Monday, November 17, 2008

အနှစ်နှစ်ဆယ် နဲ့ နေဘုန်းလတ်

နေဘုန်းလတ်ကို ပြစ်ဒဏ်ချပြီးတည်းက သူ့ သတင်းကို အင်တာနက် နေရာတော်တော်များများမှာ တွေ့နေရတယ် ။ တချို့ကမှန်တယ် ၊ တချို့က မမှန်ဘူး ။ မမှန်တာတွေ ရေးထားတာကို ဖတ်ရတိုင်း ... အနှစ်နှစ်ဆယ်စွန်း ဆိုတာကို ရင်ဆိုင်နေရသူအတွက် အမှန်အကန်အချက်အလက်တွေ ရေးပေးဖို့တော့ အားစိုက်ထုတ်သင့်ကြတယ်လို့ မြင်မိတယ် ။ တကယ်တော့ ခုလိုပြစ်မှုမျိုး ချခံရလိမ့်မယ်လို့ ကျွန်မတို့အားလုံး လုံးဝမထင်မှတ်ခဲ့မိဖူး ။ နေဘုန်းလတ်ကိုယ်တိုင်တောင် ထင်မိခဲ့လိမ့်မယ် မထင်ဖူး ။

ကျွန်မအမြင်မှာတော့ နအဖဟာ ၂၀၁၀ မတိုင်ခင် သူတို့ရှေ့မှာရှိတဲ့ သူတို့တွက် ဆူးညှောင့်ခလုတ်တွေအားလုံးကို ဖယ်ရှားဖို့ စတင်လိုက်သလိုပဲ ။ အင်တာနက်ရေစီးကြောင်းပေါ်မှာတော့ နေဘုန်းလတ်ဟာ ပထမဆုံးသော ဓါးစာခံ ဖြစ်သွားတယ် ။ နအဖဟာ သူ့ကိုသုံးပြီး တခြားသူတွေကို အနှစ်နှစ်ဆယ်ဆိုတာနဲ့ ခြိမ်းခြောက်လိုက်သလိုပဲ ။ ဘလောဂ့်စာမျက်နှာပေါ်မှာ တင်လိုက်မယ့် ကျွန်မတို့ရဲ့ အတွေးတိုင်းမှာ အဲဒီ အနှစ်နှစ်ဆယ်ဆိုတာကြီး ကပ်ပါနေအောင် အကွက်ဆင်လိုက်တာ ဖြစ်ကောင်းဖြစ်နိုင်မယ် ။ ဒါပေမယ့် ကျွန်မအတွက်တော့ အဲဒီ အနှစ်နှစ်ဆယ်ဆိုတာ အနှစ်နှစ်ဆယ်ကျော် ကောင်လေးတယောက်အတွက် ယူကျုံးမရ ဖြစ်စရာ ၊ စိတ်ထဲ ဒေါသထွက်စရာ မခံချင်စရာပဲ ။

ကျွန်မသိတဲ့ နေဘုန်းလတ်ဆိုတာ အမှန်တရားကို ချစ်မြတ်နိုးတဲ့ ၊ လွတ်လပ်မှုကို ခုံမင်တဲ့ ၊ အမှန်တရားဘက်က ရပ်တည်မယ်ဆိုတဲ့ ခံယူချက်နဲ့ ရင့်ကျက်တဲ့ အတွေးအခေါ်တွေကို လက်ကိုင်ထားတဲ့ သာမန်လူငယ်တယောက်ပဲ ။ သူဟာ ပရဟိတတွေဘက်မှာလည်း အားကြိုးမာန်တက် ပါဝင်ခဲ့တဲ့ လေးစားစရာ လူငယ်တယောက်လည်း ဖြစ်တယ် ။ သူ့အတွေးတွေထဲမှာ သူချစ်တဲ့ စာပေအနုပညာ ဓါတ်ပုံပညာတွေလည်း စီးဆင်းနေတယ် ။ သူဟာ လူငယ်တယောက်လိုလဲ လူငယ်စိတ်နဲ့ ပေါ့ပါးလွတ်လပ်စွာ နေထိုင် သွားလာတတ်တယ် ။ သူ့ဘလောဂ့်တွေကို သူနှစ်သက်တဲ့ အနုပညာနဲ့ပတ်သက်တာတွေနဲ့ ဖန်ဆင်းထားတယ် ။ သူဟာ ကျွန်မ ခင်မင်ယုံကြည်မိတဲ့ သူငယ်ချင်းတွေထဲက တယောက်ဖြစ်တယ် ။

နေဘုန်းလတ်ကို ကျွန်မတို့ သိကြတယ် ။ သူ့အတွက် ခံစားကြရတယ် ။ တကယ်တော့ ကျွန်မတို့မသိတဲ့လူတွေ ဘယ်နှစ်ယောက်တောင် ဒီလို ယုတ္တိမရှိတဲ့ ဂဏန်းတွေထဲ အာဏာရှင်တွေရဲ့လက်ခုတ်ထဲကရေ ဖြစ်ခဲ့ကြပြီးပြီလဲ ... ဘယ်အထိ ဖြစ်ရဦးမလဲ ဆိုတာ ကျွန်မတို့စဉ်းစားဖို့ အချိန်တန်ပြီ ထင်ပါတယ် ။

(စာကိုဂျစ်တူး http://gyittu.blogspot.com/2008/11/blog-post_12.html မှ ရယူသည်။)

No comments: