Tuesday, February 26, 2008

နေဘုန်းလတ်အတွက် အဒေါ်ဖြစ်သူထံမှ ပေးစာ

နေဘုန်းလတ်အတွက် အဒေါ်ဖြစ်သူ (မိခင်၏ညီမ) မှ ပေးပို့သောစာကို ဖေါ်ပြလိုက်ပါသည်။

ကိုကျော်ရေ
…..ဒီနေ့ဆို မိသားစုနဲ့ဝေးနေရတာ တစ်လနီးခဲ့ပြီနော်

တနေ့မှမမေ့ဘူး ကိုကျော်…မိသားစုပိတ်ရက်ဆို ... တခုခုလုပ်စားလေ့ရှိတယ်နော် ……အဲလိုရက်တွေ ဆို ဖေဖေနဲ့မေမေကလည်း လူစုံလာမှ ကြိုက်တာ …လူမစုံရင် ဖုံးဆက်ခေါ်တတ်တယ်နော် ..အဲဒီအချိန်တုံးက မင်း..တနေရာရာ ရောက်နေရင်တောင် ဖုံးဆက်ခေါ်ရင် ..အပြေးပြန်လာတတ်တယ်နော်

ခုများတော့………..


ကိုကျော်ရေ……..မင်းနဲ့တွေ့တိုင်း ပြောဖြစ်တာက စာပေအကြောင်းတွေများတယ်နောက်

အင်တာနက်အကြောင်း ချက်တင်အကြောင်း နောက် ဘောလုံးပွဲအကြောင်း တွေပေါ့။မင်း

နဲ့ဒို့ ကအကြိုက်ချင်းတူတယ် လေနော် ။မင်းကလီဗာပူးကြိုက်သလို ဒို့ကလည်း လီဗာပူးကို

အသည်းစွဲလေ အဲဒီအသင်းကို ဘာကြောင့်ကြိုက်သလဲဆိုရင် …မိုက်ကယ်အိုဝင်ကို ကြိုက်တာအပြင် သူတို့ရဲ့ဆောင်ပုဒ်လေးကို ကြိုက်လို့ လို့ပြောဘူးတဲ့ မင်းအသံလေးကိုကြားယောင်မိတယ်..အင်း ခုမှသတိရတယ် ဘောလုံးပွဲအကြောင်းတ၀က် တပျက်ရေးထားတဲ့ မင်းရဲ့ ဆောင်းပါးလေးကိုပေါ့ အဲဒီဆောင်းပါးရဲ့ခေါင်းစဉ်ကလေးကတော့….

ကျွန်တော်နှင့်ဘောလုံး တဲ့ ကိုကျော့် ရဲ့စာတွေ စာဖတ်သူတွေနဲ့ ဝေးနေချိန်မှာ အလွမ်းလေးများပြေစေနိုင်ဖို့ ဖော်ပြပေးလိုက်တယ်နော်


အခု ဒီစာကိုရေးနေတဲ့အချိန်မှာ အချိန်က နံနက် ၂ နာရီထိုးခါနီးနေပြီ …။ ဘာလုပ်နေတာလဲဆိုတော့ ၂နာရီ ၁၅မှာလာမယ့် ချန်ပီယံလိဂ်ဘောပွဲ၊ တိတိကျကျပြောရရင် ကျွန်တော်ကြိုက်တဲ့ လီဗာပူးအသင်းရဲ့ သေရေးရှင်ရေးပွဲလာမှာမို့လို့ မအိပ်ပဲစောင့်နေတာလို့ ဖြေရမှာပဲ …။ သေသေချာချာ စဉ်းစားကြည့်ရင် ဘောလုံးပွဲကြည့်ချင်ကြည့်၊ ဒါမှမဟုတ် ဖဲထိုင်ရိုက်ရင်ရိုက် ဒီအလုပ်နှစ်ခုအတွက် ဆိုရင်တော့ မိုးလင်းတဲ့အထိ မအိပ်ပဲ နေမိတာအခါခါလို့ပြောရမယ် …။ အခြား အရာတွေအတွက် ဆိုရင်တော့ ထားလိုက်ပါ … အိပ်ရေးဝအောင်ပဲအိပ်လိုက်တော့မယ်ဆိုတဲ့သူဟာ ကျွန်တော်ပါ။ လူဆိုတာက ကိုယ့်ဝါသနာနဲ့ ကိုယ်လေ …။ ငယ်ငယ်လေးတုန်းက ဘာရယ်ညာရယ် မဟုတ်ဘူး အနီရောင်ဝတ်တဲ့ အသင်းဆိုကြိုက်လိုက်တာပါပဲ (ကျွန်တော်တို့ မြန်မာအသင်းက အနီရောင်ဝတ်တယ်လေ) နိုင်ငံခြားကလပ်အသင်းတွေမှာဆိုရင်တော့ … လီဗာပူးနဲ့ မန်ယူပေါ့ …။ ဒါပေမယ့် နာမည်တွေကိုကြည့်ပြန်တော့ Liverpool , Manchester United … အဲဒီ့မှာမှ လီဗာပူးရဲ့ အဓိပ္ပါယ်လေးကိုပါ သဘောကျပြီး ကျွန်တော် လီဗာပူးပရိသတ်ဖြစ်သွားတာပဲ …။ နောက်တစ်ခုက မိုက်ကယ်အိုဝင် … ငယ်ကလည်းငယ်၊ ဖြောင့်ကလည်းဖြောင့်၊ ဂိုးသွင်းတာကလည်း တော်မှတော်၊ ဒီကောင်ကပါ လီဗာပူးမှာ ကစားနေတော့ ကျွန်တော်ပိုပြီး ခရေဇီဖြစ်သွားတယ်၊ လီဗာပူး အသင်းကို …။ နောက်ပိုင်း you will never walk alone … ဆိုတဲ့ လီဗာပူးအသင်းဆောင်ပုဒ်လေးရဲ့ အနှစ်သာရကို နားလည်တတ်လာတဲ့ အခါမှတော့ လီဗာပူးအသင်းကို ကြိုက်တဲ့စိတ်တွေပိုတိုးလာခဲ့တယ်။ ဘောလုံးကစားခြင်းဆိုတာ စည်းလုံးညီညွတ်ခြင်းရဲ့ အင်အားကို သရုပ်ဖော်ထင်ဟပ်ပြနေတဲ့ ကစားနည်းတစ်ခုပဲလေ


မင်းရေးတဲ့စာလေးကိုဖတ်ပြီးအတွေးလေးတွေပွားမိတယ် သိလား မင်းက စာရေးရင် အကြောင်းအရာတခုကနေ ဆင့်ပွားဖြန့်ကျက်တွေးလေ့ရှိတယ်လေ အဲဒီအတွေးလေးတွေကတဆင့် ဆောင်းပါးလေးတွေ ဖြစ်သွားရော …ခုလည်းမင်းသာ ဒီဆောင်းပါးလေးကို ဆက်ရေးနိုင်မယ်ဆိုရင် ဘာတွေများ ဆက်ရေးမလဲလို့ စိတ်ဝင်စားမိတယ် ဒို့အတွက် သာမန်အကြောင်းအရာလေးတွေဟာ မင်းအတွက် ရေးစရာ ကုန်ကြမ်းတွေ ဖြစ်ဖြစ်သွားတယ်နော်……

ခုများတော့………………………….


ကိုကျော်ရေ…..စနေ့နေ့ညတိုင်း အရမ်းသတိရတယ် မင်းနဲ့တူတူဘောလုံးပွဲကြည့်တိုင်း မင်းနဲ့ ဒို့အကြိုက်

အသင်းဘက်ကဂိုးသွားရင်……


`` ဂိုး တာပဲ ..ဟေ့..´´ လို့


အားပါးတရအော်လေ့ရှိတဲ့ မင်းအသံကို နားထဲကမထွက်ဘူး သိလား၊ နောက် ကိုယ့်အကြိုက်အသင်း ရှုံးခဲ့ရင်တောင် တဘက်အသင်းကို အပြစ်မပြောပဲ ရှုံ့မဲ့မဲ့ မျက်နှာလေးနဲ့ မချိပြုံးလေးပြုံးပြတတ်တဲ့.. မင်းကို အရမ်းလွမ်းတယ်ကွာ……..လူတွေကို အမြဲအကောင်းမြင်တတ်တဲ့ လွတ်လပ်ပေါ့ပါးစွာ ရီမောတတ်တဲ့ မင်းနေရာလွတ်ကလေးကို မိသားစုအားလုံး သတိရတိုင်းမျက်ရည်ဝဲရတယ်ကွာ မင်းသာသိရင် အရင်လိုပဲ ပြုံးပြနိုင်မှာလားဟင်

ခုများတော့………………..


ကိုကျော်ရေ………………အချိန်တိုင်းလေ တိုက်ဆိုင်တာတွေပဲတွေ့တွေ့ သတိရစရာတွေပဲမြင်မြင် မင်းကို သတိရနေတယ် သိလား မင်းကအစားအသောက်လည်း အကောင်းကြိုက်တယ်နော် ထမင်းဆိုလည်း ပျော့ပျော့ပြောင်းပြောင်းလေးမှ ဟင်းဆိုလည်း ပုဇွန်ထုပ်ကြီး ဆီပြန်မှ ကြိုက်တတ်တဲ့ ကလေးရယ် … နောက် မင်းကအနံအသက်တွေကို သိပ်ဂရုစိုက်တာနော် …ဟင်းကအနံ့နဲနဲတမျိုးဖြစ်ရင် နှာခေါင်းတရှုံရှုံနဲ့ ဖြစ်လေ့ရှိတဲ့ သူတစ်ယောက်

ခုများတော့…………….


``မိဘမဲ့ကလေးတွေကို ဘာလှူအုံးမလဲ ´´ လို့ဆော်သြတတ်တဲ့ သူတစ်ယောက် ဘုန်းကြီးကျောင်းတွေမှာ ..ပညာဒါနအနေနဲ့ အချိန်ပိုင်းဆရာလုပ်ပေးတတ်တဲ့ လူတစ်ယောက် ငွေကြေးချို့တဲ့သူတွေ ကို အချိန်ပိုင်းစာလိုက်သင်ပေးရင်း ပျော်မွှေ့သူတစ်ယောက်။ လူငယ်တွေကို စာအရမ်းဖတ်စေချင်လို့ စာအုပ်ဆိုင်လေးကို အရှုံးခံဖွင့်ဘူးတဲ့ သူတစ်ယောက်။ `ကျွန်တော်တတ်နိုင်ရင် စေတနာ့ဆေးရုံလေး တခုလောက်ဖွင့်ပြီး လူနာတွေကို အလကား ကုပေးချင်လိုက်တာ´လို့ ပြောဘူးသူတစ်ယောက်……………

ခုများတော့…………………….


ကျမတို့ရဲ့ ……..ပျောက်ဆုံးသွားတဲ့ မိသားစုကွက်လပ်ကလေးကို ဘယ်တော့များမှ ပြန်ဖြည့်နိုင်မလဲဆိုတဲ့ မရေရာတဲ့ အတွေးတွေနဲ့ မသေချာတဲ့ အနာဂတ်တွေအတွက် မျှော်လင့်စောင့်စားရင်း………


ကိုကျော်ရဲ့ ဒေါ်လေး

1 comment:

JulyDream said...

လောကမှာ လူတော်ထက် လူကောင်းတွေ အရမ်းရှားတယ်။ လူတော်ထက် လူကောင်းက ပိုတန်ဖိုး ရှိတယ်။ လူတော်ပေမယ့် မကောင်းရင် အလကားပဲ။ တော်ပေမယ့် သုံးမရတာတွေ အများကြီးပါ။ တော်ပေမယ့် လောကကို အကျိုးမပြုတာတွေ အများကြီးပါ။ တစ်ကိုယ်ကောင်း ဆန်တဲ့ လောကကြီးမှာ အများအကျိုးကို သယ်ပိုးဖို့ဆိုတာ လွယ်မယောင်နဲ့ ခက်.. တိမ်မယောင်နဲ့ နက်ပါတယ်။ တကယ် လုပ်ကြည့်ရင် သိလာပါလိမ့်မယ်။

လူမိုက်တွေ သက်ရှည်သလောက် လူကောင်းတွေ အနှိမ်ခံ ရတယ်။ ဆူးတွေ ထိတယ် ခလုတ်တွေ ငြိတယ်။ အုန်းပင်စိုက်နေတဲ့သူတွေ အုန်းသီးစားရဖို့ မမျှော်လင့်ထားကြပါဘူး။ ဒါပေမယ့် အုန်းပင် စိုက်ရမလား ဆိုပြီး အပြစ်တင် ပျက်ရယ်ပြုခံရပါတယ်။ ရေလောင်း ပေါင်းသင် ပျိုးထောင်မယ်လို့ ဘယ်တော့မှ စိတ်မကူးကြပါဘူး။ အမြစ်ကနေ ဘယ်လို ဆွဲနှုတ်ရမလဲ၊ အညွှန့်ကို ဘယ်လို ချိုးရမလဲ ဆိုပြီး အချိန်ကောင်းကို စောင့်နေကြပါတယ်။

အကျိုးမမျှော်ကိုးတဲ့ စိတ်အရင်းခံထားပြီး လိပ်ပြာသန့်သန့် လုပ်ဆောင်နေရတဲ့ လူမှု အကျိုးဆောင်တွေ ဘာကြောင့်များ ရန်ဘက်ပြု ခံနေရတာလဲ။ မကူညီရင် နေပါ။ မနှောင့်ယှက် စေချင်ပါဘူး။ တကယ်တမ်း စဉ်းစားကြည့်ရင် နစ်နာတာက မြန်မာပြည်ပါပဲ။

အဝေး တစ်နေရာရောက်... နှလုံးလှ လူသားတစ်ဦး အတွက်...

တစ်နေ့နေ့မှာ ချိုးဖြူလေးတွေ လွတ်လပ်စွာ အတောင်ပံဖြန့် ပျံသန်းနိုင်ပါစေ လို့ တောင်းဆုမွန်ချွေရင်း...

ဇူလိုင်အိမ်မက်...