒဂုံမြို့သစ်မှ NLD အဖွဲ့ချုပ် လူငယ်တာဝန်ခံများက ပြောသည်။

ပြီးခဲ့သည့်လ ၂၉ ရက်နေ့ကတည်းက ပျောက်ဆုံးနေသည့် ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်နှင့် အမျိုးသမီးတဦးကို ပြည်ထဲရေး ဌာနအတွင်း ယမန်နေ့က တွေ့မြင်ခဲ့ရသည်ဟု လွတ်မြောက်လာသူ အဆိုပါ အဖွဲ့ချုပ် လူငယ်တာဝန်ခံများက ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။

“ကိုနေမျိုးကျော် (နေဘုန်းလတ်) နဲ့ အမျိုးသမီးတယောက်ကို မနေ့ညက ကျနော်တို့ ပြည်ထဲရေးမှာ တွေ့လိုက်ရတယ်။ အဝေးက လှမ်းတွေ့လိုက်ရတာဆိုတော့ စကားပြောခွင့် မကြုံလိုက်ရဘူး” ဟု ပြန်လည် လွတ်မြောက်လာသူ ကိုသီဟန်က မဇ္ဈိမကို ပြောသည်။

ကိုနေဘုန်းလတ်ကို လိုက်လံ ရှာဖွေနေသူများ အဆိုအရ သူ့ကို အာဏာပိုင်များက ဒဂုံ ရဲစခန်းတွင် ဦးစွာ ထိန်းသိမ်းထားခဲ့ရာမှ စနေ့နေ့မှ စတင်ကာ ပြည်ထဲရေး ဝန်ကြီးဌာနကို ရွှေ့ပြောင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“သူ့ကို ဘာကိစ္စနဲ့ ခေါ်မေးနေတယ် ဆိုတာတော့ ကျနော်တို့ မသိရပါဘူး။ ကြားထားတာ တခုကတော့ ဒဂုံရဲစခန်းက သူ့ကို တရားစွဲထားတယ်တဲ့။ ဘာပုဒ်မနဲ့လည်းဆိုတာ မသိရသေးဘူး” ဟု ကိုနေဘုန်းလတ်နှင့် နီးစပ်သူတဦးက ပြောသည်။

သူနှင့်အတူ အမျိုးသမီးတဦးကိုလည်း ပြည်ထဲရေးဌာနတွင် စုံစမ်း စစ်ဆေးခံနေသည်ဟု သိရသော်လည်း အမျိုးသမီး၏ အမည်ကို မသိရှိရသေးပါ။

အာဏာပိုင်များက ကိုနေဘုန်းလတ်နှင့် နီးစပ်သည့် မိသားစုဝင်များ၏ နေအိမ်များကို လိုက်လံရှာဖွေစဉ် ခြိမ်းခြောက် ပြောဆိုမှုများ ရှိခဲ့သဖြင့် စစ်ကြောနေစဉ် ညှဉ်းပမ်းနှိပ်စက်မှု လုပ်ခံရမည်ကိုလည်း မိသားစုဝင်များက စိုးရိမ်နေရသည်ဟု ဆိုသည်။

၇ ရက်ကြာ အာဏာပိုင်များ၏ ထိန်းသိမ်းခြင်း ခံထားရသည့် ကိုနေဘုန်းလတ်ကို ခင်မင်ရင်းနှီးသူ မိတ်ဆွေများက သူ၏ ကိုယ်ပိုင် အင်တာနက်ဘလောက် nayphonelatt.blogspot.com တွင် သူ့အတွက် စိုးရိမ်ကြောင်း၊ အမြန် လွတ်မြောက်စေလိုကြောင်း ဆုတောင်းပေးခြင်းများ၊ အားပေးစကားများ ပြောဆိုထားကြသည်။

ကိုနေဘုန်းလတ် ပျောက်ဆုံးပြီး ရက်အနည်းငယ်အကြာ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် အာဏာပိုင်များမှ ခဏတဖြုတ် မေးမြန်းရန် ရှိသည်ဟုဆိုကာ ပြည်ထဲရေး ဝန်ကြီးဌာနသို့ ခေါ်ဆောင်သွားခံရသူ ဒဂုံမြို့သစ်မှ NLD လူငယ်တာဝန်ခံ (၁) ကိုသီဟန်၊ တွဲဖက်တာဝန်ခံ ကိုညီညီမင်း၊ လူငယ်တာဝန်ခံ (၃) ကိုထိန်ဝင်းတို့ ယနေ့ နေ့လည်တွင် ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။

သူတို့ကို ပြည်ထဲရေး ဝန်ကြီးဌာနတွင် အရာရှိ ၄ ဦးက Asian Human Rights Council (အာရှ လူ့အခွင့်အရေး ကောင်စီ) မှ ထုတ်ဝေသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို တိုင်ကြားနိုင်သည့် စာရွက်များကို လူထုအကြား ဖြန့်ဝေသည်ဟု အထင်မှားကာ ခေါ်ယူ မေးမြန်းပြီးနောက် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု ကိုသီဟန်က ပြောသည်။

(သတင်းကို မဇ္ဈိမသတင်းဌါန http://www.mizzimaburmese.com/content/view/541/2/ မှ ကူးယူဖေါ်ပြသည်)

No comments: