Thursday, February 28, 2008

နေဘုန်းလတ် ဖမ်းဆီးခံရခြင်း တစ်လပြည့် အထူးပို့စ် (၁)

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသော နေဘုန်းလတ်အတွက် ပေးပို့သော ကဗျာများကို စုပေါင်း တင်ဆက်ပေးလိုက်ပါသည်။

နေဘုန်းလတ်ကို တွေ့ရင် (၂)

ကျွန်တော်ရင်ကို တိုက်ခတ်သွားတဲ့နွေလေ…တစ်စ ဟာ
အစ်ကိုနေဘုန်းလတ်ဖြစ်နေလိမ့်မယ်လို့… မတွေးမိခဲ့ဘူးအစ်ကို
ဒြပ်မဲ့ကမ္ဘာ ကဗျာစုထဲ မှာ အစ်ကို့ နှလုံးသားနဲ့ထုဆစ်ခဲ့တဲ့
အမေ… ဆိုတဲ့ကဗျာလေး … အဝေးရောက်သားတွေအတွက်
မျက်ရည်စို့ခဲ့ကြတဲ့… မိခင်ကိုယ်စားပေါ့… အစ်ကို နှလုံးသားက
တပါးသူတွေအတွက် အကြိမ်ကြိမ်ငိုခဲ့ရပြီးပြီ…. အစ်ကိုက အနုပညာသမားပါ…
အမှန်တရားကို မြတ်နိုးတယ် မျှတမှုတွေကိုရင်ဘတ်နဲ့ပျိုးတယ်….
အခုတော့…
၂၀၀၈ ရဲ့ ကံဆိုးတဲ့ ဖေဖော်ဝါရီလထဲမှာ အစ်ကိုနဲ့ ကျွန်တော်တို့
မွေးရပ်မြေမှာ နေတွေခြစ်ခြစ်တောက်ပူတယ်အစ်ကို မိုးတွေက အချိန်အခါမဟုတ်ရွာတယ်
မရေမရာနဲ့ ပိတောက်တစ်ချို့တောင်ပွင့်လိုက်သေးတယ်…
ရာသီမသိပန်းနဲ့ညှိဆိုရင်တော့လွဲမှာပဲအစ်ကို…
ဖောက်လွဲဖောက်ပြန် ရာသီတွေကြားမှာ မြေကြမ်းတဲ့ကျွန်တော်တို့မွေးရပ်မြေကို
ရင်ဘတ်နဲ့ ထပ်စိုက်ပျိုးကြတာပေါ့…
မျော်လင့်ချက်တွေနဲ့ နေ့ရက်တွေတည်ဆောက်လို့ အစ်ကိုပြန်လာမယ့်နေ့ကို
သူငယ်ချင်း အားလုံးနဲ့ အစ်ကို မိသားစုကစောင့်နေကြတယ်…
အစ်ကို အမြန်ဆုံးလွတ်မြောက်ပါစေ….။

မိုးလှိုင်ည

.........................................................................................................

မျှော်လင့်.....မျက်ရည်

ခွဲခွာ ခြင်း ရဲ့ သမိုင်းအစ
ဇန်န၀ါရီ ရဲ့ ရက်တရက်မှာ
ဖြစ်ထွန်းခဲ့တယ်
တရက်လား နှုစ်ရက်လား
တလလား နှစ်လလား
လား..ပေါင်း များစွာ ရဲ့အဖြေကို
ဘယ်သူ ခွန်းတုံ့ ပြန်မှာလဲ

ပေးဆပ်ခြင်းတွေ
နစ်နာမှုတွေ
ငိုကြွေးမှုတွေ
တမ်းတမှုတွေရဲ့
အပေါ်မှာ ဘယ်သူတာဝန်ယူမှာလဲ

ဖေဖေါ်ဝါရီရဲ့အဆုံး
နောက်တလရဲ့ အစဟာ
သားလေးရဲ့ အပြန်လမ်းဖြစ်လေမလား
မှန်ကန်မှုအတွက် သားရွေးချယ်မှုတွေဟာ
မှားယွင်းသွားခဲ့လေသလား

အမေအမြင်မှာတော့
သားလေးဟာ အဖြူ
အဖြူ မှအနက်သို့ပြောင်းလဲဖြစ်တည်မှုကို
ဘယ်သူတွေ သတ်မှတ်ခဲ့တာလဲ

ကားတစီး ထိုးအစိုက်
မေ့ သားလေးများ ဖြစ်နေမလား
မျှော်ရည်မှန်းတဲ့ ငိုကြွေးမှုတွေ
မိခင်တစ်ယောက် ရဲ့ မျက်ရည်တွေ
စာနာတတ်ခဲ့ရင်

နောက်တနေ့ ရဲ့ နံနက်ခင်းအလင်းဦးမှာ
သားလေးကို မေမေရင်ခွင်အရောက်
ပို့ဆောင်ပေးပါလား ကံကြမ္မာရယ်……..

ဒေါ်လေးသွယ်( နေဘုန်းလတ်၏အဒေါ် )

.........................................................................................................

ကဗျာဆရာတစ်ယောက်အကြောင်း

တခါတုန်းက …
တိုင်းပြည်ကို အရမ်းချစ်တဲ့
လူငယ်တွေကို တိုးတက်စေချင်တဲ့
မိသားစုကို အချစ်ကြီးတဲ့
မိတ်ဆွေတွေကို ခုံမင်တဲ့
ပရိသတ်ကို လေးစားတဲ့
ကဗျာဆရာတစ်ယောက်
ရှိခဲ့တယ်။

သူ့ရဲ့နှလုံးသားကို ရင်း၍
အနုပညာပန်းတွေကို
ပွင့်လန်းစေခဲ့တယ်။

တနေ့မှာတော့..
ရင်ဘတ်ထဲက လွတ်ကျလိုက်တဲ့
အနုပညာတွေ ပေါင်းစုပြီး
မြို့တော်ကြီးတစ်ခုကို..
သူ..တည်ထောင်ခဲ့တယ်။
အဲဒီ့မြို့တော်နာမည်က…
`ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်´တဲ့..။

အရှိန်နဲ့ တိုက်ပွဲဝင်နေတဲ့
ဧရာဝတီထဲသို့..
ကဗျာဆရာတစ်ယောက်.
မြစ်ငယ်၊ချောင်းငယ်အသွင်နဲ့
ဝင်ရောက်စီးမျောခဲ့တယ်..။

ဒီလိုနဲ့ပဲ..
ဇန်န၀ါရီရဲ့ နေ့လည်တစ်ခုမှာတော့..
ငရဲသားတွေက ကဗျာဆရာကို
အမှောင်တစ်နေရာဆီသို့
ခေါ်ဆောင်သွားခဲ့တယ်..။

ဒီနေ့ဆိုရင်..
သူတို့ ခေါ်ဆောင် သွားတာ
တစ်လတောင် ပြည့်ရောပေါ့..။
သူ့မြို့တော်ကြီးလည်း စောင့်ရှောက်သူမဲ့ခဲ့တာ
တစ်လပြည့်ပြီပေါ့..။
သူလည်း အမှောင်ထဲမှာ ရှင်သန်နေရတာ
တစ်လပြည့်ရောပေါ့..။

မျှော်နေပါတယ်..။
သူ့ရဲ့မြို့တော်ကြီးရော..
သူ.. ချစ်တဲ့မိသားစုကရော..
သူ..တွယ်တာရတဲ့သူငယ်ချင်းတွေကရော..
သူ့ကို လေးစားတဲ့ ပရိသတ်တွေကရော..
သူ… ပြန်လာမယ့်တနေ့နေ့ကို..
မျှော်လင့်နေပါတယ်..။

ယုံလည်းယုံကြည်နေတယ်..
`အမှန်တရားက နိုင်ကိုနိုင်ရမယ်´
`ကိုကျော်လည်း လွတ်မြောက်လာရမယ်´ လို့လေ။

မေပျို

1 comment:

Bo Mite Tee said...

ကိုကျော်ကျမ္မာပါစေ။
အမြန်လွတ်မြောက်ပြီး
ကိုကျော်ရဲ့အိမ်အပြန်လမ်းကို စောင့်မျှော်နေပါတယ်။
လောကဓံကို ကြံ့ကြံ့ခံပြီး ဖြစ်လေရာဘ၀မှ
လူသားချင်း စာနာတတ်သောသူများနဲ့
ဆုံ့တွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။