Friday, April 18, 2008

သံလွင်အိပ်မက် အမှတ် ၂ ၊ အတွဲ ၁ ဖြန့်ချီ

ဇန်နဝါရီလ ၂၉ ရက်နေ့ကတည်းက ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ ဘလော့ဂါ စာရေးဆရာ နေဘုန်းလတ် အယ်ဒီတာအဖြစ် ဆောင်ရွက်လျက်ရှိတဲ့ သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း အတွဲ ၂ ၊ အမှတ် ၁ ကို မြန်မာနှစ်ဆန်းတစ်ရက်နေ့က ဖြန့်ချီလိုက်ပါတယ်။ သံလွင်အိပ်မက်ကို ၂၀၀၄ ခုနှစ်မှ စတင်ခဲ့ပြီး ယခင်က ၁၁ စောင်ထုတ်ဝေပြီးဖြစ်ရာ အခု ပုံစံအသစ်နဲ့ ပြောင်းလဲထုတ်ဝေလိုက်တာကတော့ ၁၂ စောင်မြောက်ဖြစ်ပါတယ်။ နေဘုန်းလတ် ထိမ်းသိမ်းခံထားရပေမယ့် သူ့ရဲ့ကဗျာအသစ်တစ်ပုဒ်နဲ့ ဘလော့ဂ်မှာ ဖေါ်ပြဖူးတဲ့ ဆောင်းပါးတစ်ပုဒ်ကိုလည်း သံလွင်အိပ်မက် မဂ္ဂဇင်းမှာ ထည့်သွင်းထားတာတွေ့ရပါတယ်။ အခြားစာရေးဆရာများရဲ့ ဆောင်းပါးတွေမှာလည်း နေဘုန်းလတ် အကြောင်းတွေ သတိတရ ထည့်သွင်းရေးသားထားကြပါတယ်။


နေဘုန်းလတ်က ထောင်ဝင်စာတွေ့ခွင့်ရသူ မိသားစုကို သံလွင်အိပ်မက်ထွက်ပြီလားလို့ သတိတရမေးလိုက်တဲ့စကားကြောင့် သံလွင်အိပ်မက်ဝိုင်းတော်သားတွေအနေနဲ့ အချိန်တိုအတွင်း အကောင်းဆုံးဖြစ်အောင် စီစဉ်ထုတ်ဝေလိုက်ပါတယ်လို့ အယ်ဒီတာတွေက ပြောပါတယ်။ အယ်ဒီတာ တစ်ဦးဖြစ်သူ ညီညီ(သံလွင်)က သူ့ကိုယ်ပိုင်ဘလော့ဂ်မှာ သံလွင်အိပ်မက် မဂ္ဂဇင်းအကြောင်း သတင်းပေးရင်း “ကျွန်တော်တို့ အယ်ဒီတာအဖွဲ့ရဲ့ အင်မတန်အားထားရပြီး အနုပညာ ကိုယ်ခံအားကောင်းတဲ့ အယ်ဒီတာ နေဘုန်းလတ်တစ်ယောက် သံတိုင်တွေ နောက်ကို မမျှော်လင့်ဘဲ ရောက်သွားခဲ့ရတာကတော့ သံလွင်အိပ်မက်အတွက် အတော့်ကို ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။ နေဘုန်းလတ် အမြန်ဆုံး လွတ်မြောက်ပြီး သံလွင်အိပ်မက်အတွက် စာတွေ အတူတကွ ဆက်လက်ရေးသားနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ထည့်သွင်းရေးသားထားပါတယ်။

No comments: