Tuesday, September 16, 2008

နေဘုန်းလတ်ကို စွဲဆိုထားသော အမှုများတွင် Email နှင့်သက်ဆိုင်သော အမှုတစ်ခုလည်းပါဝင်


အင်းစိန်ထောင်အတွင်း မတရားအဖမ်းဆီးခံထားရသော ထင်ရှားသည့် ဘလော့ဂါနေဘုန်းလတ်ကို စွဲဆိုထားသော အမှုများတွင် Email ခေါ် အင်တာနက်ပေးစာများနှင့် ပတ်သတ်သော အမှုတစ်ခုလည်း ပါဝင်သည်ဟု သိရသည်။ နေဘုန်းလတ်၏ Email Account ထဲတွင် နိုင်ငံရေး ရုပ်ပြောင်ပုံများပါဝင်သည့် Email ၂ ခုခန့် ရှာဖွေတွေ့ရှိခဲ့သဖြင့် ယခုကဲ့သို စွဲဆိုခြင်းဖြစ်သည်ဟု Burma Today သတင်းတွင် ယနေ့ (စက်တင်ဘာလ ၈ ရက်နေ့) ဖေါ်ပြထားသည်။ ထိုရုပ်ပြောင်ပုံများသည် စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေကို ထိခိုက်စေသည့်ပုံများဖြစ်သည်ဟုလည်း Burma Today တွင် ဖေါ်ပြပါရှိသည်။ ထိုသတင်းနှင့် ပတ်သတ်၍ ပြည်တွင်းရှိ ပုံမှန် Email သုံးစွဲသူတစ်ဦးက ၄င်းတို့အနေဖြင့်လည်း ထိုကဲ့သို့ ပုံများပါရှိသည့်စာများ နေ့စဉ်နှင့်အမျှ ရရှိနေကြောင်း၊ မည်သူပို့သည်ကို မသိရသလို ၄င်းတို့၏ အသိမိတ်ဆွေများလည်း မဟုတ်ကြောင်း၊ Spam ခေါ် ရှိသမျှလိပ်စာများကို ကြော်ငြာဆန်ဆန်ပို့သည့် စာအမျိုးအစားဖြစ်ပြီး နာမည်အမျိုးမျိုးဖြင့် ပေးပို့လျက်ရှိသည်ဟု ပြောပြသည်။ ထိုသို့ Email သုံးစွဲသူတိုင်းတွင် ဖိတ်ခေါ်ခြင်းမရှိဘဲ လက်ခံရရှိလေ့ရှိသော Email မျိုးအတွက် တစုံတဦးကို အထူးတလည်အမှုဆင် တရားစွဲသည်မှာ လက်ခံနိုင်စရာမရှိဟုလည်း ၄င်းကဆိုသည်။ Burma Today သတင်းတွင်လည်း ထိုသို့သာ ဖမ်းဆီးမည်ဆိုပါက Email ရှိသူတိုင်းကို ဖမ်းနိုင်သည်ဟု နေဘုန်းလတ်၏ ပြည်ပရှိ မိတ်ဆွေတစ်ဦး ပြောကြားချက်ကို ကိုးကားရေးသားထားသည်။

(အကိုး ။ ။ http://burmatoday.net/news2005/2008/200809/080908_bty_bur_nay_phone_latt.swf )

No comments: